မြိုင်မြို့နယ် လင်းကတောစခန်းကို ရေစကြို ပ.က.ဖ နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ် လင်းကတောစခန်းကို ရေစကြိုမြို့နယ် (ပ.က.ဖ) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြပြီး လက်နက်ခဲယမ်းလိုအပ်ချက်ကြောင့် စခန်းကိုမသိမ်းနိုင်ဘဲ ပြန်ဆုတ်ခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်က မနေ့က သတင်း ထုတ်ပြန်ခဲ့ ပါတယ်။
အောက်တိုဘာလ ၂၁ ရက် နေ့လည်ပိုင်းက စတင်ခဲ့တဲ့တိုက်ပွဲမှာ ကြာချိန်ခြောက်နာရီကျော်ရှိခဲ့ပြီး စခန်းရဲ့ ဘန်ကာ လေးခုထဲက နှစ်ခုကို သိမ်းပိုက်နိုင်ခဲ့ကာ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့
ရဲ ၇ ယောက်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ကျွန်တော်တို့မှာ ရှိတဲ့ လက်နက်အင်အားနဲ့ ကျည်ဆန်အင်အားနဲ့သွားပြီးတော့ သိမ်းရတဲ့အခါကျတော့ ကြာချိန်ခြောက်နာရီလောက်မှာ သေနတ်တလက်ကို ကျည်နှစ်ရာလောက်ကုန်သွားတယ်ဗျ၊ ပြန်ပြီးဖြည့်ဖို့ကျတော့ ကျည်မရှိတော့ဘူးဗျ၊ ကျည်မရှိတော့ကျတော့ စခန်းရခါနီးကျမှ ပြန်ဆုတ်ခဲ့ရတာပေါ့၊ ကျည်မရှိတော့လို့ဗျ” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ် သတင်းပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။
တိုက်ခိုက်နေချိန်အတွင်း မုံရွာ န.မ.ခ ကနေ Mi 35 လေယာဉ်နဲ့ အကြိမ်ကြိမ်လာရောက်ပြီး တခါလာရင် စက်သေနတ်နဲ့နာရီဝက်လောက်အဆက်မပြတ် ပစ်ကူပေးခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဘက်က အနည်းငယ်ထိခိုက်ဒဏ်ရာရတာလောက်သာ ရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ လင်းကတောရဲစခန်းမှာ စစ်ကောင်စီလက်အောက်ခံ အင်အားတွေ ထပ်မံဖြည့်တင်းထားပြီး အနီးတဝိုက်က ကျေးရွာပြည်သူနေအိမ်တွေကိုလည်း မီးလိုက်ရှို့နေတာကြောင့် ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး ရွာထဲမှာ ပိတ်မိနေတဲ့ပြည်သူတွေလည်းရှိသေးတယ်လို့ သူကဆက်ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လင်းကတောရဲစခန်းကို တကြိမ်တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးပြီး ပထမအကြိမ်မှာတော့ စခန်းတခုလုံးကို သိမ်းပိုက်ရရှိခဲ့ပေမယ့် အခုဒုတိယအကြိမ်မှာတော့ လက်နက်ခဲယမ်းမလုံလောက်လို့ ပြန်ဆုတ်ခဲ့ရတာလို့ ထည့်သွင်းပြောခဲ့ပါတယ်။