စစ်ကောင်စီက ထားဝယ်နဲ့လောင်းလုံးမှာ ဒေသခံ တဆယ့်သုံးဦးကို ဖမ်းဆီး

Photo -CJ
တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ ထားဝယ်မြို့နဲ့လောင်းလုံးမြို့တို့မှာ စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ မြို့ပေါ်ရပ်ကွက်တွေကိုဝင်ပြီး ဒေသခံတွေကို ဖမ်းဆီးခဲ့ရာမှာ နှစ်ရက်အတွင်း ပြည်သူ ၁၃ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ လောင်းလုံးဒေသခံတွေက DNA ကို ပြောပါတယ်။
“၂၁ရက်နေ့ ကရယ်၊၂၂ရက်နေ့ရယ် နှစ်ရက်ဝင်ပြီးဖမ်းတာပေါ့။လောင်းလုံးက ၈ဦးနဲ့ထားဝယ်က ၁ ဦး အဖမ်းခံလိုက်ရတယ်။အဲ့လိုပဲဝင်ဖမ်းနေတာ” လို့ ဆိုပါတယ်။
ထားဝယ်မြို့မှာ ဖမ်းဆီးခံရသူတွေဟာ ငါးဒိုင်ပိုင်ရှင် ဦးနိုင် ဆိုသူဖြစ်ပြီး အောက်တိုဘာ ၂၂ရက် မနက်ပိုင်းက ဝင်ရောက်ဖမ်းဆီးသွားတာလို့ သိရပါတယ်။
လောင်းလုံးမြို့မှာတော့ ကိုမင်းသူ၊ ဦးမျိုးသိန်း၊ ဦးတင်သောင်း၊ ကိုဖိုးသောကြာ၊ ဦးစိမ်း၊ မစန်းမူ၊ ဒေါ်အေးမူ၊ မမာအေး၊ မငြိမ်းငြိမ်းနဲ့ အောက်ရေဖြူရွာက ဦးညဏ်ဝင်း၊ ဒေါ်မြင့်ဌေး၊ဂေါ့အင်းရွာက ဦးအောင်ကျော်ငြိမ်းတို့ကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
“ဘာကြောင့်ဖမ်းပါတယ်ဆိုတာမျိုး အခုထက်ထိ မိသားစုကိုပြောတာမရှိသေးလို့ မိသားစုတွေလည်း စိုးရိမ်နေကြရတယ်” လို့ ဖမ်းဆီးခံမိသားစုဝင်တွေရဲ့ အနီးနားဝန်းကျင်မှာ နေထိုင်သူတဦးက ဆိုပါတယ်။
လောင်းလုံးမြို့နယ်က ဖမ်းဆီးခံရတဲ့ပြည်သူတွေကိုတော့ လောင်းလုံးမြို့မရဲစခန်းမှာဖမ်းဆီးထားပြီး ငါးဒိုင်ပိုင်ရှင် ဦးနိုင်ဆိုသူကိုတော့ စစ်ကြောရေးကို ပို့ဆောင်စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။