ပဟေဠိတွေ ချန်ထားခဲ့တဲ့ ထောင်ဝင်းထဲက ပေါက်ကွဲမှု

ရန်ကုန်မြို့၊ အင်းစိန်ထောင်ထဲမှာ ပေါက်ကွဲမှုနှစ်ခုနဲ့ နောက်ဆက်တွဲ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့အပေါ် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ မြန်မာ စစ်ကောင်စီရော၊ ဒီမိုကရေစီ အင်အားစုတွေ စုစည်းထားတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ကပါ အသီးသီး ကြေညာခဲ့ပါတယ်။ လူ ၈ ဦးသေပြီး ၁၈ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြတဲ့ ဖြစ်စဉ်မှာ ထိခိုက်သူ အများစုက အရပ်သား ပြည်သူတွေပါ။

 ဗုဒ္ဓဟူးနေ့က ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ မြန်မာနိုင်ငံက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ထောင်ကြီးမှာတော့ မကြုံစဖူး အခြေအနေ တစ်ခုပါပဲ။ အင်းစိန်ထောင်မှာ ရာနဲ့ချီ များပြားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချုပ်နှောင်ထားပါတယ်။ ပေါက်ကွဲမှုတွေဟာ အကျဉ်းကျနေသူတွေရဲ့ မိသားစုတွေက ထောင်ဝင်စာ သွားတွေ့တဲ့ နေရာ၊ ရှေ့နေတွေနဲ့ သက်သေတွေက တရားရုံး ကြားနာစစ်ဆေးမှုနဲ့ ဆက်စပ်တဲ့ ကိစ္စတွေအတွက် ထောင်ထဲကို ဝင်ရောက်တဲ့ နေရာမျိုးမှာ ပေါ်ပေါက်ခဲ့ပါတယ်။

ပေါက်ကွဲမှုတွေ အပြီး ချက်ချင်းဆိုသလိုပဲ အကျဉ်းထောင်ရဲ့ လုံခြုံရေး မျှော်စင် တစ်ခုကနေ သေနတ်နဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့တယ်လို့ မျက်မြင် တစ်ယောက်က ပြောပါတယ်။ အဲဒီ ပစ်ခတ်မှုကြောင့်ပဲ ထိခိုက်သေကြေမှုတွေက ပေါက်ကွဲတာထက် ပိုများခဲ့တာလို့ အဲဒီ မျက်မြင်က ဆိုပါတယ်။

စစ်ကောင်စီနဲ့ NUGတို့ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိတွေကတော့ ဒီလို အနိဋ္ဌာရုံ ဖြစ်စဉ်ကြီး ဘယ်လိုဘယ်ပုံ ဖြစ်ပွားခဲ့သလဲ ဆိုတာကို ကွဲပြားတဲ့ ရှုထောင့်တွေကနေ အသီးသီး ပြောဆိုခဲ့ကြပါတယ်။ NUGရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဦးကျော်ဇောက ပြည်သူတချို့ဟာ သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးခဲ့ကြောင်း လက်ခံတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ မှုခင်း ဆေးစစ်ချက်တွေအရ သေဆုံးသူ အားလုံးဟာ ဗုံးအစအနတွေ ထိမှန်လို့ အသက်ဆုံးရှုံးခဲ့ရတာလို့ အခိုင်အမာ ပြောပါတယ်။

ထိခိုက်သေဆုံးသူ အများစုဟာ ထောင်ဝင်စာ လာပို့ကြတဲ့ အရပ်သား ပြည်သူတွေ ဖြစ်ပါတယ်။ သေဆုံးစာရင်းမှာ ထောင်စောင့်ဝန်ထမ်း ၃ ဦး၊ အကျဉ်းကျနေသူ တစ်ဦးရဲ့ ၁၀ နှစ်အရွယ် သမီးလေးနဲ့ ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင် တစ်ဦးရဲ့ မိခင်တို့လည်း ပါဝင်ခဲ့ပါတယ်။

ကိုယ့်ကိုယ်ကိုယ် Special Task Agency of Burma (STA)လို့ နာမည်တပ်ထားပြီး လူသိနည်းတဲ့ အဖွဲ့အစည်း တစ်ခုက အင်းစိန်ထောင် ဗုံးခွဲမှုဟာ သူတို့လက်ချက် ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ အဲဒီ အဖွဲ့က သူတို့ဟာ စစ်အာဏာရှင်ကို အမြစ်ကနေ နုတ်ပယ် ချေမှုန်းပစ်မယ့် မြို့ပြ တိုက်ခိုက်ရေးသမားတွေလို့ ညွှန်းဆိုထားပြီး ဘယ်နိုင်ငံရေး အဖွဲ့အစည်းနဲ့မှ ဆက်နွှယ်မှု မရှိဘူးလို့ ပြောပြန်တယ်။

STAက ဩဂုတ်လထဲမှာ ရန်ကုန်က ရုံးတစ်ရုံးကို ဝင်ရောက်ပြီး လူဝင်မှု ကြီးကြပ်ရေး အရာရှိ နှစ်ယောက်ကို ရှင်းလင်းခဲ့တာဟာလည်း သူတို့ရဲ့ လက်ချက်လို့ ပြောထားသေးတယ်။

အာဏာပိုင်တွေက ဗုံးတစ်လုံးဟာ ထောင်ဝင်စာ တွေ့ဆုံတဲ့ ရုံးခန်း ဧရိယာမှာ ပေါက်ကွဲပြီး နောက်တစ်လုံးကတော့ အဆောက်အအုံ အပြင်ဖက်မှာ ပေါက်ကွဲသွားတာလို့ ပြောပါတယ်။ အင်မတန် လုံခြုံရေး တင်းကျပ်တဲ့ ထောင်ထဲထိ အဲဒီဗုံးတွေကို ဘယ်လို ခိုးသွင်းလာသလဲ ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ထောင်ဝင်စာတွေ့တဲ့ နေရာထိ ရောက်လာဖို့ဆိုရင် ဗုံးပါတဲ့ အထုပ်ဟာ လုံခြုံရေး Scanဖတ် စစ်ဆေးတဲ့ အဆင့်ကို ကျော်ဖြတ်လာရမှာ ဖြစ်ပါတယ်။ ဒီအထုပ်တွေ သွင်းလာတဲ့ သူကလည်း ကိုယ်ရေး အချက်အလက်တွေကို မှတ်တမ်း ရေးဖြည့်ရဦးမှာပါ။

လွန်ခဲ့တဲ့ ၂၁ လမှာ စစ်ဗိုလ်ချုပ်တွေက အာဏာသိမ်းယူလိုက်တဲ့နောက်ပိုင်း မြန်မာနိုင်ငံမှာ လုပ်ကြံမှုတွေ၊ ပြောက်ကျားစစ် ဆင်နွှဲမှုတွေ၊ လက်နက်ကိုင် တိုက်ပွဲတွေ ဆိုတာက ပုံမှန် အခြေအနေမျိုးတောင် ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ လတုန်းက အငြိမ်းစား ဗိုလ်ချုပ်နဲ့ မြန်မာစစ်ကောင်စီကို ထောက်ခံတဲ့ သံအရာရှိဟောင်း တစ်ဦးဖြစ်သူ အသက် ၇၂ နှစ်အရွယ် ဦးအုန်းသွင်ဟာ ဒေသခံ ခုခံရေး အင်အားစုတွေက နေအိမ်ရှေ့မှာ လာရောက် သုတ်သင် ရှင်းလင်းတာကို ခံခဲ့ရပါတယ်။

စစ်သားတွေနဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကလည်း ပြည်သူ ၂၃၀၀ ကျော်ကို သတ်ဖြတ်ပစ်ပြီး လူပေါင်း ၁၆၀၀၀ နီးပါးလောက်ကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီထဲမှာ ၁၂၇၀၀ ကျော်ဟာ နိုင်ငံရဲ့ ရှုပ်ထွေး ကျယ်ပြန့်တဲ့ အကျဉ်းထောင် ကွန်ရက်တွေမှာ ဖြန့်ကျက်ပြီး ချုပ်နှောင် ခံထားရဆဲပါ။ တော်တော်များများက စစ်ကောင်စီကို ဖီဆန်တဲ့အတွက် နှစ်ရှည်ထောင်ဒဏ်တွေ စီရင် ချမှတ် ခံထားရပါတယ်။ အဲဒီထဲမှာ အာဏာသိမ်းပြီး ဖယ်ရှားခံလိုက်ရတဲ့ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ပါတယ်။ စစ်ကောင်စီ အလိုတော်ရိ တရားရုံးတွေက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၂၆ နှစ် ချမှတ်ထားပြီး ဖြစ်သလို နောက်ထပ် စွဲချက်တွေလည်း ကျန်နေပါသေးတယ်။

စစ်ကောင်စီရဲ့ လိုက်လံ ဖမ်းဆီးမှုတွေကနေ ရှောင်တိမ်း ထွက်ပြေးနိုင်ခဲ့တဲ့ ရွေးကောက်ခံ ပုဂ္ဂိုလ်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ NUGဟာ အင်အား ၆ သောင်းကျော်လောက်ထိ များပြားတဲ့ ပြည်သူ့ ကာကွယ်ရေးတပ် (PDF)တွေကို ဦးဆောင် စုစည်းခဲ့ပြီး အာဏာသိမ်း စစ်တပ်ကို ခုခံစစ် ဆင်နွှဲခဲ့ပါတယ်။ အလားတူ အရေအတွက်လောက် ရှိမယ်လို့ ယုံကြည်ရတဲ့ ဒေသအလိုက် ကာကွယ်ရေး တပ်တွေကလည်း နိုင်ငံအနှံ့မှာ စစ်ကောင်စီကို အလျဉ်းသင့်သလို တိုက်ခိုက်နေကြပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ NUGက အင်းစိန်ထောင် ဗုံးခွဲမှုနဲ့ ဆက်နွှယ် ပတ်သက်မှု မရှိကြောင်း ပြောကြားခဲ့ပြီး အဲဒီ တိုက်ခိုက်မှုဟာ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ ပြည်သူတွေကို ပစ်မှတ် မထားရဘူးဆိုတဲ့ ကျင့်ဝတ်စည်းမျဉ်းတွေကိုလည်း ချိုးဖောက်ရာ ကျနေကြောင်း ဖော်ပြထားပါတယ်။

ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့တဲ့ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိခင်နဲ့ တခြား မိသားစုဝင်တွေ၊ တခြား အပြစ်မဲ့ ပြည်သူတွေ ပါဝင်ခဲ့ပြီး ဒီဖြစ်စဉ်အပေါ် NUG အနေနဲ့ အလေးအနက် ကြေကွဲ ဝမ်းနည်းမိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

NUG ပြောရေးဆိုခွင့်ရ အရာရှိ ဦးကျော်ဇောကတော့ အင်းစိန်ထောင်မှာ ဗုံးခွဲတာဟာ NUG လက်အောက်ခံ တပ်ဖွဲ့တွေ လုပ်ဆောင်တာ မဟုတ်ဘူးလို့ ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

တော်လှန်ရေး အင်အားစုတွေက ဒါမျိုး မလုပ်ကြောင်း၊ ပြည်သူတွေ ထိခိုက် အန္တရာယ်ဖြစ်အောင် လုံးဝ မလုပ်ကြဖို့ အင်အားစုတွေကို ညွှန်ကြားထားကြောင်း သူက ပြောပါတယ်။

စစ်အစိုးရ ထိန်းချုပ်ထားတဲ့ မီဒီယာတွေကတော့ ရန်ကုန်မြို့၊ ဆင်ခြေဖုံးမှာ တည်ရှိတဲ့ ထောင်ကြီးထဲကို အဲဒီဗုံးတွေက အစားအသောက် ထည့်ထားတဲ့ အထုပ်အပိုး ပုံစံမျိုးနဲ့ ရောနှော ပါလာတာလို့ ဖော်ပြနေကြပါတယ်။ 

မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ ကျွေးမွေးတဲ့ အစားအစာတွေက ညံ့ဖျင်းတာကြောင့် ထောင်ဝင်စာ သွားတွေ့တဲ့အခါ မိသားစုဝင်တွေက အကျဉ်းကျနေသူတွေဆီ အစားအသောက်တွေ ထုပ်ပိုး ယူဆောင်သွားပေးဖို့က အရေးကြီးပါတယ်။ နောက်ပြီးတော့ ၂၀၂၀ ပြည့်နှစ်ကစလို့ ကိုဗစ်ရောဂါ ကူးစက်မှုတွေကို အကြောင်းပြုပြီး လူချင်း အနီးကပ် တွေ့ဆုံမှုတွေကို တားမြစ်ထားခဲ့ပါတယ်။ စစ်ကောင်စီ လက်ထက်မှာလည်း ရှားရှားပါးပါး အခြေအနေ တချို့ကလွဲရင် အဲဒီ သတ်မှတ်ချက်ကို ပြန်မပြင်ဘဲ ဆက်ပြီး ကျင့်သုံးနေဆဲ ဖြစ်ပါတယ်။ 

(New York Times သတင်းစာတွင် ဖော်ပြထားသည့် Mystery Surrounds Deadly Attack at a Notorious Myanmar Prison ဆောင်းပါးကို  DNA က ဘာသာပြန်ဆိုသည်)