ဇီးဖြူသောင်ရဲစခန်းကို တိုက်ခိုက်ပြီးအပြန်မှာ တိုက်ပွဲထပ်ဖြစ်ပြီး MSRO တပ်ဖွဲ့ တာဝန်ခံ ကျဆုံး

PHOTO- MSRO
မွန်ပြည်နယ်၊ ရေးမြို့၊ ဇီးဖြူသောင်ကျေးရွာနယ်မြေရဲစခန်းကို သွားရောက်တိုက်ခိုက်ပြီး အပြန်မှာ လမ်းကြောင်းပိတ်ဆို့နေရာယူထားတဲ့ စစ်ကောင်စီတပ်နဲ့တိုက်ပွဲထပ်ဖြစ်ခဲ့ပြီး MSRO တပ်ဖွဲ့က တာဝန်ခံ ကိုသီဟနေစိုး ကျဆုံးခဲ့ရတယ်လို့ မွန်ပြည်နယ်အခြေ ပြုတော်လှန်ရေးအဖွဲ့အစည်း (MSRO) က DNA ကိုပြောပါတယ်။
MSRO အဖွဲ့ဟာ အောက်တိုဘာ ၁၇ ရက်မှာ အင် အားတပ်စိတ်တစ်စိတ်နဲ့ ၄၀ မမလက်နက်ကြီး ပစ်ကူတွေသုံးပြီး ဇီးဖြူသောင်ရဲစခန်းကို သွားရောက် တိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
“ရှေ့ဆက်မတက်တာက အဓိက ခြံစည်းရိုးဖျက်မရဖြစ်နေလို့ရယ်၊ ကျွန်တော်တို့မှာရှိတဲ့ ကျည်နဲ့ လက်ထဲမှာချန်ရမယ့်ဟာကိုချိန်ရတာလည်းပါသေးတယ်၊ ရှိသမျှဟာကို အကုန်ပစ်ပြီးဝင်သွားရင် ကျွန်တော်တို့ ပြန်ထွက်ရမယ့်လမ်းကြောင်းကိုချန်ရသေးတာလည်း ပါတယ်” လို့ MSRO ဒုတိယတာဝန်ခံ ကိုမာဂက ပြောပါတယ်။
ရဲစခန်းကို တိုက်ပြီးပြန်လာချိန်မှာ MSRO အဖွဲ့က အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပေမယ့် ဒူးယားကျေး ရွာအုပ်စု၊ ပလိုင်ကီးကျေးရွာနားမှာ လမ်းကြောင်းပိတ်ဆို့ထားတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဆက်ဖြစ်ခဲ့ရာက MSRO တပ်ဖွဲ့ တာဝန်ခံ ကိုသီဟနေစိုး ကျဆုံးခဲ့ရပြီး ရေးမြို့အခြေစိုက် တော်လှန်ရေးအင် အားစုအားလုံးနီးပါးက အသက်စွန့်ပြီးဝိုင်းတိုက် ခိုက်ပေးလို့ ကျန်တဲ့ MSRO ရဲဘော်တွေက ပွန်းပဲ့ဒဏ်ရာတွေနဲ့ ပြန်ဖောက်ထွက်လာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“မနေ့ကပြန်တဲ့အချိန်မှာ ကျွန်တော်တို့ညီအစ်ကိုတွေ ဆိုင်ကယ်လုံးဝအဆင်မပြေလို့ လိုက်ပြီးတော့ အကူ အညီတောင်းတယ်၊ ငှားတယ်၊ မငှားနိုင်ရင်တောင်မှ ကျွန်တော်တို့ကို‌ရောင်းဖို့ ပိုက်ဆံပေးပါ့မယ်၊ ဝယ်ပါ့မယ်ဆိုတာတောင်မှ ကျွန်တော်တို့ကို အဖက်မလုပ်တဲ့လူမျိုး ကျွန်တော်တို့ ဆယ်ယောက်အထက်ကိုကြုံခဲ့ရတယ်၊ အဲ့ဒါကြောင့်မို့လို့ ကျွန်တော့်ညီလေးတွေ ဆိုင်ကယ် မလောက်မငှနဲ့ မဆန့်မပြဲနဲ့မောင်းလာပြီးတော့ အဲ့လိုဖြစ်ပြီး ကျသွားတာ” လို့ ကိုမာဂ က ဆက်ပြောပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်မှူးနဲ့ နောက်တစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မွန်ပြည်သူ့စစ်အဖွဲ့က ထုတ်ပြန်ထားပေမယ့် MSRO ဘက်ကတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
လက်ရှိအချိန်မှာရေးမြို့အတွင်းနဲ့ အနီးတဝိုက်မှာ စစ်ကောင်စီတပ်သားတွေက တော်လှန်ရေးလုပ်နေတဲ့ လူငယ်တွေပုံစံအရပ်ဝတ်တွေနဲ့ လမ်းတွေပေါ်မှာ သွားလာလှုပ်ရှားနေတာတွေ ရှိနေတာကြောင့် တော် လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ သတိထားကြဖို့ ကိုမာဂ က သတိပေးပြောဆိုပါတယ်။