စစ်တပ်က ဂန့်ဂေါ ကန်ရွာထဲကလုယက်ထားတဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ဘုန်းကြီး ကျောင်းကိုလှူ

ဂန့်ဂေါမြို့နယ်၊ ကန်ရွာရဲစခန်းကို အောက်တိုဘာ (၁၇) ရက်ညနေပိုင်းမှာ ရောက်ရှိလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ရွာထဲကလုယက်ထားတဲ့ ပြည်သူပိုင်ပစ္စည်းတွေကိုဒီကနေ့မှာ ကန်ရွာ အရှေ့ကျောင်း၊ အနောက်ကျောင်း ဘုန်းကြီးကျောင်း နှစ်ကျောင်းကို လာလှူကြတယ်လို့ ကန်ရွာခံတစ်ဦးက DNA ကိုပြောပါတယ်။
” မနေ့ကလည်း ပစ္စည်းတွေယူ ရိုက်ခွဲ၊ သယ်(ဒီ)နေ့ကပိုဆိုးတယ်၊ လူနေတဲ့အိမ်နှစ်အိမ်ကို နှင်ချပြီး ပစ္စည်းတွေတိုက်တာ၊ ပြီးရင်ဘုန်းကြီးကျောင်းတွေသွားလှူတာ” လို့ ရွာခံတစ်ဦးကပြောပါတယ်။
စစ်ကြောင်းဝင်လာတဲ့ အောက်တိုဘာ(၁၇) ရက်ကတည်းက ကန်ရွာတောင်ပိုင်းက ပြည်သူတွေဟာ ဘေးလွတ် ရာကိုရှောင်ကြရပြီး ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေထိုင်နေသူတွေလည်း အများအပြားရှိနေတယ်လို့သိရပါ တယ်။
“ကိုယ်ကမှ အမျိုးအိမ်တွေမှာကျပ်လို့ ဘုန်းကြီးကျောင်းလာနေတာ၊သင့်(ဒင်း)တို့က ဘုန်းကြီးကျောင်း လာလှူ တာဆိုတော့ အနီးကအိမ်တွေသွားရှောင်ရတော့တာပ၊ဘုန်းကြီးတွေလည်းဘာပြောရမှန်းမသိတော့ဘူး” လို့ စစ် ဘေးရှောင်တစ်ဦးကပြောပါတယ်။
ကန်ရွာကိုရောက်နေတဲ့စစ်ကြောင်းဟာ ဂန့်ဂေါနဲ့ ကန်ရွာကြားမှာ တိုက်ခိုက်ခံခဲ့ရပြီး အထိနာခဲ့တဲ့ စစ်ကြောင်း ဖြစ်ပါတယ်။အဲ့ဒီစစ်ကြောင်းဟာ ကန်ရွာကနေပြန်ထွက်ခွာဖို့ ဒေသခံတပ်တွေကို ထိတ်လန့်နေတယ်လို့ ရွာခံ တွေက ဆိုပါတယ်။
“သူတို့ကိုက ဝိုင်းထားတဲ့အနေအထားဖြစ်နေတယ်၊ဖွင့်ပေးမှ၊ဒါမှမဟုတ် အကူကောင်းကောင်းလာမှ ထွက်ရဲ မယ်ထင်တယ်” လို့ ဒေသခံတော်လှန်ရေး အင်အားစုဝင်တဦးကပြောပါတယ်။