အင်းစိန်ထောင်ထဲ ဗုံးပေါက်အပြီး မန္တလေးအိုးဘိုထောင်မှာထောင်ဝင်စာပေးခွင့်ပိတ်

Photo- CJ
ရန်ကုန်၊အင်းစိန်ထောင်တွင်းမှာ ဒီကနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲအပြီး တနေ့တည်းမှာပဲမန္တလေး အိုးဘို ထောင်အာဏာပိုင်တွေက ထောင်ဝင်စာပေး ပို့ခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
“ဒီနေ့ နေ့လည်မှာ ပြန်လွှတ်တာ၊ ပစ္စည်းလာပို့တဲ့ သူတွေအားလုံးကို ပို့လို့မရတော့ဘူး၊ အားလုံးပြန်ကြ၊ နောက်ရက်လည်းမလာခဲ့နဲ့ ဆိုပြီး ထောင်ဝန် ထမ်းတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆဲဆိုကြိမ်းမောင်းပြီး ပြန်လွတ်နေတာ”လို့ အိုးဘို ထောင်မှာထောင်ဝင်စာသွားပို့ခဲ့သူ တစ်ဦးက DNA ကိုပြောပါတယ်။
ရန်ကုန်အင်းစိန်ထောင် ထောင်ဝင်စာလက်ခံဌာနမှာ ဒီကနေ့မနက်ပိုင်းကပေါက်ကွဲမှူ နှစ်ကြိမ်ဖြစ်ပြီး ထောင်ဝန်ထမ်းသုံးဦးနဲ့ ထောင်ဝင်စာလာပို့တဲ့အရပ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။
အဲ့ဒီပေါက်ကွဲမှုအတွင်းအင်းစိန်ထောင်ထဲ ဖမ်းဆီးခံထားရတဲ့ ဗကသ ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုဂျိမ်းရဲ့ မိခင်ဖြစ်သူ ဒေါ်ကြည်လည်း သေ ဆုံးခဲ့တယ်လို့ ရန်ကုန်တော်လှန်ရေးအင်အားစုတွေဆီကသိရပါတယ်။
အင်းစိန်ထောင်တွင်း ပေါက်ကွဲမှုကို Special Force Agency Of Burma(STA) ကသူတို့လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ တာဝန်ခံထုတ်ပြန်ထားပါတယ်။
ပေါက်ကွဲမှုအတွင်း ပြည်သူတချို့ ထိခိုက်သေဆုံးတာဟာ စစ်ကောင်စီဘက်က ရမ်းသမ်းပစ် ခတ်တာကြောင့်ဖြစ်တယ်လို့ အဲ့ဒီအဖွဲ့ကဆိုပေမယ့် DNA အနေနဲ့ ​ဖြစ်စဉ်အသေးစိတ်ကို အတည်မပြုနို င်သေးပါဘူး။
အဲ့ဒီပေါက်ကွဲမှုကြောင့် တနိုင်ငံလုံးက အကျဥ်းထောင်တွေမှာ ထောင်ဝင်စာပို့ခွင့် ပိတ်ပင်လိုက် တယ်လို့လည်း သတင်းထွက်ပေါ်နေပြီး DNA ကဆက်လက်စုံစမ်းနေပါတယ်။
“အခုလိုဖြစ်တော့ ဒုက္ခပိုရောက်သွားတယ်၊ သူ( ဖမ်းဆီးခံထားရသူ)က စစ်ကြောရေးကနေ ထောင် ရောက်တာမကြာသေးဘူး၊ ဆေးအဓိကထားပို့ ပေးနေရတာ ကျန်းမာရေးမကောင်းတော့ ဘယ်လို ဆက်လုပ်ပေးရမလည်းမသိတော့ဘူး”လို့အိုးဘိုထောင်မှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးထောင်ချခံ ထား ရတဲ့နိုင်ငံရေးအကျဉ်းသားတဦးရဲ့ဇနီးဖြစ်သူက ပြောပါတယ်။