အာဏာရပါတီနဲ့ ဆက်နွှယ်နေတဲ့ ဘာသာရေးဂိုဏ်း အရှုပ်အထွေးကို စုံစမ်းဖို့ ဂျပန်ဝန်ကြီးချုပ် အမိန့်ပေး

အာဏာရ ပါတီဝင် တချို့နဲ့ ဆက်စပ်နေပြီး အရှုပ်အထွေး၊ နာမည်ပျက်တွေ ရှိနေတဲ့ ဘာသာရေး ဂိုဏ်းတစ်ခုအကြောင်း စုံစမ်းစစ်ဆေးဖို့ ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက အမိန့်ပေးလိုက်ပါတယ်။ 

ပေါင်းစည်းမှု ကျောင်းတော်လို့ နာမည်ပေးထားတဲ့ ဘာသာရေး ဂိုဏ်းတစ်ခုနဲ့ ပတ်သက်လို့ အငြင်းပွားစရာ သတင်းတွေဟာ ဇူလိုင်လတုန်းက ဂျပန် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရတဲ့ ဖြစ်စဉ်အပြီး နိုင်ငံတကာထိ ပျံ့နှံ့လာခဲ့ပါတယ်။ 

အာဘေးကို ပစ်ခတ် လုပ်ကြံသူက သူ့မိသားစုဟာ အဲဒီ ဘာသာရေးဂိုဏ်းရဲ့ လိမ်လည် လှည့်စားမှုတွေကြောင့် စီးပွားရေး ချွတ်ခြုံကျခဲ့ကြောင်း၊ အာဘေးကလည်း အဲဒီဂိုဏ်းကို အားပေး ထောက်ခံနေတာကြောင့် အငြှိုးထား သတ်ဖြတ်ခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။ 

ပေါင်းစည်းမှု ကျောင်းတော်ကို ထောက်ခံ အားပေးနေတဲ့ ရာထူးကြီး ပုဂ္ဂိုလ်ကြီးတွေဟာ ဝန်ကြီးချုပ် ကီရှီဒါရဲ့ လစ်ဘရယ် ဒီမိုကရက် ပါတီထဲမှာလည်း ရှိနေပါတယ်။ ပါတီဝင်တွေက အဲဒီ ဘာသာရေးဂိုဏ်းနဲ့ ဆက်နွှယ်မှုကို အတိအလင်း ထုတ်မပြောတာကြောင့် ဝန်ကြီးချုပ် ကီရှီဒါဟာ အာဏာရလာပြီး တစ်နှစ် အကြာမှာပဲ လူထုထောက်ခံမှုနှုန်း အနိမ့်ဆုံး အနေအထားနဲ့ ရင်ဆိုင်လာရပါတယ်။

 အဲဒီဘာသာရေးဂိုဏ်းဟာ အာဘေးကို လုပ်ကြံသူ စွပ်စွဲခဲ့သလိုပဲ မိသားစုတွေ ဘဝပျက်တဲ့ထိ အလှူငွေတွေ လိမ်ညာ ကောက်ခံတာမျိုး ရှိခဲ့ကြောင်း နာမည်ပျက် တချို့လည်း ထွက်ပေါ်နေပါတယ်။ ဒါကြောင့် အောက်တိုဘာ ၁၇ ရက်မှာတော့ ကီရှီဒါက ပေါင်းစည်းမှု ကျောင်းတော်ကို နိုင်ငံရဲ့ ကိုးကွယ်ယုံကြည်မှု ပူးပေါင်းဆောင်ရွက်ရေး အက်ဥပဒေအရ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ယဉ်ကျေးမှု ဝန်ကြီးဌာနကို တာဝန်ပေးလိုက်ပါတယ်။ 

ပေါင်းစည်းမှု ကျောင်းတော်နဲ့ ပတ်သက်လို့ တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ဖြေရှင်းစေချင်ကြောင်း ဝန်ကြီးချုပ်က လွှတ်တော် အမတ်တွေကို ပြောပါတယ်။ ပြီးတော့ အာဏာရ ပါတီဝင်တွေက အဲဒီ ဘာသာရေးဂိုဏ်းနဲ့ မရှင်းမရှင်း ဆက်ဆံရေးတွေ ရှိနေတဲ့ အပေါ်မှာလည်း ကီရှီဒါက တောင်းပန်ခဲ့ပါတယ်။ 

ကေလာဟလတွေအရ အဲဒီ ဘာသာရေးဂိုဏ်းဟာ ဂျပန်ရဲ့ နိုင်ငံရေး အသိုက်အဝန်းထဲ စိမ့်ဝင်ပြီး ဩဇာသက်ရောက်မှုတွေပါ ရှိနေတယ်လို့ သိရပါတယ်။ နောက်ပြီး ပါတီဝင်တွေက ရွေးကောက်ပွဲ မဲဆွယ်မှုတွေမှာ ရလဒ်ကောင်းအောင် ဘာသာရေးဂိုဏ်းရဲ့ ဝါဒဖြန့်မှု အကူအညီ ယူတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။ 

အခုအခါ ပေါင်းစည်းမှု ကျောင်းတော်နဲ့ ဆက်စပ်လို့ စိတ်ပိုင်းဆိုင်ရာနဲ့ ငွေကြေးအရ နစ်မွန်းသွားသူတွေရဲ့ အကူအညီ တောင်းခံမှု ၁၇၀၀ ကျော်ကို အစိုးရက လက်ခံ ရရှိထားကြောင်းလည်း ကီရှီဒါက ပြောပါတယ်။ အဲဒီ အတွက်လည်း အစိုးရက နစ်နာသူတွေကို အစွမ်းကုန် ကူညီမယ်လို့ သူက ကတိပြုခဲ့ပါတယ်။ 

ပေါင်းစည်းမှု ကျောင်းတော်ကို ၁၉၅၄ ခုနှစ်မှာ ဆွန်မြောင်မွန်း ဆိုသူက ဘာသာမဲ့ ကွန်မြူနစ်တွေ ကြီးစိုးမှုကနေ ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စတင် ထူထောင်ခဲ့ပါတယ်။ အစောပိုင်းမှာ ခရစ်ယာန် ဂိုဏ်းခွဲတစ်ခုအဖြစ် ရပ်တည်ခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ ကျင့်စဉ်တွေ၊ တစ်ယူသန် အယူအဆတွေကို ပိုမိုဆုပ်ကိုင်တဲ့ ဘာသာရေးဂိုဏ်းတစ်ခုအသွင် ပြောင်းလဲလာကြောင်း လေ့လာသူတွေက ပြောကြားထားပါတယ်။