သုံ့ပန်းလဲလှယ်ရေး အစီအစဉ်အရ ရုရှားတပ်တွေ ဖမ်းဆီးထားတဲ့ ယူကရိန်း အမျိုးသမီး ၁၀၈ ဦး ပြန်လည် လွတ်မြောက်လာကြောင်း သိရပါတယ်။ တစ်ဖက်မှာတော့ ယူကရိန်းက ရုရှား သင်္ဘောသားတွေ အပါအဝင် ၁၁၀ ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
ရုရှားလက်ထဲက လွတ်မြောက်လာတဲ့ ယူကရိန်း အမျိုးသမီးတွေထဲမှာ မာရီပိုလ်မြို့ကို ရုရှားတပ်တွေ သိမ်းပိုက်တဲ့အချိန် အညံ့ခံခဲ့ရတဲ့ အဇော့ဗ်စတဲလ် သံမဏိ စက်ရုံက ဝန်ထမ်းတွေလို့ ဆိုပါတယ်။ တစ်ဖက်မှာ ယူကရိန်း ပြန်လွှတ်ပေးလိုက်သူ အများစုကတော့ ရုရှား ကူးသန်းရောင်းဝယ်ရေး သင်္ဘောတွေက သင်္ဘောသားတွေဖြစ်ပြီး ခွဲထွက်ရေး ပြောက်ကျား အဖွဲ့ဝင် တချို့လည်း ပါဝင်ပါတယ်။
သုံ့ပန်းချင်း လဲလှယ်တဲ့ ကိစ္စကို ယူကရိန်း အာဏာပိုင်တွေက အတည်ပြုခဲ့တဲ့နောက် လွတ်မြောက်လာသူ အမျိုးသမီးတွေ စုဝေးပြီး ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို ထုတ်ပြန်ခဲ့ပါတယ်။ ဓာတ်ပုံ ရိုက်ထားတဲ့ နေရာကို မသိရပေမယ့် ယူကရိန်း တောင်ပိုင်းက ဇာပေါ့ရစ်ဇီရာ ဒေသမှာလို့ ယုံကြည်ရပါတယ်။
ယူကရိန်း သမ္မတရုံးက သုံ့ပန်းလဲလှယ်မှု အစီအစဉ်မှာ အမျိုးသမီးတွေချည်းပဲ သီးသန့် ပြန်လည် လွတ်မြောက်လာကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ရုရှားတွေ ဖမ်းဆီးခဲ့သူတွေထဲမှာ သားအမိတွေပါ ပါဝင်ခဲ့ကြောင်း၊ ဒါပေမဲ့ အမျိုးသမီး ၁၀၈ ဦးထဲမှာ ၁၂ ဦးကသာ စစ်မှုထမ်းတွေဖြစ်ကြောင်း ယူကရိန်း သမ္မတရုံး တာဝန်ရှိသူတွေက ပြောပါတယ်။
ရုရှားက ကျောထောက်နောက်ခံ ပေးထားတဲ့ ဒွန်းဘက်စ်ဒေသ အုပ်ချုပ်ရေး အရာရှိ တစ်ဦးဖြစ်တဲ့ ဒင်းနစ် ပူရှီလင်ကလည်း သုံ့ပန်း လဲလှယ်မှုကို အတည်ပြုခဲ့ပါတယ်။ ပူရှီလင်ရဲ့ အဆိုအရ ယူကရိန်းတပ်တွေ ပြန်လွှတ်ပေးခဲ့တာဟာ သင်္ဘောသား အယောက် ၈၀ နဲ့ လက်နက်ကိုင် အယောက် ၃၀ တို့ ဖြစ်တယ်လို့ သိရပါတယ်။