ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ဘန်ဇီးမား ဆွတ်ခူး 

အခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or)ကို ပရိသတ် အများစု ခန့်မှန်းထားတဲ့အတိုင်း ကာရင် ဘန်ဇီးမားက ဆွတ်ခူး ရရှိသွားခဲ့ပါတယ်။ 

ရီးရဲလ် မက်ဒရစ် အသင်းရဲ့ ပြင်သစ် တိုက်စစ်မှူးဟာ ၂၀၂၁-၂၂ ဘောလုံးရာသီမှာ သူ့ရဲ့ ကစားသမားဘဝ အကောင်းစုံ စံချိန်အဖြစ် စပိန်လာလီဂါ အမှတ်ပေး ပြိုင်ပွဲမှာ ၂၇ ဂိုး သွင်းခဲ့ပြီး ဥရောပ ချန်ပီယံလိဂ်မှာလည်း သွင်းဂိုး ၁၅ ဂိုးနဲ့ ဂိုးသွင်းဘုရင် ဖြစ်ခဲ့ပါတယ်။ 

ရီးရဲလ်ကလည်း လာလီဂါနဲ့ ချန်ပီယံလိဂ် ဆုဖလားတွေကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် တစ်ဦးချင်းရော၊ အသင်းလိုက်ပါ ပြောင်ပြောင်မြောက်မြောက် စွမ်းဆောင်နိုင်ခဲ့ အဓိပ္ပါယ်ဖြစ်ပြီး ဘန်ဇီးမားဟာ ဆုအတွက် ရေပန်းအစားဆုံး ဖြစ်နှင့်နေခဲ့ပါတယ်။ 

အရင်က နှစ်အလိုက် Ballon d’Or ဆုတွေကို တစ်လှည့်စီလောက် ရယူနေတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ကတော့ ထိပ်ဆုံး ၁၀ ယောက် စာရင်းတောင် ပါမလာတော့ဘဲ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ဆာဒီယို မာနေးနဲ့ မန်ချက်စတာစီးတီး ကွင်းလယ်လူ ကီဗင်ဒီဘရိုင်းတို့က ဒုတိယနဲ့ တတိယ အကောင်းဆုံး ကစားသမားတွေအဖြစ် ရပ်တည်ခဲ့ပါတယ်။ 

ပြင်သစ် ဘောလုံး မဂ္ဂဇင်းက ကမကထပြုပြီး ပေးအပ်ချီးမြှင့်တဲ့ ဒီဆုဟာ ဘောလုံးလောကမှာတော့ ဂုဏ်သိက္ခာ အကြီးဆုံး တစ်ဦးချင်းဆု တစ်ခုအဖြစ် သတ်မှတ် ခံထားရပါတယ်။ 

သူကလေးဘဝ ကတည်းက ဒီဆုကို ရည်စူး မျှော်လင့်ခဲ့ဖူးပြီး လက်တွေ့ ပိုင်ဆိုင်လာတဲ့အခါ ပြောမပြတတ်အောင် ဂုဏ်ယူမိကြောင်း၊ သူ့ဘဝမှာ ဘရာဇီး တိုက်စစ်မှူး ရော်နယ်လ်ဒို ဒီလားမားနဲ့ ပြင်သစ် ကွင်းလယ်ကစားသမားကြီး ဇနီဒင်း ဇီဒန်းတို့ကို အတုယူ ကြီးပြင်းခဲ့ပြီး အခုတော့ သူတို့နှစ်ယောက်လို Ballon d’Orဆုရှင် ဖြစ်ခွင့်ရလာကြောင်း၊ ကိုယ့်ရည်မှန်းချက်ကို အပျောက်မခံဘဲ ဆက်ကြိုးစားနေသမျှ ဘာမဆို ဖြစ်လာနိုင်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ကြောင်း အသက် ၃၄ နှစ်အရွယ် ဘန်ဇီးမားက ဆိုပါတယ်။ 

ဘန်ဇီးမားဟာ ၁၉၉၈ ခုနှစ်မှာ ဇီဒန်း ဆုရပြီးတဲ့နောက် ပထမဆုံးအကြိမ် Ballon d’Or ဆုရှင် ပြန်ဖြစ်လာတဲ့ ပြင်သစ်သားပါ။ ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ ဆုပေးပွဲ အခမ်းအနားမှာ ဘန်ဇီးမားအတွက် ဆုကို ဇီဒန်းကိုယ်တိုင် ချီးမြှင့်ပေးခဲ့ပါတယ်။ 

ဒီနှစ် ဆုပေးပွဲမှာတော့ အကောင်းဆုံး လူငယ်ကစားသမားဆုကို ဘာစီလိုနာရဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်ခြေတက် ကွင်းလယ် ကစားသမားလေး ဂါဗီက ဂျုဒ်ဘယ်လင်ဟမ်နဲ့ ဂျမဲလ် မူဆီရာလာတို့ကို ကျော်ပြီး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူဟာ အသက် ၁၆ နှစ် အရွယ်မှာ ဘာစီလိုနာ ပထမအသင်းရဲ့ ကစားသမား ဖြစ်လာသလို စပိန် လက်ရွေးစင် အသင်းမှာလည်း ပါဝင်ခွင့် ရနေပါပြီ။ 

မန်ချက်စတာ စီးတီးကတော့ လီဗာပူးလ်နဲ့ ရီးရဲလ် မက်ဒရစ်တို့ကို ကျော်လွန်ပြီး ၂၀၂၂ ခုနှစ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်းဆုကို ရရှိခဲ့ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး ရောဘတ် လီဝင်ဒေါစကီးက တစ်နှစ်တာ အကောင်းဆုံး တိုက်စစ်မှူးဆုနဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ သီဘောက်ကော်တွိုက်စ်က တစ်နှစ်တာ အကောင်းဆုံး ဂိုးသမားဆုတွေကို အသီးသီး ဆွတ်ခူး ရရှိသွားခဲ့ပါတယ်။ 

အမျိုးသမီး Ballon d’Or ဆုကိုတော့ စပိန်နဲ့ ဘာစီလိုနာ အသင်းရဲ့ ကွင်းလယ် ဖန်တီးရှင် အလက်စီယာ ပူတဲလက်စ်က ချီးမြှင့်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။