ဝက်လက်အရှေ့ခြမ်း ရွာသုံးရွာက နေအိမ် တွေကို စစ်တပ်က မီးရှို့ဖျက်ဆီး

Photo – CJ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့အရှေ့ဘက်မှာရှိတဲ့ သစ်ဆိမ့်၊ ဆင်နင်းနဲ့ ပိတောက်ချုံကျေးရွာတွေကို အကြမ်းဖက် စစ်တပ်က အောက်တိုဘာ (၁၄) ရက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ရွာတွေထဲကနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးတာကြောင့် ပိတောက်ချုံရွာက နေအိမ်ခြောက်လုံး၊ ဆင်နင်းရွာ ကနေအိမ် လေးလုံး မီးလောင်ပျက်စီးခဲ့ပြီး သစ်ဆိမ့်ရွာကတော့ အိမ်ခြေအများအပြားမီ းလောင်ပျက်စီးခဲ့တယ်လို့သိရပြီးအရေအတွက်ကိုအတည်မပြုနိုင်သေးပါဘူး။
“စစ်ကြောင်းထိုးရင် သုံးမိုင်လောက်ဝေးတဲ့ ရွာတိုင်း ကပြည်သူတွေအကုန်ပြေးရတာ၊ သူတို့က လူသတ်မုဒိန်းကျင့်တော့ အကုန်ကြောက်ပြီး ပြေးကြရတာ ” လို့ ပိတောက်ချုံကျေးရွာမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဝက်လက်မြို့ အရှေ့ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီက အောက်တိုဘာ (၁၄) ရက်ကနေ (၁၆) ရက်အထိ စစ်ကြောင်းထိုး မွှေနှောက်ခဲ့ပြီး လူနေအိမ်တွေကိုမီးရှို့တာ၊ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူသွားတာတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။

လက်ရှိမှာတော့ သစ်ဆိမ့်နဲ့ ဆင်းနင်းရွာက ဒေသခံတွေက ရွာထဲကို ပြန်ဝင်နေကြပြီး စစ်ကောင်စီ စစ်ကြောင်းဟာဧရာဝတီမြစ်ကမ်းတလျှောက်ရွာတွေဖြစ်တဲ့ သစ်ဆိမ့်၊ ဂူကြီး၊ ငါးပတ်ချောင်း၊ ရေ လည်မော်နဲ့ မှော်ဦးရွာတွေဘက် ဆက်သွားနေလို့ အဲ့ဒီရွာတွေက ဒေသခံပြည်သူ ထောင်ချီ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဝက်လက်အရှေ့ဘက် စစ်ဘေးရှောင်ရွာတွေဆီက ပြည်သူပိုင်ပစ္စည်းတွေကို ဧရာဝတီမြစ်ရိုးကနေမော်တော်ယာဉ်နှစ်စီးနဲ့ ထုံးကြီးရွာဘက် သယ်သွားတာတွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။