ကပ်ရောဂါနဲ့ ယူကရိန်း စစ်ပွဲတွေကို ကြုံတွေ့ခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂရဲ့ ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲသင့်နေပြီလို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ် ရေးသားတဲ့ စာအုပ်အသစ်ထဲမှာ ကုလသမဂ္ဂနဲ့ ပတ်သက်လို့ သူ့ရဲ့ အတွေးအမြင်တွေကို ပွင့်ပွင့်လင်းလင်း ရေးသားထားတာ ဖြစ်ပါတယ်။ ကိုဗစ် ကပ်ရောဂါ ပျံ့နှံ့ ကူးစက်မှုတွေနဲ့ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ စစ်ပွဲတွေအတွင်း ကုလသမဂ္ဂဟာ ကန့်သတ်ခံရတဲ့ အခြေအနေတွေ အများကြီး ကြုံခဲ့ကြောင်း၊ ဒါကြောင့် ဒီအဖွဲ့အစည်းကြီးကို ပြောင်းလဲပစ်ဖို့ဆိုတာ အရင်ကထက် သိသိသာသာ လိုအပ်လာကြောင်း ပုပ်ရဟန်းမင်းကြီးက မှတ်ချက် ပေးထားပါတယ်။
ကုလသမဂ္ဂဟာ ပဋိပက္ခတွေ၊ အရှုပ်အထွေးတွေနဲ့ ပတ်သက်ရင် ပိုပြီး ပြောင်းလွယ်ပြင်လွယ်ရှိမယ့်၊ ပိုပြီးထိရောက်မယ့် နည်းလမ်းတွေကို အသုံးပြု ဖြေရှင်းပေးဖို့ လိုနေပြီလို့ ပုပ်ရဟန်းမင်းကြီးရဲ့ စာအုပ်ထဲမှာ ရေးသားထားပါတယ်။ စစ်ပွဲ ကာလတွေမှာ နိုင်ငံပေါင်းစုံ ပါဝင် ဖြေရှင်းမှုက သိပ်အရေးကြီးကြောင်း၊ ဒါပေမဲ့ ကုလသမဂ္ဂဟာ အရှိတရား အသစ်တွေကို လိုက်မီတဲ့ အနေအထား မရှိတော့ကြောင်း အာဂျင်တီးနား နိုင်ငံသား ရိုမန်ကက်သလစ် ခရစ်ယာန် သာသနာပိုင် ပုဂ္ဂိုလ်ကြီးက ထောက်ပြထားပါတယ်။
ကုလသမဂ္ဂကို ထူထောင်ခဲ့တဲ့ ရည်ရွယ်ချက်ဟာ ကမ္ဘာစစ်ကြီး နှစ်ကြိမ်ရဲ့ ရက်စက် ကြမ်းကြုတ်တဲ့ အခြေအနေတွေ နောက်ထပ် ပေါ်ပေါက်မလာအောင် တားဆီးဖို့ ဖြစ်ပေမယ့် ကမ္ဘာစစ်မီးကို အစပျိုးသွားနိုင်စေတဲ့ ပဋိပက္ခတွေ ဆက်ဖြစ်နေတာကို ကုလသမဂ္ဂက ကြားဝင် မကိုင်တွယ်နိုင်ဘဲ လွှတ်ထားရဆဲလို့ အသက် ၈၅ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးက ဆိုပါတယ်။
ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေမှာ ထိထိရောက်ရောက် ပြင်ဆင် ပြောင်းလဲမှုတွေ ဆောင်ရွက်ပြီး လူသားတွေရဲ့ ကောင်းကျိုးကို ဆောင်ရွက်ဖို့ဆိုတဲ့ သူတို့ရဲ့ မူရင်း အနှစ်သာရ ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်အောင် ပံ့ပိုးပေးဖို့ လိုတယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက ဆိုပါတယ်။
ပုပ်ရဟန်းမင်းကြီး ရေးသားတဲ့ “I ask you in the name of God: Ten prayers for a future of hope” စာအုပ်ကို အောက်တိုဘာ ၁၈ ရက်မှာ စတင်ဖြန့်ချိသွားမယ်လို့လည်း သိရပါတယ်။