တပ်သားသစ် စုဆောင်းရေးစခန်းမှာ ပစ်ခတ်မှုဖြစ်ပြီး တစ်ဒါဇင်နီးပါး သေတဲ့ကိစ္စ ရုရှားစစ်တပ် စုံစမ်းနေ 

စစ်သားသစ် စုဆောင်းရေး စခန်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး ၁၁ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ကို စုံစမ်း စစ်ဆေးနေကြောင်း ရုရှားစစ်တပ်က ကြေညာခဲ့ပါတယ်။ 

ယူကရိန်းနဲ့ နယ်စပ်နားက ဘယ်လ်ဂိုရော့ ဒေသမှာ သေနတ်သမား ၂ ဦးရဲ့ ပစ်ခတ်မှုကြောင့် စစ်ရေးလေ့ကျင့်နေတဲ့ တပ်သားသစ် ၁၁ ဦး သေဆုံးကြောင်း ရုရှား အာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးသူတွေ အားလုံးဟာ ယူကရိန်း စစ်မြေပြင်မှာ သွားရောက် စစ်မှုထမ်းဖို့ ဆန္ဒအလျောက် စာရင်းပေးထားသူတွေလို့ ဆိုပါတယ်။ 

ရုရှား အစိုးရ မီဒီယာတွေရဲ့ ထုတ်ပြန်ချက်မှာတော့ ပစ်ခတ်မှုအတွင်း ၁၁ ဦးသေပြီး ၁၅ ဦး ဒဏ်ရာရကြောင်း၊ အကြမ်းဖက်သမား နှစ်ဦးကိုလည်း သုတ်သင် ရှင်းလင်းနိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက အဲဒီ သေနတ်သမား နှစ်ဦးဟာ ဆိုဗီယက် ပြည်ထောင်စုကနေ ခွဲထွက်သွားတဲ့ နိုင်ငံတစ်ခုက နိုင်ငံသားတွေလို့ ထုတ်ပြန်ပါတယ်။ 

ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်း စစ်မြေပြင်ကို အရန်တပ်ဖွဲ့တွေ စေလွှတ်ဖို့ အမိန့်ထုတ်ခဲ့တာကြောင့် ရုရှားမှာ အုတ်အော်သောင်းနင်း အခြေအနေတွေ ဖြစ်ပေါ်နေချိန်မှာ အခုလို ပြဿနာမျိုး ထပ်ကြုံခဲ့ရတာပါ။ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ဖြစ်စဉ်ကို စုံစမ်းနေဆဲလို့ ပြောကြားပြီး အသေးစိတ် အချက်အလက်တွေ မထုတ်ပြန်ပေမယ့် ယူကရိန်း ထောက်လှမ်းရေးတွေကတော့ ပစ်ခတ်မှု ကျူးလွန်ခဲ့တာဟာ အာရှအလယ်ပိုင်း၊ တက်ဂျ်ကစ္စတန် နိုင်ငံသားတွေလို့ ပြောပါတယ်။ 

ယူကရိန်း ထောက်လှမ်းရေးဌာန အရာရှိ တစ်ဦးဖြစ်တဲ့ အိုလက်ဆီ အရီစတိုဗစ်ချ်က မွတ်ဆလင် အမျိုးသား နှစ်ဦးဟာ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အငြင်းပွားမှုကြောင့် ရုရှား တပ်သားသစ်တွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ ယူကရိန်းရဲ့ ပြောဆိုချက်ကို တိတိကျကျ အတည်ပြုလို့ မရသေးပါဘူး။ 

ဒီဖြစ်စဉ်မှာ အရပ်သားပြည်သူတွေ ထိခိုက်တာမျိုးတော့ မရှိခဲ့ဘူးလို့ ဘယ်လ်ဂိုရော့ အုပ်ချုပ်ရေးမှူး ဗစ်ချီဆလက်ဗ် ဂလက်ကော့ဗ်က အတည်ပြုခဲ့ပါတယ်။ ရုရှား သမ္မတ ပူတင်က လာမယ့် သီတင်း နှစ်ပတ်လောက်အတွင်း လျာထားချက်နဲ့ ပြည့်မီတဲ့ အရန်စစ်သည် ၃ သိန်းကို စုဆောင်းနိုင်တော့မှာဖြစ်ပြီး အဲဒီထဲက ၁ သောင်း ၆ ထောင်ကျော်ဟာ စစ်မြေပြင်မှာ စတင် တိုက်ပွဲဝင်နေပြီလို့ ပြောကြားသွားပါတယ်။