ထားဝယ်မှာ စစ်ကောင်စီ စစ်ကြောင်းသုံးခု ပေါင်းဆုံချိန် မိုင်းဆွဲတိုက်ခိုက်ခံရ

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ ထားဝယ်မြို့နယ် ၈မိုင်နှင့် ဥယာဉ်ကြီးကြားရှိ တံတားပေါ်မှာ စစ်ကောင်စီ စစ်ကြောင်း ၃ကြောင်းပူးပေါင်းချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ Dawei Defense Team (ထားဝယ်-ပကဖ) က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
“စစ်ကြောင်းထိုးလာတာက ၃ကြောင်းပါ၊ စော်ဖျားရွာဘက်ကနေ အင်အား၄၀ကျော် ရှစ်မိုင်ဥယာဉ်ကြီးဘက်နေ ၃၀ကျော် ၊ ပကာရီဘက်ကနေ အင်အား ၄၀ကျော်နဲ့ စစ်ကြောင်းထိုးလာတာ သတင်းရလို့ သူတို့စစ်ကြောင်းပေါင်းမိချိန်မှာ ကြိုတင်စီစဉ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာ” လို့ Dawei Defense Team-DDT (ထားဝယ်-ပကဖ) ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။
မိုင်းနှစ်လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁လုံးက ချို့ယွင်းချက်ကြောင့် မပေါက်ကွဲခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကတော့ အထိအခိုက်မရှိ ဆုတ်ခွာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းရာမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ကျည်ဖူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
Photo – Dawei Defense Team