၂၀၂၁ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းလိုက်ချိန်ကစလို့ မြန်မာနိုင်ငံရဲ့ တချို့သော အစိတ်အပိုင်းတွေဟာ စစ်ပွဲဇုန်တွေ ဖြစ်လာပါတယ်။ အထူးသဖြင့် နိုင်ငံရဲ့ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်း ဒေသတွေမှာ ပဋိပက္ခ အကျပ်အတည်းတွေအဖြစ် ပီပီပြင်ပြင် ရုပ်လုံးပေါ်လာပါတယ်။ အရပ်သား ပြည်သူတွေအပေါ် စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ၊ အထူးသဖြင့် စက်တင်ဘာ ၁၆ ရက်က ဒီပဲယင်း မြို့နယ်မှာ ကျောင်းတစ်ကျောင်းကို ပစ်ခတ်လို့ ကလေးတွေ သေဆုံးခဲ့တဲ့ ကိစ္စတွေဟာ ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့ပါတယ်။ တိုက်ခိုက်မှုကနေ အသက်ရှင် လွတ်မြောက်လာသူတွေကိုလည်း စစ်တပ်က ဖမ်းဆီးပြီး စာသင်ကျောင်းဟာ တော်လှန်ရေး အင်အားစုတွေရဲ့ ခြေကုပ်စခန်းတစ်ခု ဖြစ်ပါတယ် ဆိုတာမျိုး ဖိအားပေး ထွက်ဆိုစေတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အသက်အရွယ်ပေါင်းစုံ၊ အမျိုးသား၊ အမျိုးသမီးတွေ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေကအစ အလွှာပေါင်းစုံက ပြည်သူ ၂၀၀၀ လောက်ဟာ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ ဆက်နွှယ်ပါတယ်လို့ စွပ်စွဲ သတ်ဖြတ်တာ ခံခဲ့ရပြီးပါပြီ။ လူနေအိမ်တွေ၊ ဘာသာရေးနဲ့ ပညာရေး အဆောက်အအုံတွေ အပါအဝင် ပြည်သူလူထု ပိုင်ဆိုင်မှုပေါင်း ၂၀၀၀၀ ကျော်လည်း ဖြိုချဖျက်ဆီး ခံခဲ့ရပါတယ်။
ကံမကောင်းစွာနဲ့ပဲ ဒီကိန်းဂဏန်းတွေဟာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ယှဉ်လိုက်ရင် အတော်လေး နည်းပါးနိုင်သေးတယ် ဆိုတာပါပဲ။ တကယ်တမ်း ဖျက်ဆီးသတ်ဖြတ် ခံနေရတာတွေကို အရေအတွက် အတိအကျ အတည်ပြုဖို့ မလွယ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီနောက်ခံ အကြောင်းတရားတွေက မြန်မာနိုင်ငံမှာ လူသားရေးရာ အကျပ်အတည်းတွေ ရေရှည် တည်မြဲနေမှုကို နားလည်လွယ်စေပြီး ဒေသတွင်း တည်ငြိမ်မှုကိုပါ ခြိမ်းခြောက်လာနိုင်တယ်ဆိုတဲ့ ပကတိ အခြေအနေကို ပိုမို ပေါ်လွင်လာစေပါတယ်။
စိတ်ပျက်နေတဲ့ အိမ်နီးချင်းတွေ
မြန်မာနိုင်ငံနဲ့ နယ်နိမိတ် ရှည်ရှည်လျားလျား ထိစပ်နေတဲ့ အိမ်နီးချင်း နိုင်ငံတွေဟာ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်လို့ အခြေခံ အကြောင်းတရား နှစ်ခုအတွက် အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်ပါတယ်။ ပထမ အချက်ကတော့ လေပိုင်နက် ကျူးကျော်မှုပါ။ မြန်မာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေက အိမ်နီးချင်း နိုင်ငံတွေ ပိုင်နက်ထဲထိ ကျရောက် ပေါက်ကွဲပြီး ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာ အနည်းအကျဉ်း ထိခိုက်ဒဏ်ရာရတာတွေ ကြုံခဲ့ပါတယ်။ ပြီးတော့ လူနေအိမ်ခြေ ထိခိုက်ပျက်စီးတာတွေလည်း ဖြစ်ခဲ့တာကြောင့် သက်ဆိုင်ရာ အစိုးရတွေက အရေးဆိုခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်ဖက်ခြမ်းကို မော်တာကျည်ဆန်တွေ ကျရောက် ပေါက်ကွဲတာနဲ့ ပတ်သက်လို့ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေက တော်လှန်ရေး အင်အားစုတွေအပေါ် အပြစ်ပုံချဖို့ ကြိုးစားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ နယ်စပ်ဒေသတွေမှာ ပဋိပက္ခတွေ၊ ရန်လိုတိုက်ခိုက်မှုတွေ မဖြစ်အောင် မြန်မာဖက်က အပြည့်အဝ တာဝန်ခံထိုက်တယ်လို့ ဝေဖန်ပါတယ်။ အိမ်နီးချင်း နိုင်ငံတွေနဲ့ ပတ်သက်တဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေ ရှိလာရင် အကြမ်းဖက်မှုတွေအပေါ် လုံးဝ မညှာတာတဲ့ မူဝါဒမျိုးကို လက်ကိုင်ပြုထားကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက ထပ်ပြောလာတာဟာ ဒီအခြေအနေတွေနဲ့ ဆက်စပ်နိုင်ပါတယ်။
ထိုင်းမှာလည်း အလားတူ အခြေအနေတွေ ကြုံတွေ့နေရပါတယ်။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတုန်းက အာဏာသိမ်း မြန်မာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေဟာ နယ်စပ်ကို ကျော်လွန်ပြီး ထိုင်းဖက်ခြမ်းကို ၅ မီတာလောက်ထိ ကျူးကျော်တာမျိုး ၃ ကြိမ်ထိ ရှိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ဒီကိစ္စကြောင့် ထိုင်းဖက်ခြမ်းက ကျေးရွာတွေ အထိတ်တလန့် ဖြစ်ခဲ့ပြီး စိတ်မလုံမခြုံ ခံစားခဲ့ကြရပါတယ်။ မြန်မာ စစ်တပ်ရဲ့ တိုက်လေယာဉ်တွေက ကျူးကျော်နေသလို လက်နက်ကြီး ကျည်ဆန်တွေကလည်း ထိုင်းဖက်ခြမ်းမှာ ကျရောက်နေတာကြောင့် ထိုင်းစစ်သားတွေ ကိုယ်တိုင် ဒေါသထွက်ခဲ့ပေမယ့် ထိုင်းအစိုးရကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာဖက်က ပြန်တောင်းပန်ပါတယ်လို့ ပြောပြီး ခပ်မြန်မြန် ဇာတ်လမ်းဖြတ်လိုက်ပါတယ်။
အိမ်နီးချင်း နိုင်ငံတွေကို ဒေါသထွက်စေတဲ့ ဒုတိယမြောက် အခြေခံ အကြောင်းတရားကတော့ စစ်ဘေးကြောင့် ဒုက္ခသည်တွေ ထွက်ပြေးခိုလှုံတဲ့ ကိစ္စပါ။ ဘင်္ဂလားဒေ့ရှ်က မြန်မာစစ်တပ်သာ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေမယ်ဆိုရင် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ပိုများလာမှာကို စိုးရိမ်တကြီး ထောက်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာ အကျပ်အတည်းနဲ့ ဆက်စပ်ပြီး သိန်းနဲ့ချီ များပြားတဲ့ ခိုလှုံလာသူ ရိုဟင်ဂျာတွေကို လက်ခံထားနှင့်ပြီး ဖြစ်ပါတယ်။ ဒါကြောင့် နောက်ထပ် ဒုက္ခသည်တွေ ထပ်ပြီး လက်ခံနိုင်မှာ မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာဖက်ကို တင်းတင်းမာမာ သတိပေးထားပြီးသားပါ။ ထိုင်းနဲ့ အိန္ဒိယတို့မှာလည်း တရိပ်ရိပ်တိုးပြီး ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေကို လက်ခံထားနိုင်စွမ်း နည်းသထက် နည်းလာပါတယ်။ အဲဒီနိုင်ငံတွေဟာ ၁၉၅၁ ခုနှစ်၊ ဒုက္ခသည်များဆိုင်ရာ ကွန်ဗန်းရှင်းကိုရော၊ ၁၉၆၇ ခုနှစ်မှာ ထုတ်ပြန်တဲ့ ကွန်ဗန်းရှင်းရဲ့ ကျင့်ဝတ်စည်းမျဉ်း သဘောတူညီမှုတွေကိုပါ လက်မှတ်ရေးထိုး လက်ခံထားတာ မဟုတ်ပါဘူး။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ပထမ အပတ်တုန်းက မြန်မာနိုင်ငံသား ၅၀၀ လောက်ဟာ အိန္ဒိယရဲ့ မီဇိုရမ် ပြည်နယ်ထဲ ထွက်ပြေးလာကြပါတယ်။ မီဇိုရမ်ဟာ မြန်မာဖက်က ရွှေ့ပြောင်းလာသူ ၃၀၀၀၀ ကျော်ကို လက်ခံထားပြီးသားပါ။ အလားတူပဲ ထိုင်းမှာဆိုရင်လည်း မြန်မာဒုက္ခသည်တွေကို တရားဝင် လက်ခံထားတဲ့ အရေအတွက် ၂၀၀၀၀ ကျော် ရှိပါတယ်။ ဒါပေမဲ့ လက်တွေ့ အခြေအနေအရ ကိန်းဂဏန်းတွေဟာ အဲဒီထက် အများကြီး ပိုနိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ မတူတာက ထိုင်းနဲ့ အိန္ဒိယတို့ဟာ စစ်ပြေး ဒုက္ခသည် ပြဿနာအပေါ် မနှစ်မြို့ဘူး ဆိုတာတောင်မှ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မဟာဗျူဟာနဲ့ လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားတွေကို ရှေ့ရှုပြီး သူတို့ရဲ့ စိုးရိမ်မှု သဘောထားတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောဖို့ တုံ့ဆိုင်းနေတတ်ပါတယ်။
ဒေသတွင်း အဖွဲ့အစည်းများ
ဒေသတွင်းမှာ အရေးကြီးတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ အာဆီယံဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ပြီး ဆွေးနွေး ညှိနှိုင်းမှုတွေ ပြန်လည် စတင်နိုင်ဖို့ မျှော်လင့်ပြီး ဘုံသဘောတူညီမှု ၅ ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေက အာဆီယံရဲ့ အဆိုပြုချက်တွေကို လိုက်နာလိုဟန် မရှိတာကြောင့် အဲဒီ အစီအမံတွေက အလုပ်မဖြစ်တော့ဘူး ဆိုတာ ထင်ထင်ရှားရှား မြင်သာလာပါတယ်။ အာဆီယံ အနေနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ လိုက်လျော လက်ခံနိုင်အောင် သိမ်းသွင်းပြီး ပိုမို ထိရောက်တဲ့ အဆိုပြုချက် အသစ်မျိုးတွေ တင်ပြလာနိုင်မယ့် အလားအလာလည်း လောလောဆယ် မတွေ့ရသေးပါဘူး။
မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းတို့ အဖွဲ့ဝင်တွေ အနေနဲ့ ပါဝင်တဲ့ ဘင်းစတက် အဖွဲ့ကလည်း လုံခြုံရေးဆိုင်ရာ စိုးရိမ်ရမယ့် အခြေအနေတွေနဲ့ ပတ်သက်လို့ လက်ဆုပ်လက်ကိုင် ပြသနိုင်မယ့် မဟာဗျူဟာမျိုး ဖော်ထုတ် မလာနိုင်ပါဘူး။ မြန်မာနိုင်ငံက ပြဿနာတွေနဲ့ ပတ်သက်လို့ ဒေသတွင်း အဖွဲ့အစည်းတွေ ခိုင်မာတဲ့ ခြေလှမ်းတွေနဲ့ အစီအမံသစ်တွေ ဖော်ထုတ်နိုင်စွမ်း နည်းလေလေ၊ ဒေသတစ်ခုလုံးရဲ့ အနာဂတ်က ပိုပြီး ဝေဝါးလေလေပါပဲ။ နောက်ပြီး မူးယစ်ဆေးဝါး၊ လူမှောင်ခိုမှု၊ သယံဇာတ မှောင်ခိုမှုတွေလို နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကလည်း ပိုပြီး ထူပြောလာတော့မှာပါ။ ပြည်တွင်းမှာရော၊ ဒေသတစ်ခုလုံးကို သက်ရောက်မှုပါ ရှိနိုင်တဲ့ အကြမ်းဖက်မှုတွေကို ဟန့်တားဖို့အတွက် ကုလသမဂ္ဂ အဖွဲ့ကြီးက မြန်မာနိုင်ငံဆီ လက်နက်တင်ပို့ ရောင်းချမှုတွေ ရပ်တန့်ကြဖို့ နိုင်ငံတကာကို တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အခြေအနေတွေက ထူးခြားမလာပါဘူး။ အာဏာသိမ်း မြန်မာစစ်တပ်ဟာ အဓိက အင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့ဆီက လက်နက် အထောက်အပံ့တွေ ပုံမှန် ရရှိနေဆဲပါ။ အဲဒီနှစ်နိုင်ငံဟာ အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း မြန်မာစစ်တပ်အတွက် လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေ၊ လေယာဉ်တွေကို အဓိက ထောက်ပံ့ပေးနေဆဲ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ မြန်မာစစ်တပ်ဟာ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု တစ်ခုကို လက်မှတ်ရေးထိုးပြီး ရုရှားနဲ့ ဆက်ဆံရေး ပိုအခြေခိုင်မာအောင် လုပ်ဆောင်လာပါတယ်။ အဲဒီ သဘောတူညီမှုအရ မြန်မာ စစ်ကောင်စီဟာ သူတို့ရဲ့ ကာလရှည်ကြာ စိတ်ကူးအိပ်မက် ဖြစ်ခဲ့တဲ့ နျူကလီးယား စွမ်းအင်ရင်းမြစ်ကနေတဆင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးဆီ ဦးတည်လာနိုင်ပါတယ်။ စစ်ကောင်စီက နျူကလီးယား စွမ်းအင်ကို သိပ္ပံနည်းပညာနဲ့ ဆေးဝါးသုတေသန ကဏ္ဍတွေမှာပါ အသုံးပြုမယ်လို့ ဆိုတယ်။
ဒါပေမဲ့လည်း လေ့လာသူ တချို့ကတော့ မြန်မာစစ်တပ်ဟာ နျူကလီးယား စွမ်းအင်ကို နျူကလီးယား စစ်လက်နက်တွေ ထုတ်လုပ်ရေးအတွက် အသုံးပြုလာမှာကို စိုးရိမ်လာကြပါတယ်။ ဒီစိုးရိမ်မှုတွေအတိုင်း လက်တွေ့ ဖြစ်လာမယ်ဆိုရင် တစ်ကမ္ဘာလုံးအတွက် ဧရာမ ပြဿနာကြီးတစ်ခု ထပ်ပြီး ပေါ်ပေါက်လာမယ့် သဘောပါပဲ။ မြန်မာဟာ နျူကလီးယား တိုက်ဖျက်ရေး စာချုပ်မှာ လက်မှတ် ရေးထိုးထားပြီး တားမြစ် နျူကလီးယား လက်နက်တွေ ထုတ်လုပ်မှုနဲ့ ပတ်သက်ရင် နိုင်ငံတကာရဲ့ ဆန္ဒနဲ့အညီ ဆန့်ကျင်ရပ်တည်ဖို့ သဘောတူထားတယ် ဆိုတာကို အမှတ်ရသင့်ပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၁၈ ခုနှစ်တုန်းကလည်း နျူကလီးယား လက်နက်တွေ တားဆီးပိတ်ပင်ရေး စာချုပ်မှာ ပါဝင်လက်မှတ် ရေးထိုးထားပေမယ့် လတ်တလော မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ နိုင်ငံတကာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ဆက်တိုက် ချိုးဖောက်မှုတွေကြောင့် ဒီစာချုပ်တွေကိုလည်း ကတိအတိုင်း လေးစားလိုက်နာပါ့မယ်လို့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး။ အများစုအတွက် စိတ်ပျက်စရာ ဖြစ်နေတာက ဒေသတွင်း အဖွဲ့အစည်းတွေ၊ ဆွေးနွေးပွဲတွေကလည်း မြန်မာစစ်တပ် ကျူးလွန်နေတဲ့ အကြမ်းဖက် လုပ်ရပ်တွေကို တားဆီးဖို့ လုပ်နိုင်စွမ်း အင်မတန် နည်းပါးလွန်းနေခြင်း ဖြစ်ပါတယ်။
လက်ရှိ အခြေအနေတွေ အရတော့ မြန်မာ့အရေးကို ဖြေရှင်းပေးဖို့ဆိုရင် ကိုင်တွယ်ပုံ နည်းလမ်း အသစ်တွေ လိုအပ်ပါတယ်။ ဒါမှသာ ဒေသတစ်ခုလုံးရဲ့ အနာဂတ် တည်ငြိမ်မှုကိုပါ ထိပါးလာစေနိုင်တဲ့ မြန်မာနိုင်ငံက လတ်တလော ရှုပ်ရှုပ်ထွေးထွေး အခြေအနေတွေကို ငြိမ်သက်သွားစေမှာ ဖြစ်ပါတယ်။
(Observer Research Foundationတွင် Sreeparna Banerjee ရေးသားထားသည့် Mayhem in Myanmar: An impetus to regional instability? ဆောင်းပါးကို DNA က ဘာသာပြန်ဆိုသည်)