ယူကရိန်းက မြို့ရွာတွေကို ဒုံးကျည်တွေ အုံနဲ့ကျင်းနဲ့ ပစ်ခတ်နေတာကို လတ်တလော ရပ်ဆိုင်းထားလိုက်မယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောပါတယ်။
အခုသီတင်းပတ် အစောပိုင်းမှာ ရုရှားဟာ ယူကရိန်းက မြို့ကြီးတွေ၊ မြို့ငယ်တွေကို ကျူးကျော်စစ် စတင်ချိန်နောက်ပိုင်း အပြင်းထန်ဆုံး ဒုံးကျည် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ယူကရိန်း အစိုးရက ရုရှားရဲ့ ဒုံးကျည်တွေဟာ လူနေ ဧရိယာတွေထဲ ကျရောက် ပေါက်ကွဲခဲ့သလို ဒါဇင်နဲ့ချီ များပြားတဲ့ အရပ်သားတွေကိုလည်း သေဆုံးစေခဲ့ကြောင်း စွပ်စွဲထားပါတယ်။
ဒါပေမဲ့ ပူတင်ကတော့ ရုရှားရဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေဟာ သတ်မှတ်ထားတဲ့ ပစ်မှတ် တိတိကျကျ ရှိခဲ့ပြီး သူ့အနေနဲ့ ယူကရိန်း တစ်နိုင်ငံလုံးကို ဖျက်ဆီးပစ်ဖို့ ရည်ရွယ်မထားဘူးလို့ ပြောပါတယ်။ အခုလောလောဆယ် နောက်ထပ် ဒုံးကျည် အလုံးအရင်း ပစ်ခတ်မှုတွေ ရှိလာတော့မှာ မဟုတ်ကြောင်း၊ ရုရှားအတွက် တခြားလုပ်စရာတွေ ကျန်နေသေးကြောင်း ပူတင်က ဆိုပါတယ်။
အစောပိုင်းမှာ ပူတင်က ယူကရိန်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တာဟာ ခရိုင်းမီးယား ဒေသက ရုရှားပိုင် တံတားကြီးတစ်စင်းပေါ်က ပေါက်ကွဲမှုအတွက် လက်တုံ့ပြန်တာလို့ ပြောခဲ့ပါသေးတယ်။ ဒီကိစ္စကို ယူကရိန်းက ကျူးလွန်တဲ့ အကြမ်းဖက်မှုလို့ ပူတင်က စွပ်စွဲပြီး ရုရှားပိုင်နက်ကို ထိပါးလာတဲ့ လုပ်ရပ် မှန်သမျှအတွက် ပြင်းပြင်းထန်ထန် တုံ့ပြန်ခံရမယ်လို့ ကြုံးဝါးခဲ့ပါတယ်။
ယူကရိန်း အစိုးရက ရုရှားစစ်တပ်ဟာ ဒုံးကျည် အစင်းရေ ရာနဲ့ချီပြီး ပစ်လွှတ်ခဲ့တာကြောင့် လမ်းတွေ၊ တံတားတွေ၊ ဓာတ်အားပေး စက်ရုံတွေ အပါအဝင် အရပ်ဖက် အခြေခံ အဆောက်အအုံတွေပါ ထိခိုက် ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။ ရုရှားရဲ့ တိုက်ခိုက်မှုတွေ အပြီးမှာတော့ NATO စစ်မဟာမိတ် နိုင်ငံတွေက ယူကရိန်းအတွက် လေကြောင်းကာကွယ်ရေး စနစ်တွေ ဖြည့်တင်း ပို့ဆောင်ပေးကြဖို့ သဘောတူ ဆုံးဖြတ်ခဲ့ပါတယ်။
ပူတင်က ရုရှားစစ်တပ်ဟာ အရန်တပ်ဖွဲ့ဝင်တွေ ခေါ်ယူဖြည့်တင်းနေတဲ့ အစီအစဉ်ကိုလည်း လာမယ့် ၂ ပတ်အတွင်း အပြီးသတ်နိုင်လိမ့်မယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။ ပူတင်က ယူကရိန်း စစ်မြေပြင်ဆီ စေလွှတ်မယ့် အရန်တပ်ဖွဲ့ဝင် ၃ သိန်းလောက်ကို ရွှေ့ပြောင်းစေမယ်လို့ ကြေညာထားပြီး လောလောဆယ် ၂ သိန်း ၂ သောင်းလောက်ထိ စုစည်းပြီးပြီလို့ ပြောပါတယ်။ အဲဒီထဲက ၁ သောင်း ၆ ထောင်ကျော်ဟာ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေပြီလို့ ဆိုပါတယ်။
ပူတင်က သူဟာ ယူကရိန်းနိုင်ငံ ပျက်စီးရာ ပျက်စီးကြောင်း ရည်ရွယ်ထားတာမျိုး လုံးဝ မရှိဘူးလို့ ထပ်ပြောပေမယ့် ကျူးကျော်စစ်နဲ့ ပတ်သက်လို့လည်း နောင်တမရဘူးလို့ ပြောပါတယ်။ ရုရှားဟာ လတ်တလော အခြေအနေတွေအရ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဧရိယာတွေမှာ စစ်ဆင်ရေးတွေ အရေးနိမ့်ပြီး ထိန်းချုပ် နယ်မြေတွေကို ဆက်တိုက် ဆုံးရှုံးနေရပါတယ်။ ပူတင်က နောင်တမရဘူးလို့ ပြောပေမယ့် ကျူးကျော်စစ်ကြောင့် ဒေသတွင်းမှာ ရုရှားရဲ့ ဩဇာလွှမ်းမိုးမှုက သိသိသာသာ ကျဆင်းလာနေကြောင်း နိုင်ငံရေး လေ့လာသူတွေက သုံးသပ် ပြောဆိုထားပါတယ်။