Harry Potter ရုပ်ရှင်တွေမှာ လူသိများခဲ့တဲ့ စကော့တလန်သား ဝါရင့် သရုပ်ဆောင်ကြီး ရော်ဘီ ကိုးလ်ထရိန်ဟာ အသက် ၇၂ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
သူဟာ Harry Potter ဇာတ်လမ်းတွဲတွေထဲမှာ ကျောင်းစောင့် မှော်ဆရာကြီး ဟားဂရစ်အဖြစ် ပါဝင် သရုပ်ဆောင်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် မင်းသား ပီယာ့စ်ဘရော့စ်နန် သရုပ်ဆောင်ခဲ့တဲ့ James Bond ဇာတ်ကား နှစ်ခုမှာလည်း KGB အေးဂျင့်ဟောင်း ရုရှား မာဖီးယား အကြီးအကဲ အနေနဲ့ ပါဝင်ခဲ့ဖူးပါတယ်။
သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဘီလင်ဒါရိုက်က ကိုးလ်ထရိန်ဟာ အောက်တိုဘာ ၁၄ ရက်က ကွယ်လွန်သွားကြောင်း အတည်ပြု ကြေညာပါတယ်။ ကိုးလ်ထရိန်ဟာ နာတာရှည် ဝေဒနာတွေ ခံစားနေရတာ ၂ နှစ်လောက် ကြာခဲ့ပြီဖြစ်ပြီး စကော့တလန်နိုင်ငံ၊ လာဘတ်မြို့က ဖို့သ်ဗယ်လီ တော်ဝင်ဆေးရုံမှာ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။
သူတွေ့ဖူးသမျှ လူတွေထဲမှာ ကိုးလ်ထရိန်ဟာ နှစ်လိုစရာ အကောင်းဆုံး၊ အရယ်ရဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း၊ သူလို လူမျိုးနဲ့ အလုပ်တွဲလုပ်ခွင့် ရခဲ့တာကို အရမ်းကံကောင်းခဲ့တယ်လို့ ခံယူထားပြီး ထာဝစဉ် သတိရနေမှာဖြစ်ကြောင်း Harry Potter အဓိကဇာတ်ဆောင်မင်းသား ဒန်နီ ရက်ဒ်ကလစ်ဖ်က အမှတ်တရ ပြောပါတယ်။ James Bond ရုပ်ရှင်တွေရဲ့ တရားဝင် Twitter အကောင့်မှာလည်း ကိုးလ်ထရိန်ဟာ အကန့်အသတ် မရှိတဲ့ အနုပညာ အရည်အသွေးတွေကို ပိုင်ဆိုင်ထားသူ တစ်ဦးလို့ ညွှန်းဆို ဂုဏ်ပြု ရေးသားထားပါတယ်။
ကိုးလ်ထရိန် ကွယ်လွန်ချိန်မှာ သူ့ဇနီးဟောင်း ရိုနာ ဂမ်မဲလ်နဲ့ ရရှိထားတဲ့ စပန်ဆာနဲ့ အဲလစ်ဆိုတဲ့ သားသမီးနှစ်ဦး ကျန်ခဲ့ပါတယ်။ ကိုးလ်ထရိန် ကွယ်လွန်သွားတဲ့ အကြောင်းအရင်း အတိအကျကိုတော့ မိသားစုရဲ့ သဘောထားအရ ဆေးရုံက ထုတ်ပြန်ဖို့ ငြင်းဆိုထားပါတယ်။