ပခုက္ကူနဲ့မြိုင်မြို့နယ်အစပ်မှာ သုံးရက်ဆက် တိုက်ပွဲဖြစ်ပြီး ဒေသခံ တထောင့်လေးရာကျော် တိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် မြိုင်အရှေ့ဘက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သုံးရက်ဆက် တိုက်ပွဲဖြစ်ပြီး ဒေသခံ (၁၄၀၀)ကျော် တိမ်းရှောင်နေ ရတယ် လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က ရေစကြိုမြို့နယ်၊ ဖူလုံကျေးရွာကနေအင်အား (၇၀) ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာပြီး ဝက် သိုးအိုင်ရွာကို မီးရှို့ရာက တိုက်ပွဲစဖြစ်ခဲ့တာလို့ အဲ့ဒီတိုက်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့တဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ တွေက ထုတ်ပြန်ပါတယ်။
ဒေသတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေဟာ အောက်တို့ဘာ (၁၀) ရက်ကနေ (၁၂)ရက်အထိ သုံးရက်အတွင်း ထိတွေ့တိုက်ပွဲငယ်တွေ ဆက်တိုက်ဖြစ်ခဲ့တယ်လို့သိရပါ တယ်။အဲ့ဒီတိုက်ပွဲတွေကြောင့် မြို့မြို့နယ်အတွင်း ကျေးရွာသုံးရွာက ဒေသခံတွေ တိမ်းရှောင်နေကြရတာပါ။
“တိုက်ပွဲကာလမှာက စစ်ရေးတင်းမာမှုအခြေအနေတွေကြောင့် မတင်ပြခဲ့ရတာပါ”လို့ အဲ့ဒီတိုက်ပွဲတွေမှာ ပါဝင် တိုက်ခိုက်ခဲ့တဲ့ Pakokku Underground Force ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။
သုံးရက်တာ ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုကို အတိအကျမသိရပေမယ့် အောက်တိုဘာ (၁၁)ရက်က သုံးနာရီဝန်းကျင် ကြာခဲ့တဲ့ တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က သုံးဦးသေပြီး ခုနစ်ဦးဒဏ်ရာပြင်းထန်တယ်လို့ သူကဆိုပါတယ်။
“သေလုမြောပါး ဖြစ်လို့ ထမ်းစင်နဲ့ခေါ်သွားရတယ်” လို့ Pakokku Underground Forceပြန်ကြားရေး တာဝန် ခံက ပြောပါတယ်။
ဒေသကာကွယ်ရေးမဟာမိတ်တပ်တွေအနေနဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နေရာအလိုက် တာဝန်ယူ ပစ် ခတ်ခဲ့ပြီး ဦးတည်ချက်နေရာကို တဖြည်းဖြည်းချဉ်းကပ်နိုင်ခဲ့ပေမယ့် လက်နက်ခဲယမ်းမလုံလောက်လို့ ပြန် ဆုတ် ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေက ရေစကြိုနဲ့ မြိုင်အစပ်က ဇီးတောရွာနဲ့ ဒေသကာကွယ်ရေးတပ်တွေရဲ့ မဟာမိတ်စခန်း တခုကိုပါ မီးရှို့ခဲ့ပြီး ဆုံးရှုံးမှုစာရင်းကိုတော့ အတိအကျမသိရသေးပါဘူး။ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ တိုက်ပွဲတွေဖော်ဆောင်ရာမှာပြည်ပအလှူရှင်တွေရဲ့ထောက်ပံ့ကူညီမှုတွေလိုအပ်နေတာကြောင့် ဝိုင်းဝန်း ထောက် ပံ့လှူဒါန်းပေးကြဖို့လည်း Pakokku Underground Forceပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။