မုံရွာ-ချောင်းဦးလမ်းမပေါ်မှာ စစ်ကောင်စီ Jammer ကားသုံးစီး မိုင်းခွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦး လမ်းမကြီးပေါ်မှာ မုံရွာမြို့ကနေ ထွက်လာတဲ့ စစ်ကောင်စီကား သုံးစီးကို မနေ့ (အောက်တိုဘာ ၁၃ ရက်) မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Brave Heart Army-BHA ကထုတ်ပြန်ပါတယ်။

မုံရွာမြို့ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၈၀)ဝန်းကျင်လိုက်ပါလာတဲ့ စစ်ကောင်စီ ကားသုံးစီးဟာ Jammer (ဆက်သွယ်ရေးလိုင်းဖြတ်စက်)တပ်ဆင်လာပေမယ့် မိုင်းခွဲတိုက်ခိုက်နိုင်ခဲ့ပြီး ကားတစီး ပျက် စီးတဲ့အပြင် Jammer စက်လည်း သုံးမရအောင်ပျက်သွားတယ်လို့ အဲ့ဒီအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ် စနေမောင်မောင်က DNA ကို ပြောပါတယ်။

“ရှေ့ထွက်ပတ်လည်မိုင်းလေးလုံးနဲ့ တိုက်ခိုက်ခဲ့တာဗျ၊ တခြားအဖွဲ့တွေကတော့ ရှေ့ဆုံးတစီးကိုဆွဲတာဗျ၊ ကျွန် တော်တို့က ဒုတိယအစီးကိုဆွဲတာ၊ အကုန်လုံးကတော့ jammer ကားတွေချည်းပဲ” လို့ သူကပြောပါတယ်။

မုံရွာကနေ ထွက်လာတဲ့စစ်ကောင်စီကားသုံးစီးကို BHA က မိုင်းမခွဲခင် ဒေသခံတော်လှန်ရေးအဖွဲ့တဖွဲ့က မိုင်းခွဲ တိုက်ခိုက်ခဲ့သေးတာကြောင့် အနောက်ကားနှစ်စီးလုံးက လမ်းတလျှောက်လက်နက်တွေနဲ့ ရမ်းသမ်း ပစ်ခတ် ခဲ့တယ်လို့ ဗိုလ်စနေမောင်မောင်က ဆိုပါတယ်။
“ကျွန်တော်တို့မခွဲခင်ကတည်းက သူတို့တောက်လျှောက်ပစ်လာတာ၊ ကျွန်တော်တို့ဘက်ကတော့ ပြန်ပစ်ခတ် တာမျိုးမရှိပါဘူး မိုင်းခွဲပြီးတော့ ပြေးတာပေါ့၊ သူတို့က အဲ့လမ်းမှာ ခဏတိုင်းခွဲခံနေရတော့ အဲ့လိုပဲ ဘေးပတ်ဝန်း ကျင်တွေကိုပစ်တယ်”လို့ သူကဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုကို အတိအကျမသိရပေမယ့် ထိခိုက်ဒဏ်ရာ ပြင်း ထန်နိုင်ပြီး တိုက်ခိုက်ခံရအပြီးမှာတော့ အနီးက ပျူစောထီးတွေအခြေချနေထိုင်တဲ့ တောပုရွာကိုဝင်သွားပြီး အခုချိန်ထိလည်း ပြန်ထွက်မလာသေးဘူးလို့ သိရပါတယ်။

မုံရွာ-မန္တလေးလမ်းပေါ်မှာ စစ်ကောင်စီကားတွေ မကြာခဏမိုင်းဆွဲတိုက်ခိုက်ခံနေရပြီး ဒေသခံကာကွယ် ရေး တပ်ဖွဲ့ဝင်တွေက ပြည်သူတွေကို သတိထားပြီးသွားလာကြဖို့အပြင် လမ်းပိုင်းတွေယာယီအသုံးမပြုဖို့ မကြာခဏ ကြေငြာနေပေမယ့် ပြည်သူတွေမလိုက်နာတာကြောင့် အခက်အခဲတွေ ရှိနေတယ်လို့လည်း ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကပြောပါတယ်။

အဲ့ဒီလမ်းပိုင်းတလျှောက်မှာ စစ်ကောင်စီယာဉ်တန်းတွေဟာ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရတာတွေ လည်းရှိတဲ့အတွက် အဝေးထိန်းခလုတ်နဲ့ မိုင်းခွဲတိုက်ခိုက်မှုကိုကာကွယ်နိုင်ဖို့အတွက် စစ်တပ်က Jammer စက် တွေကို အသုံးပြုလာပေမယ့် မိုင်းခွဲတိုက်ခိုက်မှုတွေကတော့ ဆက်ရှိနေတာဖြစ်ပါတယ်။