နုပျိုစေတယ်ဆိုပြီး လူသားစားခဲ့တဲ့ အိန္ဒိယ လင်မယား အဖမ်းခံရ

နုပျိုဆေးအဖြစ် မှီဝဲဖို့ လူသားစားခဲ့တယ်ဆိုတဲ့ လင်မယားရဲ့ အကြောင်းဟာ အိန္ဒိယ နိုင်ငံမှာ စက်ဆုပ် တုန်လှုပ်စရာ သတင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ 

အိန္ဒိယ တောင်ပိုင်းက ကီရာလာပြည်နယ် ရဲတပ်ဖွဲ့ဟာ လူသားစား ဇနီးမောင်နှံဖြစ်တဲ့ ဘာဂါဗယ်လ်နဲ့ လီလီယာ ဆင်းတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ အမျိုးသမီး နှစ်ဦးကို သတ်ဖြတ်ပြီး လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဖြတ်တောက် ချက်ပြုတ် စားသောက်ခဲ့ကြောင်း ရဲတွေဆီ ထွက်ဆိုခဲ့ကြပါတယ်။ 

အခုလိုမျိုး လူသားစားခြင်းက သူတို့ကို ရုပ်ပျိုကိုယ်နုစေတဲ့ ဆေးဝါးတစ်မျိုးလို့ ယုံကြည်ကြောင်း အဲဒီ လင်မယားက ပြောပါတယ်။ သူတို့နှစ်ယောက်ကို ဒီလို ယုံကြည်မှုမျိုး သွတ်သွင်းပေးခဲ့တဲ့ ရာရှိဒ် (ခေါ်) မူဟန်မန် ရှက်ဖီဆိုတဲ့ အမျိုးသားကိုလည်း ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ 

လူသားစား လင်မယားက သူတို့ရဲ့ သားကောင် အမျိုးသမီးတွေကို သတ်ပစ်တာလို့ မသုံးနှုန်းပဲ စတေးခဲ့တာလို့သာ ပြောပါတယ်။ သေဆုံးသူ နှစ်ဦးစလုံးဟာ ငွေရေးကြေးရေး အကျပ်အတည်း ကြုံနေတဲ့ အသက် ၅၀ ကျော်အရွယ်တွေ ဖြစ်ကြပါတယ်။ သေဆုံးသူတွေကနေ ထီဝယ်မယ်လို့ လင်မယား နှစ်ယောက်က လှည့်စားခေါ်ယူပြီး လုပ်ကြံ သတ်ဖြတ်ခဲ့ကြတာလို့ ရဲတွေက ပြောပါတယ်။ 

အဲဒီလင်မယားဟာ အယူသီးပြီး အောက်လမ်း မှော်ပညာအပေါ် အလွန်အကျွံ ယုံကြည်သူတွေလို့လည်း ဆိုပါတယ်။ ပထမဆုံးသားကောင် အမျိုးသမီးဟာ ဇွန်လမှာ ပျောက်ဆုံးသွားပြီး နောက်တစ်ယောက်က စက်တင်ဘာလမှာ ပျောက်ဆုံးသွားပြန်ပါတယ်။ အခုသီတင်းပတ် အစောပိုင်းမှာတော့ သေဆုံးသူ နှစ်ယောက်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း အကြွင်းအကျန်တွေကို လူသားစား လင်မယားရဲ့ နေအိမ်မှာ ရဲတွေက ရှာတွေ့ခဲ့ပါတယ်။ 

လူသားကို ချက်ပြုတ်စားရင် ရုပ်ပျိုကိုယ်နုတယ်လို့ သူ့တပည့် လင်မယားကို ရှာဖီက မြှောက်ပင့်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။ သေဆုံးသူတွေရဲ့ ကြွင်းကျန် အစိတ်အပိုင်းတွေကို ပြန်ရှာတွေ့ကြောင်း၊ တစ်ဦးရဲ့ ရုပ်ကြွင်းတွေကိုတော့ ကျင်းသုံးကျင်း ခွဲပြီး မြှုပ်ထားရာကနေ တူးဖော်ယူခဲ့ကြောင်း ရဲတွေက ပြောပါတယ်။ 

ရှာဖီဟာ ငွေကြေးဆင်းရဲ ကျပ်တည်းတဲ့ အမျိုးသမီးကြီးတွေကို အွန်လိုင်းပေါ်မှာ လှောင်ပြောင်လေ့ ရှိသူပါ။ နောက်တော့ သူဟာ ဘာဂါဗယ်လ်နဲ့ လီလီယာတို့က ယာဇ်ပူဇော်တာလို လူသားတွေကို စတေးသတ်ဖြတ်တဲ့ အယူအဆတွေမှာ စိတ်ဝင်တစား ရှိနေကြောင်း သိသွားပြီး အခုလို ရက်စက်တဲ့ မှုခင်းမျိုး ကျူးလွန်အောင် မြှောက်ပေးခဲ့ပါတယ်။ ရဲတွေက ဖမ်းဆီးချိန်မှာ ရှာဖီဟာ အသက် ၇၅ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးကို မုဒိမ်းကျင့်တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် ခံဝန်နဲ့ ပြန်လွတ်နေချိန်လို့လည်း သိရပါတယ်။