အနိဋ္ဌာရုံတွေ ပါနေလို့ ဝေဖန်ခံနေရတဲ့ ဘာလီကျွန်း ဗုံးကွဲမှု နှစ်ပတ်လည် မှတ်တမ်းဗီဒီယို 

ဘာလီကျွန်း ဗုံးကွဲမှု နှစ်ပတ်လည် မှတ်တမ်း ဗီဒီယိုမှာ အနိဋ္ဌာရုံ ပုံရိပ်တွေကို ကွက်ကွက်ကွင်းကွင်း ဖော်ပြထားတာနဲ့ ပတ်သက်လို့ နစ်နာသူတွေက စိတ်ပျက်လက်ပျက် ဝေဖန် ကန့်ကွက်ခဲ့ကြပါတယ်။ 

အောက်တိုဘာ ၁၂ ရက်က အင်ဒိုနီးရှားပိုင် အပန်းဖြေ ကျွန်းမှာ ဘာလီကျွန်း ဗုံးခွဲမှု နှစ် ၂၀ ပြည့် အောက်မေ့မှု အခမ်းအနားအဖြစ် လူပေါင်း ရာနဲ့ချီ စုဝေးခဲ့ကြပါတယ်။ ၂၀၀၂ ခုနှစ်က ဖြစ်ပွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုအတွင်း လူပေါင်း ၂၀၂ ဦး အသက်ဆုံးရှုံးခဲ့ကြပါတယ်။ 

နှစ်ပတ်လည် အောက်မေ့မှု အခမ်းအနားမှာ ဗုံးကွဲမှုနဲ့ ပတ်သက်တဲ့ မှတ်တမ်း ဖြစ်ရပ်တွေကို ဗီဒီယိုနဲ့ ပြသခဲ့ရာမှာ သေဆုံးသူတွေရဲ့ အနိဋ္ဌာရုံ ပုံရိပ်တွေကို အတိုင်းသား ဖော်ပြထားတာ တွေ့ရပါတယ်။ သေဆုံးသူ တစ်ဦးရဲ့ ကျန်ရစ်သူ မိသားစုဝင် အမျိုးသားက ဒီမှတ်တမ်း ဗီဒီယိုကို ကြည့်မိချိန်မှာ စိတ်ပျက် ဒေါသထွက်မိကြောင်း ပြောပါတယ်။ အဲဒီ ဗီဒီယိုကို ဘယ်သူက တည်းဖြတ် ဖန်တီးထားသလဲ ဆိုတာတော့ မသိရသေးပါဘူး။ 

ဩစတြေးလျ အစိုးရကလည်း ဒီဗီဒီယိုနဲ့ ပတ်သက်လို့ အလေးအနက် စိတ်ပျက်မိတယ်လို့ ပြောပါတယ်။ ဗီဒီယိုထဲက ပုံရိပ်တွေဟာ ကွယ်လွန်သူတွေရဲ့ မိသားစုဝင်တွေ၊ အသက်ရှင် လွတ်မြောက်လာသူတွေကို ထိခိုက် ခံစားရစေတယ်လို့ ဩစတြေးလျ အစိုးရက သဘောထား ထုတ်ပြန်ပါတယ်။ 

ဘာလီကျွန်း ဗုံးကွဲမှုမှာ နိုင်ငံပေါင်း ၂၁ ခုက လူတွေ သေဆုံးပြီး ဩစတြေးလျ နိုင်ငံသား ၈၈ ဦး ပါဝင်ခဲ့ပါတယ်။ ကူတာ ဒေသက နိုက်ကလပ်တွေ စည်ကားရာ ဧရိယာမှာ ဗုံးတွေ ဆက်တိုက် ပေါက်ခဲ့လို့ လာရောက် အပန်းဖြေသူတွေ အသက်ဆုံးရှုံးခဲ့ပြီး အမေရိကန် ကောင်စစ်ဝန်ရုံးနား ပေါက်ကွဲတဲ့ နောက်ဗုံးတစ်လုံးကြောင့်တော့ ထိခိုက်သေပျောက်မှု မရှိခဲ့ပါဘူး။ 

အဲဒီ အကြမ်းဖက် တိုက်ခိုက်မှုကို အယ်လ်ကိုင်ဒါတွေနဲ့ ဆက်စပ်တဲ့ ဒေသခံ စစ်သွေးကြွ အဖွဲ့တစ်ခုက ကျူးလွန်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ၁၀ မိနစ်ကြာ မှတ်တမ်းဗီဒီယိုမှာတော့ ပထမဆုံး ဗုံးပေါက်ကွဲမှုကို ရိုက်ကူးထားတဲ့ ဗီဒီယို ဖြတ်ပိုင်းပါ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး ပေါက်ကွဲမီးလောင်မှုတွေကြောင့် သွေးအလူးလူးနဲ့ ဆောက်တည်ရာမရ ပြေးလွှားနေသူတွေရဲ့ ပုံရိပ်တွေကိုလည်း တည်းဖြတ်မှု မရှိဘဲ ဖော်ပြထားပါတယ်။ ပိုဆိုးတာက နောက်ခံ အသံတွေထဲမှာ ဖြစ်ရပ်ချင်း လုံးဝ မဆက်စပ်တဲ့ အမေရိကန်က 9/11 အကြမ်းဖက်မှုကြီးမှာ လူတွေ အော်ဟစ် ငိုကြွေးနေတဲ့ အသံတွေပါ ရောထည့်ထားတာပါ။ 

ဝေဖန်မှုတွေ ဆူညံစေခဲ့တဲ့ အဲဒီဗီဒီယိုနဲ့ ပတ်သက်လို့ လောလောဆယ်မှာတော့ အင်ဒိုနီးရှား အာဏာပိုင်တွေက တစ်စုံတရာ မှတ်ချက် မပေးသေးဘူးလို့လည်း သိရပါတယ်။