လူသိများတဲ့ OnlyFans စတား တစ်ယောက်ကို စင်ကာပူ ထောင်ဒဏ်ချ 

စင်ကာပူမှာ OnlyFans အကောင့်ဖွင့်ပြီး အဖော်အချွတ် ဓာတ်ပုံတွေ ရောင်းချနေတဲ့ အမျိုးသား မော်ဒယ်လ်တစ်ဦး ထောင်ကျသွားခြင်းက ဥပဒေရေးရာ အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ 

စင်ကာပူမှာ မဆီမလျော် လိင်အသားပေး ပုံရိပ်တွေ၊ ဗီဒီယိုတွေ မျှဝေခြင်းက ဥပဒေနဲ့ မညီညွတ်ဘူး ဆိုပေမယ့် လတ်တလော ခေတ်စားလာတဲ့ OnlyFansက မော်ဒယ်လ်တစ်ယောက် ထောင်ကျသွားတာကတော့ အခုတစ်ကြိမ် ပထမဆုံးပါပဲ။ 

စင်ကာပူ တရားရုံး တစ်ခုက တီတက်စ်လိုကို မလျော်မကန် ဓာတ်ပုံ၊ ဗီဒီယိုတွေ အင်တာနက်ပေါ် တင်တဲ့အတွက် စင်ကာပူဒေါ်လာ ၃၀၀၀ ဒဏ်ငွေရိုက်ပြီး ရဲတွေ တားမြစ်ထားတဲ့ကြားက သူ့အကောင့်ကို ဆက်သုံးစွဲခဲ့တဲ့အတွက် သီးခြားထောင်ဒဏ် ၃ ပတ် ချမှတ်ခဲ့ပါတယ်။ 

စင်ကာပူမှာလည်း OnlyFansကနေ ငွေရှာနေတဲ့ အမျိုးသား၊ အမျိုးသမီးတွေ ရှိတာကြောင့် ဒီအမှုဟာ အားလုံးအတွက် တပ်လှန့်မှု ဖြစ်လာပါတယ်။ စင်ကာပူမှာ အီလက်ထရောနစ် နည်းပညာတွေကနေတဆင့် မလျော်မကန် ဓာတ်ပုံတွေ၊ ပုံရိပ်တွေ ပေးပို့ပြီး အခကြေးငွေ ယူတာဟာ ဥပဒေကြောင်းအရ ပြစ်မှု မြောက်ပါတယ်။ 

တရားရုံးရဲ့ အခုစီရင်ချက်ကြောင့် တခြား OnlyFans အကောင့်ဖွင့်ထားသူတွေပါ သူ့ဆီ ဆက်သွယ် စုံစမ်းတာတွေ ရှိခဲ့ကြောင်း၊ သူ့အနေနဲ့ နားလည်ထားတာကတော့ ကြားလူတစ်ယောက်ရဲ့ သီးသန့် အမှုဖွင့် တိုင်ကြားမှု မရှိရင်တော့ အာဏာပိုင်တွေက ဒီကိစ္စမျိုးအတွက် သီးခြား အမှုဖွင့်နေမှာ မဟုတ်ကြောင်း လိုရဲ့ ရှေ့နေ ကာပယ်လ်ဆင်းက ပြောပါတယ်။ 

အသက် ၂၂ နှစ်အရွယ် လိုကတော့ OnlyFansမှာ ရောင်းချထားတဲ့ သူ့ရဲ့ အဖော်အချွတ် ဓာတ်ပုံကို အသက် ၁၂ နှစ်အရွယ် မိန်းကလေး တစ်ယောက်ရဲ့ ဖုန်းထဲမှာ အဒေါ်ဖြစ်သူက ရှာတွေ့သွားရာကနေ ပြဿနာ တက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အဒေါ်ဖြစ်သူက ရဲတွေဆီ တိုင်ကြားတာကြောင့် အမှုဖွင့် ခံခဲ့ရပါတယ်။ 

လိုဟာ OnlyFansမှာ အကောင့်ဖွင့်တာ မကြာသေးပေမယ့် ပြည်တွင်းမှာ တောင်းဆိုမှု အများဆုံး မော်ဒယ်လ်တစ်ယောက် ဖြစ်လာပါတယ်။ အမှုအခင်းကိစ္စ ဖြစ်ပြီးတဲ့နောက် ရဲတွေက သူ့ရဲ့ဖုန်း၊ iPadတွေကို သိမ်းဆည်းထားပြီး OnlyFans အကောင့်ကို ဆက်မသုံးဖို့ တားမြစ်ခဲ့ပေမယ့် လိုကတော့ ဆက်သုံးစွဲခဲ့တာကြောင့် ထောင်ကျတဲ့ထိ ပြစ်ဒဏ် ကျခံခဲ့ရတာပါ။ 

လိုဟာ OnlyFansမှာ အခပေးကြည့်ရှုသူ ၂ သိန်း ၁ သောင်းကျော် ပိုင်ဆိုင်ထားပြီး လူမှုကွန်ရက်တွေပေါ်မှာ လူသိများသူ တစ်ယောက် ဖြစ်တာကြောင့် သူ့ရဲ့ အမှုအပေါ် ပြည်တွင်းမှာ စိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။ 

လိုရဲ့ရှေ့နေ ဆင်းက ပြီးခဲ့တဲ့လမှာ မြန်မာ စစ်ကောင်စီက OnlyFansမှာ ဓာတ်ပုံတွေ တင်ခဲ့တယ်ဆိုပြီး မော်ဒယ်လ် နန်းမွေစံကို ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့တဲ့ ကိစ္စနဲ့ လိုရဲ့ အမှုဟာ အခြေအနေချင်း မတူဘူးလို့လည်း ဆိုပါတယ်။ နန်းမွေစံကို စစ်ကောင်စီက ထောင်ဒဏ်ချခဲ့ရာမှာ နောက်ကွယ်က နိုင်ငံရေး ကိစ္စတွေ ပါဝင်နေလိမ့်မယ်လို့ ဆင်းက ပြောကြားသွားပါတယ်။