ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်တွေ စာရင်းမှာ ဗြိတိန်နဲ့ အမေရိကန် တက္ကသိုလ်တွေ ဦးဆောင်စဲ

အခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်တွေ စာရင်းမှာ တရုတ် တက္ကသိုလ်တွေရဲ့ ရပ်တည်မှုက အခြေအနေ ပိုတိုးတက်လာပေမယ့် ထိပ်ဆုံးအဆင့်တွေမှာတော့ အနောက်နိုင်ငံကြီးတွေက လွှမ်းမိုးထားဆဲ ဖြစ်ပါတယ်။ 

ဗြိတိန်ပညာရေး သုတေသန မဂ္ဂဇင်း တစ်ခုဖြစ်တဲ့ Times Higher Educationက နှစ်စဉ်နှစ်တိုင်း ကမ္ဘာ အရပ်ရပ်က တက္ကသိုလ်တွေရဲ့ ဘက်ပေါင်းစုံ အရည်အသွေးတွေကို လေ့လာဆန်းစစ်ပြီး အခုစာရင်းကို ထုတ်ပြန်လေ့ ရှိခဲ့ပါတယ်။ 

ဒီနှစ်မှာတော့ တရုတ် တက္ကသိုလ်တွေက ထိပ်ဆုံး ၁၀၀ စာရင်းမှာ ခြေကုပ် ပိုမြဲမြံလာပြီး အမေရိကန် တက္ကသိုလ်တွေကတော့ ထိပ်ဆုံး ၁၀၀ စာရင်းကနေ ၅ နှစ်ဆက်တိုက် အရေအတွက် ကျဆင်းလာတာကို တွေ့ခဲ့ရပါတယ်။ 

ထိပ်ဆုံး ၁၀ နေရာ စာရင်းကို အမေရိကန်နဲ့ ဗြိတိန် တက္ကသိုလ်တွေက လွှမ်းမိုးထားဆဲ ဖြစ်ပေမယ့် ထိပ်ဆုံး ၁၀၀ စာရင်းကို ခြုံကြည့်ရင်တော့ ၂၀၁၈ မှာ အမေရိကန် တက္ကသိုလ် ၄၃ ခု ပါဝင်ခဲ့ရာကနေ အခုဆိုရင် ၃၄ ခုပဲ ရှိတော့တာ တွေ့ရပါတယ်။ အဲဒီ ကာလအတွင်း တရုတ်တက္ကသိုလ် အရေအတွက်က ၂ ခုကနေ ၇ ခုထိ တိုးပွားလာပါတယ်။ 

ဒီကိန်းဂဏန်းတွေကိုကြည့်ရင် ကမ္ဘာ့ ပညာရေးဆိုင်ရာ စီးပွားရေး ကဏ္ဍဟာ အနောက်နိုင်ငံတွေကသာ ကြီးစိုး လွှမ်းမိုးထားတဲ့ အနေအထားကနေ သိသိသာသာ ဟန်ချက်ပြောင်းလဲစ ပြုလာတာကို မြင်နိုင်တယ်လို့ Times Higher Educationရဲ့ ပညာရပ် သုတေသနဌာန အကြီးအကဲ ဖီးလ်ဘာတီက ပြောပါတယ်။ 

လက်ရှိ အချိန်မှာတော့ ဗြိတိန်ရဲ့ အောက်စ်ဖို့ဒ် တက္ကသိုလ်က ကမ္ဘာ့အကောင်းဆုံး နံပါတ် ၁ အဖြစ် ရပ်တည်နေပြီး အမေရိကန်ရဲ့ ဟားဗက် တက္ကသိုလ်၊ ဗြိတိန်ရဲ့ ကင်းဘရစ်ဂျ် တက္ကသိုလ်၊ အမေရိကန်ရဲ့ စတန်းဖို့ဒ်နဲ့ မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ်တွေက ထိပ်ဆုံး ၅ နေရာမှာ ဆက်တိုက် ရပ်တည်နေပါတယ်။ ထိပ်ဆုံး ၁၀ နေရာစလုံးက အမေရိကန်နဲ့ ဗြိတိန် တက္ကသိုလ်တွေ လက်ထဲမှာပဲ ဆက်ရှိနေပြီး အဆင့် ၁၁ နေရာမှာသာ ဆွစ်ဇာလန်ရဲ့ အီးတီအိတ်ချ် ဇူးရစ်ချ် တက္ကသိုလ်က အဲဒီနှစ်နိုင်ငံ ပြင်ပကနေ ပါဝင်လာတာ တွေ့ရပါတယ်။ 

တရုတ် တက္ကသိုလ်တွေထဲမှာ အဆင့်အမြင့်ဆုံးအဖြစ် တီဆင်ဟွာနဲ့ ပီကင်းတက္ကသိုလ်တွေက စာရင်းရဲ့ အဆင့် ၁၆ နဲ့ ၁၇ မှာ အစဉ်လိုက် ရပ်တည်နေပြီး အဆင့် ၁၉ ကို ရောက်နေတဲ့ စင်ကာပူ အမျိုးသား တက္ကသိုလ်ကတော့ အရှေ့တောင်အာရှ ဒေသရဲ့ အကောင်းဆုံး တက္ကသိုလ်အဖြစ် ရှိနေခဲ့ပါတယ်။