ပူတင်က နျူကလီးယားလက်နက် မသုံးလောက်ဘူးလို့ ဘိုင်ဒန် မှတ်ချက်ပေး 

ရုရှား အနေနဲ့ ယူကရိန်း စစ်ပွဲမှာ နျူကလီးယား လက်နက် တစ်ခုခု ထုတ်သုံးမယ်လို့ မယုံကြည်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။ 

တကယ်လို့ နျူကလီးယားလက်နက် သုံးလိုက်ပြီ ဆိုတာနဲ့ ဆိုးရွားလွန်းတဲ့ အကျိုးဆက်တွေ ကြုံလာနိုင်တာကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်လည်း သဘောပေါက်ထားပြီး ဖြစ်လိမ့်မယ်လို့ ဘိုင်ဒန်က ဆိုပါတယ်။ 

အစောပိုင်းတုန်းက ဘိုင်ဒန်ဟာ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး နျူကလီးယား လက်နက်ကြောင့် ကမ္ဘာပျက်ကိန်းက ပိုမို နီးကပ်လာပြီလို့ မှတ်ချက် ပေးခဲ့ဖူးပါတယ်။ ဒီစကားဟာ ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် ကမ္ဘာကြီးအပေါ် နျူကလီးယား ခြိမ်းခြောက်မှု မြင့်တက်လာတာကိုသာ ရည်ညွှန်းပြီး ရုရှားက သေချာပေါက် နျူကလီးယား လက်နက်တွေ ထုတ်သုံးလာမယ်လို့ မဆိုလိုကြောင်း ဘိုင်ဒန်က ဖြေရှင်းပါတယ်။ 

CNN သတင်းဌာနရဲ့ ဂျိတ်ခ်တက်ပါနဲ့ အင်တာဗျူး အစီအစဉ်မှာ ရုရှားအနေနဲ့ နျူကလီးယား လက်နက်တွေ သုံးလာနိုင်သလားဆိုတဲ့ မေးခွန်းကို ဘိုင်ဒန်က ပူတင်ဟာ ဒီလက်နက်တွေ သုံးလိမ့်မယ်လို့တော့ မထင်ကြောင်း၊ တကယ်တမ်းဆိုရင် ဒီလက်နက်မျိုးတွေ သုံးပါမယ်လို့ ပြောဆိုနေတာတောင်မှ ပူတင်အတွက် တာဝန်မဲ့လွန်းရာ ကျနေကြောင်း ဖြေကြားခဲ့ပါတယ်။ 

နျူကလီးယား လက်နက်တွေ သုံးခဲ့မယ်ဆိုရင် ရလဒ်က မှန်းဆလို့ မရလောက်အောင် ကြောက်စရာ ကောင်းသွားမှာ သေချာကြောင်း၊ နောက်ဆက်တွဲ အနေနဲ့ ကမ္ဘာစစ်၊ ဒါမှမဟုတ် နိုင်ငံတကာ ပဋိပက္ခ အကြီးကြီး ဖြစ်သွားနိုင်ကြောင်း၊ ဒါပေမဲ့ အမှားတွေကို လူတွေကပဲ ကျူးလွန်တတ်ပြီး ခန့်မှန်းချက် ဆိုတာတွေကလည်း လွဲချော်တတ်ကြောင်း၊ ဒီတော့ ဘာတွေဖြစ်လာမလဲ ဆိုတာကို ဘယ်သူမှ ကြိုမသိကြောင်း ဘိုင်ဒန်က ဆက်ပြောပါတယ်။ 

ယူကရိန်း အရှေ့ပိုင်းမှာ စစ်ရေးအရ ရှုံးနိမ့်မှုတချို့ စကြုံလာတဲ့နောက် ပူတင်က လိုအပ်ရင် နျူကလီးယားလက်နက်တွေ ထုတ်သုံးကောင်း သုံးလာနိုင်ကြောင်း အရိပ်အမြွက် စကားတချို့ ပြောဆိုခဲ့ပါတယ်။ ပူတင်ဟာ ယူကရိန်း ကျူးကျော်စစ်ကို စတင်ဆင်နွှဲပြီး တစ်လလောက် အကြာမှာတင် နိုင်ငံရဲ့ မဟာဗျူဟာ နျူကလီးယား တပ်ဖွဲ့တွေကိုလည်း အသင့်အနေအထား တပ်လှန့်ထားဖို့ အမိန့်ပေးခဲ့ဖူးပါတယ်။