ရော်နယ်လ်ဒိုကို အလိုရှိနေတဲ့ ဘက်ဟမ်း

မန်ချက်စတာ ယူနိုက်တက် ထွက်ခွာတော့မယ်လို့ သတင်းကြီးနေတဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ ဒေးဗစ်ဘက်ဟမ်းက အလိုရှိနေကြောင်း သိရပါတယ်။ 

အမေရိကန် မေဂျာလိဂ်မှာ ဘက်ဟမ်း ပိုင်ဆိုင်ထားတဲ့ အင်တာ မီယာမီ အသင်းဟာ ဇန်နဝါရီ စျေးကွက်ဖွင့်ချိန်မှာ ပေါ်တူဂီ တိုက်စစ်မှူးကို ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သတင်းတွေက ဆိုပါတယ်။ ဘက်ဟမ်းဟာ ယူနိုက်တက်ကို ရော်နယ်လ်ဒို ပြောင်းမလာမီ ဂျူဗင်းတပ်စ် အသင်းမှာ ရှိနေချိန်တုန်းကလည်း ကမ်းလှမ်းဖူးပေမယ့် မအောင်မြင်ခဲ့ပါဘူး။ 

ဘက်ဟမ်းနဲ့ ရော်နယ်လ်ဒိုတို့ဟာ ကစားသမား ဘဝတုန်းကတော့ တွဲကစားဖြစ်ဖို့ အကြောင်းကံ မပါခဲ့ပါဘူး။ ဘက်ဟမ်း ယူနိုက်တက်က ထွက်ခွာသွားချိန်မှာ ရော်နယ်လ်ဒိုက အစားထိုး ဝင်ရောက်ခဲ့ဖူးသလို ဘက်ဟမ်း ထွက်ခွာသွားပြီး နောက်ပိုင်းကျမှ ရီးရဲလ်မက်ဒရစ်က ရော်နယ်လ်ဒိုကို စာချုပ်ဖြစ်ခဲ့ပါတယ်။ 

ရော်နယ်လ်ဒိုဟာ လောလောလတ်လတ် အနေနဲ့ ကလပ်အသင်းအဆင့် သွင်းဂိုး ၇၀၀ ပြည့်မြောက်တဲ့ ပထမဆုံး ဘောလုံးသမားအဖြစ် စံချိန်မှတ်တမ်းသစ် ရေးထိုးလာနိုင်ပေမယ့် သူ့ရဲ့ ယူနိုက်တက် အသင်းဖော်ဟောင်းနဲ့ လက်ရှိ ဒီစီယူနိုက်တက် မန်နေဂျာဖြစ်သူ ဝိန်းရွန်နေးကတော့ အသက် ၃၇ နှစ်အရွယ် ရော်နယ်လ်ဒိုဟာ အကောင်းဆုံး ကာလတွေကို ကျော်လွန်သွားပြီလို့ သုံးသပ်ထားပါတယ်။ ရော်နယ်လ်ဒိုဟာ စိတ်ဓာတ် မာကြောသူ တစ်ဦးဆိုတာ သံသယ မရှိပေမယ့် သူ့ခန္ဓာကိုယ်ကတော့ အသက် ၂၂ နှစ်၊ ၂၃ နှစ် အရွယ်တွေလို မကစားနိုင်တော့ကြောင်း ရွန်နေးက ဆိုပါတယ်။ 

ယူနိုက်တက်ကလည်း သင့်တော်တဲ့ ကမ်းလှမ်းမှုရှိရင် ဇန်နဝါရီ စျေးကွက်ကာလမှာ ရော်နယ်လ်ဒိုကို ထွက်ခွာခွင့်ပေးဖို့ ရည်ရွယ်ထားတာကြောင့် ဘက်ဟမ်းက ရော်နယ်လ်ဒိုကို ချဉ်းကပ်ဖို့ အချိန်အခါကောင်း ရောက်လာပြီလို့ ယူဆနေပါတယ်။ ဒါပေမဲ့ ရော်နယ်လ်ဒို ကိုယ်တိုင်က ဥရောပမှာ ဆက်ကစားဖို့ ဆန္ဒရှိနေတာကြောင့် ဘက်ဟမ်း အတွက်တော့ အတော်လေး ကြိုးစား စည်းရုံးရဖွယ် ရှိနေပါတယ်။ 

အင်တာ မီယာမီ အသင်းဟာ သူတို့ရဲ့ အဓိက နာမည်ကျော် ကစားသမားအဖြစ် အာဂျင်တီးနား တိုက်စစ်မှူး ဂွန်ဇာလို ဟီဂူရင်းကို ခေါ်ယူထားပေမယ့် သူကလည်း မကြာခင်မှာ ဘောလုံးသမား ဘဝက အနားယူတော့မှာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေအရ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ၅ ကြိမ် ရခဲ့ဖူးတဲ့ ရော်နယ်လ်ဒိုကို ခေါ်ယူ အားဖြည့်ခြင်းက အသင်းရဲ့ ပုံရိပ်ကို မြှင့်တင်ရာမှာ မဟာဗျူဟာအကျဆုံး ရွေးချယ်မှု ဖြစ်လာမယ်လို့ ဘက်ဟမ်းက ယူဆနေကြောင်းလည်း သိရပါတယ်။