ခေတ်နဲ့ ဆီလျော်တဲ့ နန်းတက်ပွဲမျိုး ကျင်းပဖို့ ချားလ်စ်ဘုရင် ညွှန်ကြားထား 

ဗြိတိန်ဘုရင် ချားလ်စ်ဟာ သူ့ရဲ့ နန်းတက်ပွဲကို ပိုပြီး ခေတ်မီတဲ့၊ မျက်မှောက်ခေတ်နဲ့ ပိုပြီး သင့်တင့်ဆီလျော်တဲ့ အပြောင်းအလဲမျိုးတွေနဲ့ ကျင်းပဖို့ လမ်းညွှန်ထားကြောင်း သိရပါတယ်။ 

အသက် ၇၃ နှစ်အရွယ် ချားလ်စ်ဘုရင်ဟာ မိခင် အဲလိဇဘက်သ် ဘုရင်မကြီး ကွယ်လွန်သွားတဲ့နောက် ထီးနန်း အရိုက်အရာကို ဆက်ခံခဲ့ပြီး ဖြစ်ပေမယ့် နန်းတက်ပွဲတော့ မကျင်းပရသေးပါဘူး။ နန်းတော်က ချားလ်စ်ရဲ့ နန်းတက်ပွဲ ကိစ္စကို စီစဉ်နေပေမယ့် အချက်အလက်တွေ ဘာမှ မထုတ်ပြန်သေးဘဲ လျှို့ဝှက်ထားပါတယ်။ 

ဒါပေမဲ့ ဗြိတိန် မီဒီယာ တစ်ခုဖြစ်တဲ့ Mail on Sundayက နန်းတက်ပွဲနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေကို ကြိုတင် ဖွင့်ချလာခဲ့ပါတယ်။ နန်းတက်ပွဲကို လာမယ့်နှစ်၊ ဇွန်လ ၃ ရက်နေ့မှာ လျာထားပြီး နော်ဖော့ခ် နယ်စား မင်းသားကြီး အက်ဒွပ်နဲ့ အိမ်ရှေ့မင်းသား ဝီလျံတို့က ဦးဆောင် စီမံနေတယ်လို့ Mail on Sundayက ဆိုပါတယ်။ 

ဗြိတိန်ဟာ ၇၅ နှစ်တာလောက် ကာလအတောအတွင်း ပထမဆုံးအကြိမ် နန်းတက်ပွဲတစ်ခုကို တွေ့မြင်ရတော့မှာပါ။ ချားလ်စ်ဘုရင်က မျက်မှောက်ခေတ်ဟာ သူ့မိခင် နန်းတက်ခဲ့တဲ့ လွန်ခဲ့တဲ့ ၇၅ နှစ်တာ ကာလနဲ့ ယှဉ်ရင် အကြီးအကျယ် ပြောင်းလဲသွားပြီ ဆိုတာကို လက်ခံထားပြီး နန်းတက်ပွဲ အစီအစဉ်တွေကို ခေတ်နဲ့အညီ ပြောင်းလဲဖို့ ညွှန်ကြားထားကြောင်း သိရပါတယ်။ 

အဲလိဇဘက်သ်ရဲ့ နန်းတက်ပွဲဟာ ၃ နာရီလောက် ကြာခဲ့ပေမယ့် ချားလ်စ်လက်ထက်မှာတော့ ၁ နာရီ ဝန်းကျင်ပဲ ကြာညောင်းနိုင်ဖွယ် ရှိပါတယ်။ ပြီးတော့ နန်းတက်ပွဲ ထုံးတမ်းစဉ်အလာ တော်တော်များများကို လျှော့ချပစ်ဖို့လည်း ချားလ်စ်က နန်းတော် တာဝန်ရှိသူတွေကို တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။ အဲလိဇဘက်သ်ရဲ့ ရွေးကောက်ပွဲမှာ ဧည့်ပရိသတ် ၈၀၀၀ လောက်ကို ဖိတ်ကြားဖူးပေမယ့် ချားလ်စ်ကတော့ ၂၀၀၀ ဝန်းကျင်လောက်သာ သင့်တော်မယ်လို့ ယူဆနေပါတယ်။ 

နောက်ပြီး အရင်က ဗြိတိန် နန်းတက်ပွဲတွေမှာ ဧည့်ပရိသတ်တွေဟာ ထုံးတမ်းစဉ်လာနဲ့ ညီညွတ်တဲ့ ဝတ်ရုံကြီးတွေ မဖြစ်မနေ ဝတ်ဆင်လာရပေမယ့် ချားလ်စ်ကတော့ ခေတ်နဲ့ လျော်ညီအောင် အနောက်တိုင်း ဝတ်စုံနဲ့ပဲ ပွဲတက်စေဖို့ ခွင့်ပြုသွားမယ်လို့လည်း သိရပါတယ်။ 

ဒါပေမဲ့ ဘုရင်မကြီး နန်းတက်တုန်းက သုံးခဲ့တဲ့ ရွှေရထားလုံးကိုတော့ နောက်တစ်ကြိမ် ပြန်မြင်ရဖွယ် ရှိနေတယ်လို့ နန်းတော်နဲ့ နီးစပ်တဲ့ ရင်းမြစ်တွေက Mail on Sundayကို ပြောပါတယ်။ သေချာတာကတော့ ချားလ်စ်ရဲ့ နန်းတက်ပွဲ မိခင်လက်ထက်ကနဲ့ ယှဉ်ရင် လူလည်းပိုနည်း၊ အချိန်လည်း ပိုတိုမယ်လို့ အတွင်းသိတွေက ဆိုပါတယ်။ 

ချားလ်စ်ဟာ စက်တင်ဘာ ၈ ရက်မှာ မိခင်ဖြစ်သူ ကွယ်လွန်ချိန် ကတည်းက ဘုရင်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ နန်းတက်ပွဲ ကျင်းပဖို့ကတော့ လပေါင်း အတော်ကြာ အချိန်ယူရဦးမယ်လို့ နန်းတော်က ထုတ်ပြန်ထားပါတယ်။ ချားလ်စ်ဟာ ဗြိတိန်နိုင်ငံ သမိုင်းမှာ နန်းတက်ပွဲ ကျင်းပချိန် အသက်အကြီးဆုံး ဘုရင်အဖြစ်လည်း မှတ်တမ်းဝင်လာမယ်လို့ သိရပါတယ်။