စစ်အင်အား ဖြည့်တင်းနေပေမယ့် တရုတ်နဲ့ စစ်ဖြစ်ဖို့ မလိုလားကြောင်း ထိုင်ဝမ်သမ္မတပြော

Photo – Reuters

နိုင်ငံရဲ့ စစ်ရေးစွမ်းရည်ကို အစဉ်တစိုက် မွမ်းမံ ချဲ့ထွင်နေပေမယ့် တရုတ်နဲ့ စစ်ဖြစ်ဖို့တော့ လုံးဝ မလိုလားကြောင်း ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ်က ပြောကြားသွားပါတယ်။ 

အောက်တိုဘာ ၁၀ ရက်မှာ ဆိုင်က ကျွန်းနိုင်ငံလေး ထိုင်ဝမ်ရဲ့ စစ်ရေးစွမ်းရည် တိုးမြှင့်မယ့် အစီအစဉ် အသစ်တွေကို ထုတ်ပြန် ကြေညာသွားပေမယ့် တရုတ်နဲ့ စစ်ရေး ပဋိပက္ခတွေ ပေါ်မလာစေချင်ကြောင်း အတည်ပြုသွားပါတယ်။ တကယ်တမ်း စစ်ဖြစ်ကြမယ်ဆိုရင် နှစ်ဖက်စလုံးအတွက် ကောင်းကျိုး မရှိဘူးဆိုတာ ဘေဂျင်းက ပုဂ္ဂိုလ်တွေကို သိစေချင်တယ်လို့ ဆိုင်က ထိုင်ဝမ်ရဲ့ အမျိုးသားနေ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။ 

သူက ကပ်ရောဂါ ဂယက်ကြောင့် တင်းကျပ်ထားတဲ့ တရုတ်-ထိုင်ဝမ် နယ်စပ် အဝင်အထွက် စည်းမျဉ်း သတ်မှတ်ချက်တွေကို ပြန်လည် ဖြေလျှော့ပေးတော့မှာဖြစ်ပြီး ဒီကိစ္စက နှစ်ဖက် ဆက်ဆံရေး အေးခဲမှုတွေကို လျော့ပါးသွားစေဖို့ မျှော်လင့်တယ်လို့လည်း ဆိုပါတယ်။ 

တစ်ချိန်တည်းမှာပဲ ဆိုင်က ထိုင်ဝမ်ဟာ ဒုံးကျည်တွေ၊ ရေယာဉ် အသစ်တွေ အပါအဝင် စစ်လက်နက်တွေ အလုံးအရင်း ဝယ်ယူပြီး နိုင်ငံရဲ့ ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်သွားမယ်လို့လည်း အတည်ပြုခဲ့ပါတယ်။ ဒီလို စစ်လက်နက်တွေ ဝယ်ယူနေတာဟာ ထိုင်ဝမ်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အတွက်သာ ရည်စူးပြင်ဆင်တဲ့ အဓိပ္ပါယ်လို့လည်း ဆိုင်က ပြောပါတယ်။ 

တရုတ်ဟာ ထိုင်ဝမ်ရဲ့ ပါတီစုံ ဒီမိုကရေစီ ထွန်းကားမှုကို နိုင်ငံရေး ပျော့ကွက် တစ်ခုလို့ ယူဆပြီး ထိုင်ဝမ် လူ့အဖွဲ့အစည်းကို သွေးခွဲဖို့ ကြိုးစားမယ်ဆိုရင် အကြီးအကျယ် မှားလိမ့်မယ်လို့လည်း ဆိုင်က သတိပေးသွားပါတယ်။ အောက်တိုဘာ ၁၀ ရက်၊ အမျိုးသားနေ့ အခမ်းအနားမှာ ထိုင်ဝမ်ရဲ့ တိုက်လေယာဉ်တွေ၊ Chinook ရဟတ်ယာဉ်တွေကလည်း ပျံသန်းပြီး အင်အားပြခဲ့ကြပါတယ်။ 

ဩဂုတ်လတုန်းက အမေရိကန် လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလော့စီရဲ့ ထိုင်ဝမ် ခရီးစဉ်အပြီး ထိုင်ဝမ် ရေလက်ကြား ဒေသမှာ တင်းမာမှုတွေ မြင့်တက်နေတဲ့အချိန် ဆိုင်က အခုလို မိန့်ခွန်းမျိုး ပြောသွားခဲ့တာပါ။ တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပေမယ့် ဒီမိုကရေစီ စနစ် ပီပီပြင်ပြင် ပေါ်ထွန်းနေတဲ့ ထိုင်ဝမ်ကတော့ သီးခြားရပ်တည်မှုကိုသာ လိုလားနေတာ ဖြစ်ပါတယ်။