ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင်နဲ့ သားမက်တို့ရဲ့ဖုန်းထဲက စစ်တပ်ထောက်တိုင်တွေရဲ့ အချက်အလက် တွေရရှိထားတယ်လို့ဆို

ရန်ကုန်မြို့နေအိမ်မှာ ပစ်သတ်ခံခဲ့ရတဲ့ ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင်နဲ့ သားမက်ဖြစ်သူတို့ရဲ့ လက်ကိုင်ဖုန်းတွေက တဆင့် စစ်တပ်ထောက်တိုင်တွေရဲ့အချက်အလက်တွေနဲ့ လျှို့ဝှက်သတင်းတွေကို ရရှိထားပြီး ဆက်လက် ချေမှုန်း သွားမှာဖြစ်တယ်လို့ Inya Urban Force (IUF)က ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။

“အုန်းသွင်ဖုန်းက iphone ဖြစ်ပေမယ့် Lock မချထားတော့ ဖုန်ထဲကအချက်အလက်တွေရဖို့ အထူးတလည် အား စိုက်စရာမလိုခဲ့ ဘူး၊ သူ့သားမက်ဖုန်းကတော့ lock ရှိထားတော့ သြစတေးလျအထိဖုန်းကို ပို့ပြီး အဲဒီက နည်းပညာ ရှင်တွေနဲ့ ခက်ခက်ခဲခဲ data backup ပြန်လုပ်လိုက်ရတယ်၊အချက်အလက်အကုန်မဟုတ်ပေမယ့် တော်တော်များ များကို ကျွန်တော်တို့ရထားပါတယ် ”လို့ Inya Urban Force အဖွဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။

ပစ်ခတ်မှုအတွင်းသေဆုံးခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်းအုန်းသွင်နဲ့ သားမက်ဖြစ်သူတို့ရဲ့ လက်ကိုင်ဖုန်းတွေထဲကနေ အကြမ်းဖက်စစ်တပ်နဲ့ ဆက်နွယ်သူတွေ၊စစ်တပ်အားပေးသူတွေရဲ့ သတင်းအချက်အလက်တွေကို အခိုင်အမာ ရရှိ ထားတယ်လို့ ဆိုပါတယ်။
“ဖုန်းထဲကအချက်အလက်တွေကိုအခြေခံပြီး စကစထောက်တိုင်တွေကို ဖြိုချဖျက်ဆီးဖို့ ကျွန်တော်တို့ ကိုယ်တိုင် လည်း လုပ်သင့်လုပ်ထိုက်တာဆက်လုပ်မယ် ၊ တခြားအဖွဲ့အစည်းတွေကိုလည်း ဒီဖုန်းထဲက သတင်းအချက်အ လက်တွေကို မျှဝေမယ်” လို့ IUF တာဝန်ရှိသူကပြောပါတယ်။

နဝတခေတ် သံအမတ်ကြီးဟောင်းနဲ့ ဗိုလ်မှူးချုပ်ဟောင်း ဦးအုန်းသွင်နဲ့ သားမက်ဖြစ်သူ ဗိုလ်ကြီးဟောင်းတို့ဟာ ရန်ကုန်မြို့၊လှိုင်မြို့နယ်က နေအိမ်မှာ စက်တင်ဘာ (၂၆)ရက်က ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတာပါ။ အဲ့ဒီပစ်ခတ် သတ် ဖြတ်မှုဟာ စစ်ခေါင်းဆောင်တွေအကြား ဂယက်ပြင်းထန်ခဲ့ပြီး စိုးရိမ်မှုတွေမြင့်တက်စေခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

ပစ်ခတ်မှု ဖြစ်စဉ်အပြီး သီတင်းပတ်အနည်းငယ်အကြာမှာတော့ အဲ့ဒီပစ်ခတ်မှုမှာပါဝင်ခဲ့သူတွေကို ခြေရာခံ ဖမ်းမိ ထားပြီဖြစ်တယ်လို့ စစ်အုပ်စီထောက်ခံသူတွေဘက်က ဝါဒဖြန့်သတင်းလွှင့်နေတာတွေရှိပေမယ့် IUF ကတော့ အဲ့ဒီပြောဆိုမှုတွေဟာ မမှန်ကန်ဘူးလို့ ဒီကနေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင် ပစ်ခတ်မှုမှာပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေဟာ လက်ရှိမှာ လုံခြုံစိတ်ချရတဲ့ နယ်မြေတွေ မှာ ရောက်ရှိနေပြီဖြစ်တယ်လို့ဆိုပါတယ်။

“ကျွန်တော်တို့ကိုမိပါပြီလို့ သတင်းလွှင့်နေတာက သူ့လူတွေကိုပါ ဝါဒပြန်ဖြန့်ပြီး အားပေးနေရတဲ့သဘော ရှိ တယ်” လို့ IUF တာဝန်ရှိသူက ဆိုပါတယ်။အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုကို IUF အဖွဲ့နဲ့အတူ အမည်မဖော်လိုတဲ့ မြို့ ပြပြောက် ကျား အဖွဲ့တဖွဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင်နဲ့ သားမက်ဖြစ်သူတို့ရဲ့ နာရေးကို ရန်ကုန်မြို့ တပ်မတော်စစ်သင်္ချိုင်းမှာ စစ်ကောင်စီ လုံခြုံရေး အင်အားအများအပြား နဲ့ပြုလုပ်ခဲ့ပါတယ်။