ဝမ်းတွင်းမြို့ရဲစခန်းက ယာယီစခန်းမှူး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် ရဲစခန်း ယာယီစခန်းမှူးနဲ့ နယ်ထိန်းခေါင်းဆောင်ပူးတွဲတာဝန်ယူထားတဲ့ ရဲအုပ်စောနိုင်(ခ)ဗိုလ်စောကို ပစ်ခတ်ခဲ့လို့ နေရာမှာပဲသေဆုံးခဲ့ကြောင်း Wundwin Township Revolution Force(WTRF) က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ထောက်တိုင်တစ်ခုဖြစ်တဲ့ ဝမ်းတွင်းစခန်းမှူး ရဲအုပ် စောနိုင်ဦး (ခ) ဗိုလ်စော ကို သတင်းကျွတ်တော်လှန်ရေးအတွက် အောက်တိုဘာ ၉ ရက် မနေ့က ညနေပိုင်းမှာ သေနတ်နဲ့ ခြောက်ချက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

“ဒီလူက အရင်ထဲက ဒီနယ်မှာရှိတော့ NLD ထောက် ခံအိမ်တွေဆို သူကတော်တော်မျက်မှန်းတန်းမိနေသူပါ၊အဲ့တော့ သူကပဲ ဒုက္ခပေးချင်ရင် စခနဲ့ပေါင်းပြီး မဆီမဆိုင် ပြည်သူကို ခြိမ်းခြောက် ရန်လုပ်ငွေညှစ်ပါတယ်၊ သူက ရှေ့မီ နောက်မီဖြစ်နေတော့ သူ့လက်စွဲတော်တွေနဲ့ စခတွေရဲ့ အစေခံသက်သက်လုပ်ပြီး ကိုယ့်မြို့နယ်ကို မအေးချမ်းအောင် လုပ်နေတာပါ၊ ဒါကြောင့် ရှင်းလင်းခဲ့တာပါ” လို့ WTRF ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။

ယာယီရဲစခန်းမှူး စောနိုင်ဦး(ခ)ဗိုလ်စောဟာ မြို့ တွင်းမှာ ကားနဲ့သွားလာနေချိန် ဝမ်းတွင်းမြို့ အမှတ်(၁)ရပ်ကွက်ရုံးရှေ့မှာ ပစ်ခတ်ခံရတာဖြစ်ပြီးနေရာမှာပဲသေဆုံးခဲ့ပေမယ့် သူ့ရဲ့ခြောက် လုံးပြူးသေနတ်ကို​​တော့လုံခြုံရေး အခြေအနေအရ မယူခဲ့ရဘူးလို့ WTRF ကဆိုပါတယ်။

ယာယီစခန်းမှူးပစ်သတ်ခံရပြီးနောက် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေက အခင်းဖြစ်တဲ့နေရာအနီးမှာ စစ်ဆေး မေးမြန်းတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

“အတွင်းလူပါမှန်းသိလို့ သူတို့အချင်းချင်းထဲက စစ်ဆေးနေတယ်ကြားပါတယ်၊ တခြားတော့ အနီးကပြည်သူတွေ ဘယ်သူဘယ်ဝါသိလဲလို့ ခွေးတွေက လိုက်မေးတာ ဘယ်သူမှမသိတော့ ဒေါသတွေထွက် ဗျောက်တွေဖောက်ပေါ့” လို့ သူကဆက်ပြောပါတယ်။

ဝမ်းတွင်းမြို့ထဲမှာ အောက်တိုဘာ ၇ ရက်ကလည်း ဆိုင်ကယ်နဲ့ ကင်းလှည့်နေတဲ့ ရဲနှစ်ယောက်ကို WTRF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ရဲနှစ်ဦးသေဆုံးခဲ့ပါသေးတယ်။