တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ RCSS ကမ်းလှမ်း

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ဒီကနေ့ အောက်တိုဘာ၁၀ ရက်မှာ ကမ်းလှမ်းချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

သျှမ်းပြည်နဲ့ ပြည်ထောင်စုအတွင်းကတိုင်းရင်းသားလက်နက်ကိုင်တွေကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ လ (၁၀) ရက်နေ့ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်အထိ တနှစ်အတွင်းတွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“အဓိကကတော့ ကျွန်တော်တို့က ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီဆိုတော့လေ ရှမ်းပြည်ထဲမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကိုပဲ ဦးတည်တာပါ၊ ရည်ရွယ်ချက်ကတော့ ထုတ်ပြန်ချက်ထဲမှာပါတဲ့အတိုင်း အပြန်အလှန် ဝင်ထွက်သွားလာဆက်ဆံရေး၊ အထင်မှားမှုလျှော့ချရေး၊ ယုံကြည်မှု တည်ဆောက်ရေး၊ လူထုအကျိုးအတွက် နိုင်ငံရေးနည်းလမ်းနဲ့ ပြဿနာတွေဖြေရှင်းနိုင်ရေးတို့ ပေါ့နော်” လို့ RCSS မှ ဗိုလ်မှူး ခမ်းစံက DNA ကိုပြောပါတယ်။

RCSS အနေနဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကလည်း အခုလို ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းဆွေးနွေးခဲ့တာတွေရှိခဲ့ပြီး အခုလက်ရှိမှာတော့ ဘယ်အဖွဲ့တွေက လာရောက်ဆွေးနွေးမယ်ဆိုတာ ပြောလို့မရသေးဘူးလို့ ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးတာကနေ မဟာမိတ်ဖြစ်လာနိုင်ရေး၊ စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအထိ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ကြောင်း RCSS က ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

အခုလို ကမ်းလှမ်းတဲ့ ထုတ်ပြန်ချက်ထွက်ပေါ်လာအပြီးမှာRCSS အနေနဲ့ စစ်ကောင်စီကိုယ်စား ကြားဝင်စေ့စပ်ပေးဖို့ ​ပြင်ဆင်တာလားဆိုတဲ့ ​ဝေဖန်မှုတွေရှိလာပေမယ့် ဗိုလ်မှူးခမ်းစံကတော့ ဝေဖန်မှုတွေကိုပယ်ချပါတယ်။

“ဒါက မဆိုင်ဘူးလေ၊ ဒါကရှမ်းပြည်အရေးဆိုတော့ စကစနဲ့တော့ ဘာမှမဆိုင်ပါဘူး” လို့ သူက ဆိုပါတယ်။

RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်ဟာ အာဏာသိမ်းကာလအစောပိုင်းမှာ စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပေမယ့် နောက်ပိုင်းမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဆွေး နွေးဖို့ဖိတ်ခေါ်မှုကို လက်ခံခဲ့ပြီး ကိုယ်တိုင်သွား ရောက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။