ထိုင်းနိုင်ငံ‌ရောက် မြန်မာရေလုပ်သားတဦး ကြိုးဆွဲချသေဆုံး

ထိုင်းနိုင်ငံ၊ ကူရဘူရီမြို့နယ်မှာရှိတဲ့ ရာဘာခြံတခုထဲမှာ မြန်မာနိုင်ငံသား ရေလုပ်သားတဦးဖြစ်တဲ့ ကိုအောင်ဌေးဟာ ကြိုးဆွဲချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တယ်လို့ သိရပါတယ် ။

ကိုအောင်ဌေးဟာ ထားဝယ်ဇာတိဖြစ်ပြီး အသက် (၄၇) နှစ်ရှိပြီဖြစ်ပါတယ်။ ငါးဖမ်းစက်လှေမှာ ရေလုပ်သားအဖြစ် လုပ်ကိုင်နေတဲ့ ကိုအောင်ဌေးကို သူနေထိုင်ရာ ရာဘာခြံထဲမှာ အောက်တိုဘာ (၉) ရက်က သေဆုံးလျှက်တွေ့ရှိခဲ့တာဖြစ်ပြီး တကိုယ်ရေသမားဖြစ်တာကြောင့် အလုပ်ရှင်က နာရေးကိစ္စကို စီစဉ်ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။

ဒီလိုမျိုး ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေထဲမှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်မှုဟာ သုံးရက်အတွင်းမှာ နှစ်ခုရှိခဲ့ပြီ ဖြစ်ပါတယ် ။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အခင်းဖြစ်ရာကို သွား‌ရောက်ခဲ့တဲ့ ပညာရေးနှင့် ဖွဲ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (Fed) ရဲ့ အလုပ်သမားရေး တာဝန်ခံ ကိုမင်းဉီးက “ကျွန်တော်တို့ ဆရာဝန်ဆေးစစ်ချက်ကတော့ ဒါဟာ အဆုံးစီရင်မှုဖြစ်တယ်ဆိုတာ ပေါ်ပေါက်တယ်။ ဘာကြောင့်ဆိုတာ မသိရသေးဘူး။ အဓိကကတော့ စိတ်ဖိစီးမှုကြောင့် ဖြစ်မယ်။ ရေလုပ်သားတွေက အရမ်းပင်ပန်းသလို လုပ်ငန်းပိုင်ဆိုင်ရာ နားမလည်ရင်လည်း လုပ်ငန်းခွင်တွင်း ပြဿနာဖြစ်နိုင်ချေများတယ်လေ ” လို့ ဆိုပါတယ်။

လတ်တလောကာလမှာ အခြေအနေအမျိုးမျိုးကြောင့် ငါးဖမ်းလှေတချို့ အလုပ်ရပ်နားထားပြီး အလုပ်သမားတွေ ရပ်တည်ဖို့ အခက်အခဲဖြစ်နေပါတယ်။

အောက်တိုဘာ (၇) ရက်ကလည်း စမုဆာခွန်ခရိုင် မဟာချိုင်မွန်မိုင်မှာ မြန်မာနိုင်ငံ ဇီးကုန်းမြို့နယ် ချောင်းနားကျေးရွာကအသက်(၃၉)နှစ်အရွယ် မချိုသက် ဆိုသူဟာ ကြိုးဆွဲချသေဆုံးခဲ့ပြီး လက်ရှိမှာ မိသားစုဝင်တွေနဲ့ အဆက်သွယ်ရရှိနိုင်ဖို့ AAC မဟာမိတ်အဖွဲ့တွေက ဆောင်ရွက်နေကြပါတယ်။