ဗင်နီဇွဲလားက မြေပြိုမှုကြောင့် အသေအပျောက် ခုနစ်ဆယ်ကျော်ထိ များပြားနိုင်

ဗင်နီဇွဲလား နိုင်ငံမှာ ဆိုးဆိုးရွားရွား မြေပြိုမှုတစ်ခု ဖြစ်ပွားတာကြောင့် လူ ၂၀ ကျော် သေဆုံးပြီး ၅၀ ကျော် ပျောက်ဆုံးနေကြောင်း သိရပါတယ်။ 

အောက်တိုဘာ ၉ ရက်က နိုင်ငံမြောက်ပိုင်း အာရာဂူအာ ဒေသမှာ ရုတ်တရက် မြေပြိုမှု ဖြစ်ခဲ့တာပါ။ နေ့စဉ်ရက်ဆက် မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် လက်စ် တီဂျာရီရက်စ် မြစ်ကြီးရဲ့ အဓိက မြစ်လက်တက် ၅ ခုစလုံး ရေလျှံရာက မြေသားတွေ ပျော့ပြီး မြေပြိုမှု ဖြစ်ခဲ့တာလို့ ဒုတိယ သမ္မတ ဒယ်လ်ဆီ ရိုဒရီဂွတ်ဇ်က ပြောပါတယ်။ 

သဘာဝ ဘေးအန္တရာယ် ကြုံတွေ့နေရတဲ့ ပြည်သူတွေကို ကူညီရေးအတွက် အရင်းအမြစ် အားလုံး ထုတ်သုံးဖို့ ပြည်ထဲရေးနဲ့ ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနကို အမိန့်ပေးထားကြောင်း သမ္မတ နစ်ကိုလက်စ် မာဒူရိုက Twitterမှာ ရေးသားထားပါတယ်။ 

လက်ရှိအချိန်ထိ မြေပြိုကျတဲ့ ဧရိယာတွေမှာ ရုပ်အလောင်း ၂၂ ခုကို တွေ့ရှိခဲ့ပြီး ပျောက်ဆုံးသူ စာရင်းကလည်း ၅၀ ကျော်ထိ များပြားနေဆဲလို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့၊ ကယ်ဆယ်ရေးတွေနဲ့ သဘာဝ ဘေးအန္တရာယ် တားဆီးကာကွယ်ရေး ဌာနက တာဝန်ရှိသူတွေ၊ စေတနာ့ ဝန်ထမ်းတွေ ပူးပေါင်းအင်အား ၁၀၀၀ ကျော်လောက်က အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကို ဖြန့်ကျက် ရှာဖွေနေပါတယ်။ 

ဒါပေမဲ့ နောက်ထပ်မြေပြိုမှုတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်ကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ နှောင့်နှေးမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ မြေပြိုတဲ့ နေရာမှာ တချို့အိမ်တွေ အလုံးလိုက် ကျွတ်ထွက်ကုန်သလို တချို့ အဆောက်အအုံတွေ ကျတော့လည်း ပြားပြားဝပ် ပြိုလဲကုန်ကြပါတယ်။ 

သမ္မတ မာဒူရိုက ဒီဖြစ်စဉ်အတွက် နိုင်ငံတော်အဆင့် ကြေကွဲဝမ်းနည်းမှု ကာလကို ၃ ရက်ကြာ သတ်မှတ်ကြောင်း ထုတ်ပြန်ပြီး ထိခိုက်နစ်နာသူတွေရဲ့ မိသားစုတွေနဲ့အတူ ပြည်သူအားလုံး တစ်သားတည်း ရှိတယ်ဆိုတာ ပြသသွားမယ်လို့လည်း Twitterမှာ ရေးသားထားပါတယ်။