By – မောင်သစ္စာ
”ဘုရင့်သားတော် တစ်ဦးသည် ဗုဒ္ဓအဖြစ်တည်းဟူသော အထွတ်အထိပ်သို့ ရောက်ရှိသွားလေသည်။ သူသည် မိမိ၏ အတွေ့အကြုံကို ဒိုင်ယာရီမှတ်တမ်းရေးသားထားသည်။ ယင်းပုံစံ အသွင်မျိုးဖြင့် ဤစာအုပ်ကိုရေးသားထားခြင်းဖြစ်သည်။” မူရင်းစာရေးဆရာ ဒရဗာရိလာလ ဆတျဘတ္တ၏ နိဒါန်းမှ ကောက်နှုတ်ချက်
”ဤ၏စာအုပ်သည် မူလဟိန္ဒီဘာသာဖြင့် ရေးသားထားသည့် စာအုပ်ဖြစ်သည်။ ရေးသူမှာ ထင်ရှားကျော်ကြားသည့် စာရေးဆရာတစ်ဦး ဟုတ်ပုံမရ။ စာအုပ်ကလည်း ဂန္တ၀င်စာအုပ် ဖြစ်ပုံမပေါ်။ သို့ရာတွင် ရဲရင့်သောအတွေး၊ သဘာ၀ကျသော အယူအဆ၊ ဆန်းသစ်သော အမြင်၊ တောက်ပြောင်သော စကားလုံး၊ တော်လှန်ရေးကျသော အဓိပ္ပာယ်များမှာ ကျွန်တော့်အား အံဩသင့်စေခဲ့သည်။” ဘာသာပြန်သူ၏ အမှာမှ ကောက်နှုတ်ချက်
‘ဗုဒ္ဓဒိုင်ယာရီ’ ကို ဖတ်ပြီး ဗုဒ္ဓကို တော်လှန်ရေးသမား၊ မဟာလူသားတစ်ဦးအဖြစ် ရှုမြင်မိသည်။ ဘုရင့်ထီးနန်းကိုဆက်ခံရမည့် အသက် ၂၇ အရွယ်ဘုရင့်သားတော် သိဒ္ဓတ္ထသည် နန်းတော်မှ ထွက်ပြေးပြီး တောခိုကာ တော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲခဲ့ခြင်းဖြစ်သည်။
ဘာကို တော်လှန်ခဲ့သနည်း
ဦးစွာ ကိုယ့်ကိုကိုယ် တော်လှန်သည်။ သူ့တွင် စည်းစိမ်ဥစ္စာရှိသည်။ မယားနှင့် သား ရှိသည်။ သက်ဦးဆံပိုင် ဘုရင်စနစ်အရ အချိန်တန် ဘုရင်ဖြစ်မည်။ဘုရင်မဖြစ်မီကပင် ပြည်သူလူထုက သူ့အမိန့်ကို နာခံကြသည်။ အစေခံများစွာက သူ့ကို ရှိခိုးဦးညွတ်သည်။
သို့သော် သူက သံသယကြီးနေသည်။ သူ့ကို ရှိခိုးဦးညွတ်ခြင်းလား သို့မဟုတ် သူ၏ စည်းစိမ်ဥစ္စာနှင့် မျိုးနွယ်ကို ရှိခိုးဦးညွတ်ခြင်းလားဟု တွေးနေမိသည်။
အကယ်၍ သူသာမင်းမျိုးမင်းနွယ်လည်း မဟုတ်၊ ဆင်းရဲသား တစ်ယောက်လည်းဖြစ်နေပါက ယခုလို အခွင့်အရေးများ ရပါ့မလားဟု သူတစ်ကိုယ်တည်း မေးခွန်းထုတ်သည်။
မင်းမျိုးမင်းနွယ်ဖြစ်ခြင်းနှင့် ချမ်းသာကြွယ်၀ခြင်း နှစ်ခုစလုံးသည် သူကိုယ်တိုင် ကြိုးစားအားထုတ်ခြင်းကြောင့်မဟုတ်ဘဲ မွေးကံကြောင့်ရရှိလာသည့် ဂုဏ်ပကာသနသာဖြစ်သည်။
ထိုဂုဏ်ပကာသန တစ်ခုတည်းကြောင့်သာ လူအများ၏ ကြည်ညိုလေးစားခြင်းခံနေရပါက တစ်ခုခုတော့မှားနေသည်ဟု ထပ်ဆင့် သံသယပွားသည်။
သံသယနှင့် မေးခွန်းများကြား အနေရကြပ်နေစဉ် သွားရင်းလာရင်း ရဟန်းတစ်ပါးနှင့် ဆုံသည်။ ထိုရဟန်းက သူ့ကို အများတကာလို သူ့ကိုဦးမညွတ်ရုံသာမက သူ့ထက်မြင့်မြတ်သူ တစ်ဦးပမာ ပြုံးပြနှုတ်ဆက်သွားသည်။ သူ့မှာ တအံတဩနှင့် ကျန်ရစ်ရသည်။
ထိုရဟန်းနှင့် သူ၏ ဂုဏ်ပုဒ်များကို ယှဉ်ကြည့်သည်။ ရဟန်းတွင် ရုပ်ပိုင်းဆိုင်ရာ ဂုဏ်ပုဒ်ဘာမျှမရှိ၊ ဆွမ်းခံစားသူသာဖြစ်သည်။ သို့သော် ကိုယ်တိုင် ကျင့်ယူထားသည့် သီလဂုဏ်ပုဒ်ရှိသည်။
ထိုအချက်က သူ၏တော်လှန်ရေးခရီးကို စတင်ရန် အကြောင်းအရင်းခိုင်လုံစေသည်။
တော်လှန်ရေးစပြီ
တော်လှန်ရေးခရီးစစချင်းမှာပင် အရင်ဆုံးသူရင်ဆိုင်ရသည့် ရန်သူက မာရ်နတ်ဖြစ်သည်။ မာရ်နတ်ဆိုသူမှာ အခြားမဟုတ်၊ တော်လှန်ရေးကို နှောင့်ယှက်ဟန့်တားမည့် သူ့ကိုယ်တွင်းက စိုးရိမ်ပူပန်စိတ်၊ အဆိုးမြင်စိတ်သာ ဖြစ်သည်။
သူ့လို အစစအရာရာ ပြည့်စုံကြွယ်၀သူအပေါ်တွင် မာရ်နတ်အစွမ်းက ပို၍လွှမ်းမိုးသည်။ ထီးနန်းကို မစွန့်ခွာအောင် ဟန့်တားသည်။ မယားနှင့်သားကို တာ၀န်မဲ့စွာ စွန့်ပစ်သူအဖြစ် တွေးထင်စေသည်။ အကြောက်တရားဖြင့် ခြိမ်းခြောက်သည်။
ထိုမာရ်နတ်က ပေါ်လာလိုက်၊ သူက ချိုးနှိမ်လိုက်လို့ ငုံ့သွားလိုက်၊ ပြန်ထလာလိုက်နဲ့ ခရီးတစ်လျှောက်လုံး လုံးလည်ချာလည် လိုက်လာသည်။
ပြင်းပြသောတော်လှန်ရေးခံယူချက်ကြောင့်သာ နန်းတော်နှင့်ဝေးရာသို့ အပြေးနှင်လာသည်။ သူရောက်နေသည့် နေရာက ကမ်းမမြင်၊ လမ်းမမြင်။ မနေ့က ဘုရင့်သားတော် ယနေ့သူတောင်းစား ဖြစ်နေသည်။ သူ့ကိုယ်သူ မြေကြီးနှင့် ရောနှောလိုက်သည်။ မည်သည့်အချိန်တွင် အညွန့်တက်လာမည်ကို သူမသိ။
ခေါင်းမာသူ
ခရီးလမ်းကြောင်းတွင် ဆရာ့ဆရာများထံ ချည်းကပ်သည်။ တချို့ဆရာများက အယူလွဲ၊ တချို့ဆရာများက ကျင့်စဉ်လွဲနေကြသည်ကို တွေ့ရသည်။ သူ့ကို ဆရာတစ်ဆူလုပ်ရန် ဝိုင်းမြှောက်ကြသော်လည်း ကိုယ်တိုင်ကျင့်ကြံပြီး သစ္စာတရားကိုမတွေ့ရဘဲ မလုပ်ချင်။ ထိုအစားဘုရင်ပြန်လုပ်သည်က တော်သေးသည်ဟု သူတွေးသည်။
စိတ်ပျက်စရာများကြုံရသော်လည်း နောက်ပြန်မလှည့်။ ခေါင်းမာမာနှင့်သာ ရှေ့ဆက်တိုးသည်။
ကိုယ်တိုင်လည်း ကျင့်စဉ်မှားခဲ့ရသည်။ သစ္စာတရားကို မတွေ့ဘဲ မသေရုံတမယ်ခံစားရပြီးနောက် ကျင့်စဉ်အမှားကို ပြန်လည်သုံးသပ်သည်။ ဦးနှောက်ဖြင့် ဆင်ခြင်၍ ပြန်လည်တည့်မတ်သည်။
ကာလတစ်ခုအကြာတွင် သစ္စာတရားကို ရှာတွေ့သွားသည်။ ကျေနပ်ပီတိဖြစ်နေစဉ် မာရ်နတ်က ရုန်းကန်ထကြွလာပြီး “မင်းကို ဘယ်သူမှ နားလည်မှာမဟုတ်။ အလကား အရူးကောင်” ဟု စွပ်စွဲထိုးနှပ်ပြန်သည်။ ဒီတစ်ကြိမ်တော့ သူမတုန်လှုပ်တော့၊ တည်ငြိမ်လွန်းနေသည်။
“ငါ့ကို ဘယ်သူမှနားလည်စရာမလို။ ငါ့ကိုငါ နားလည်ရင်ရပြီ” ဟု တုံ့ပြန်လိုက်သည်။
တစ်ကိုယ်ကောင်းသမားလား
သစ္စာတရားကို တွေ့မြင်ပြီးနောက် တည်ဆဲလူ့အဖွဲ့အစည်းကို ဝေဖန်သည်။ သို့သော် ဝေဖန်ရေးသက်သက်မဟုတ်။ ပြုပြင်ရေးလုပ်ရန် နည်းလမ်းရှာသည်။ ပတ်၀န်းကျင်တစ်ခုလုံး အမှောင်တိုက်ထဲကျရောက်နေချိန် သူတစ်ဦးတည်းလွတ်မြောက်နေမည်ကို မလိုလား။
ပတ်၀န်းကျင်နှင့် လူတစ်ဦးချင်း၏ ဆက်နွှယ်မှုကို သူကောင်းစွာသဘောပေါက်သည်။
လူ့အဖွဲ့အစည်း၏ ပြဿနာမှာ လွန်ကဲမှုကိုကြိုက်ကြရင်း ဒုက္ခနွံထဲနစ်နေသည်။ချမ်းသာသုခကိုသာလိုချင်သည်၊ ဒုက္ခကို သေချာနားလည်အောင်မကြိုးစား။ အကြောက်တရားကြောင့် မှားယွင်းစွာ ကိုးကွယ်ကြသည်။ ကြောင်သူတော်များ လက်ခမောင်းခပ်နေကြသည်။ ထိုပြဿနာများကို ဖြေရှင်းရန် သူမောင်းတင်လိုက်သည်။
ဆရာမည်သူနည်း
မေးစရာရှိသည်က ဆရာများပြီး သားသေနေသော လူ့လောကကို ကုသပေးမည့်သူကို ဘယ်ဆရာက သင်ကြားပြသပေးလိုက်သနည်း။
သူ၏ အဖြေက ရိုးစင်းသည်။ “သဘာ၀တရားသာ ငါ၏တစ်ဦးတည်းသော ဆရာ” ဟု ဆိုသည်။သဘာ၀တရားသည် ဖွင့်ထားလျက်ရှိသော ကျမ်းဂန်စာအုပ်ဖြစ်ပြီး ကိုယ်တိုင်ဖတ်ရှု ကျင့်ကြံခဲ့သည်။
ထိုကျမ်းဂန်ကို ဖတ်ရန် မည်သည့်ဆရာမျှအားကိုးလို့မရ။ ကိုယ့်အားကိုယ်ကိုးခဲ့ရသည်။
တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်
လူ့အဖွဲ့အစည်းကို ပြုပြင်ရန်မှာ ရှော့ခ်ရိုက်သလို ချက်ချင်းကြီးမရ၊ ဗျူဟာခင်းရသည်။ ဦးစွာ ကြေးရတက်လူတန်းစားများကို စည်းရုံးပြီး ရဟန်းပြုစေ၍ သံဃာ့တပ်မတော်ကို တည်ထောင်သည်။
ထိုရဟန်းများသည် ပထမအဆင့်အနေဖြင့် ဂုဏ်ပကာသနများကို စွန့်လွှတ်ရဲရမည်။ ထို့နောက် သဘာ၀ကျမ်းဂန်စာအုပ်ကြီးကို သူတို့ကိုယ်တိုင်ဖတ်ရှု၍ ကျင့်ကြံစေသည်။
သံဃာ့တပ်မတော်ထဲ ၀င်ရောက်သူများပြားလာသောအခါ သူတစ်ပါးအသိုက်အမြုံကို ဖြိုခွဲသူဟု သူ့ကို အပြစ်တင်ကြသည်။
သူတွေးသည်က လောဘနည်းသော ရဟန်းများလာလေ လူ့အဖွဲ့အစည်းအတွင်း ပဋိပက္ခများလျော့နည်းလာလေ ဖြစ်မည်။ လူသားအားလုံးသည် အကန့်အသတ်သာရှိသော ရင်းမြစ်များကို လိုသလောက်သာ မျှဝေသုံးစွဲကြလျှင် ဆင်းရဲခြင်း၊ ချို့တဲ့ခြင်းများ ရှိတော့မည်မဟုတ်။
ထို့ကြောင့် ကမ္ဘာလောကသည် လောဘကြီးသော အုပ်စိုးသူ အရင်းရှင်များ၏၀န်ကို ထမ်းထားရမည့်အစား ရဟန်းများ၏ ၀န်ကိုထမ်းထားရခြင်းက သက်သာစေမည်။
သံဃာ့တပ်မတော်ထဲ၀င်ရုံဖြင့် ပြဿနာကမပြီး။ ရဟန်းတု ရဟန်းရောင်များ၊ ကျင့်၀တ်မဲ့ ရဟန်းများကြောင့် အဖွဲ့အစည်းပြိုကွဲသွားရုံသာမက လူ့လောကပါ လမ်းလွဲလိုက်ပြီး ချောက်ထဲကျသွားနိုင်သည်။
စပါးစိုက်သည့်အခါ မြက်ပင်များပါလာပြီး ကောက်ပင်ထဲရောနေခြင်းမှာလည်း သဘာ၀ပင်ဖြစ်သည်။
ထိုချို့ယွင်းချက်များကိုလည်း ရဟန်းများအား နားလည်အောင် ရှင်းပြပြီး ထိန်းကျောင်းရသေးသည်။
နယ်နိမိတ်မဲ့သွားသူ
တစ်ချိန်က နိုင်ငံတစ်ခု၏ ဘုရင့်သားတော်၊ ဘုရင်လောင်းသည် ယခုအခါ သူ့တိုင်းပြည်ကို တွယ်တာမှုမရှိတော့။ တစ်ကမ္ဘာလုံးကို သူ၏တိုင်းပြည်ဟုမှတ်ယူပြီး ကမ္ဘာသူ၊ ကမ္ဘာသားအဖြစ် ခံယူလိုက်သည်။
သူထွက်ခွာလာရာ တိုင်းပြည်ကို ခေတ္တပြန်လာစဉ် နန်းတော်သို့ အရင်မသွား။ လမ်းတလျှောက် အိမ်စဉ်အလိုက် အပူဇော်ခံသည်။ အလှည့်ကျမှသာ နန်းတော်သို့၀င်ပြီး မိသားစုနှင့်တွေ့မည်ဟု စိတ်ကူးထားသည်။
ဖခင်ဖြစ်သူ ဘုရင်က မြင်တွေ့ပြီး နန်းတော်ကို ဦးစွာလာပြီး ဆွမ်းဘုန်းပေးပါရန် မေတ္တာရပ်ခံမှသာ လိုက်လျောခဲ့သည်။ ရဟန်းသည် ဆင်းရဲချမ်းသာမရွေး တစ်သားတည်း ဆက်ဆံရမည်ဖြစ်သော်လည်း ကြီးမြတ်သူတို့၏ တောင်းဆိုချက်တွင် လေးနက်မှုရှိသင့်သလောက် ရှိသည်ကို သူသဘောပေါက်သည်။
ထို့နောက် သူထားခဲ့သည် မယားနှင့် သားအပေါ် သူ၏တော်လှန်ရေးက ဘယ်လိုအကျိုးသက်ရောက်မှုရှိသည်ကို သိချင်သည်။ သူထွက်သွားစဉ်က ခိုးကြောင်ခိုးဝှက်ဖြစ်သည်။ ဘုရင်အဖြစ်နှင့် စစ်တိုက်ထွက်ပါက ပွင့်ပွင့်လင်းလင်း ပြောပြခဲ့နိုင်သေးသည်။သူ့ရွေးချယ်မှုက ကမ်းမမြင် လမ်းမမြင် ခရီးဖြစ်တာကြောင့် မည်သူ့ကိုမျှ နှုတ်မဆက်ရဲ။
ယခု ခရီးပေါက်မြောက်ခဲ့ပြီဖြစ်ကြောင်း မိသားစုကို အသိပေးရင်း တောင်းပန်ရဦးမည်။ သူ့ဇနီးနှင့် ပြန်တွေ့သည့်အခါ ကာမဂုဏ်အာရုံကို အနိုင်ရပြီး သူနှင့် တစ်ခရီးတည်းနှင်နေသည်ကို သိရသည့်အတွက် ကျေနပ်သည်။ သူ့ဇနီးကဲ့သို့ သတ္တိရှိသော မိန်းမများကို ဂုဏ်ပြုသည်။
အမှားမြင် အမှန်ပြင်
သံဃာ့တပ်မတော်သည် အင်အားအသင့်အတင့်ရှိသောအခါ ကန့်သတ်မှုတစ်ခုပြုလုပ်သည်။ မည်သူမျှ မိဘ၊ အုပ်ထိန်းသူ ခွင့်ပြုချက်မရှိဘဲ ရဟန်းမပြုရဟူ၍ ဖြစ်သည်။
ထိုတားမြစ်ချက်မလုပ်မီ သူသည်မိသားစုကိုဖျက်ဆီးသူအဖြစ် စွဲချက်တင်ခံထားရသည်။ သူ့သားနှင့် မင်းညီမင်းသားများကို ရဟန်းပြုစေသောအခါ ထီးနန်းဆက်ခံသူပင် မရှိတော့။ ထိုအချက်ကို သူ့အဖေက သတိပေးသည်။
နည်းဟောင်းအတိုင်း ဆက်လုပ်ပါက လူ့လောကသည် ဆေးပြင်းမိသည့် လူနာပမာ အော့အန်ရတော့မည်။ အကန့်အသတ်ကို နားလည်သည့် တော်လှန်ရေးသမား၏ သတိဖြစ်သည်။
စမတ်ကျသောတပ်မတော်
ထို့နောက် သံဃာ့တပ်မတော်ကို စနစ်တကျတည်ဆောက်သည်။ အသက်ကြီးသည်ဖြစ်စေ၊ ငယ်သူဖြစ်စေ စီနီယာများကို လေးစားသင့်ကြောင်းရှင်းပြသည်။ နာမကျန်းဖြစ်သည့် ရဟန်းများကို သူနာပြုသည်။ တစ်ကိုယ်ကောင်းရဟန်းများကို ရှုတ်ချသည်။ ရဟန်းနှင့် ဝိနည်းတစ်သားတည်းဖြစ်ပါက အပင်ပန်းခံစောင့်ထိန်းစရာမလိုကြောင်း ရှင်းပြသည်။
လူသိများကျော်ကြားလိုပြီး အကျင့်သီလထက် ဩဇာတည်ဆောက်ရန်သာ အားသန်နေသော ရဟန်းများကို သေချာစောင့်ကြည့်သည်။
ထူးခြားသည်မှာ မိန်းမများကို သံဃာ့အဖွဲ့အစည်းထဲ မ၀င်ရန် ကနဦးက တားမြစ်ထားရာမှ ရဟန်းတစ်ပါး၏ တောင်းဆိုချက်ကြောင့် လိုက်လျောခဲ့သည်။ တားမြစ်ရခြင်းမှာ လင်မယားအတွက် နေရာမရှိသည်က တစ်ကြောင်း၊ သူကိုယ်တိုင် ယောက်ျားဖြစ်သည့်အတွက် ယောက်ျားများကိုသာ ကွပ်ကဲပေးနိင်သည်က တစ်ကြောင်း ဖြစ်သည်။
အမျိုးသမီးများအပေါ် တချို့သောရဟန်းများ၏ ရိသဲ့သဲ့လုပ်နေပုံကိုကြည့်၍ သံဃာ့တပ်မတော်ကို အတွင်းက လှိုက်စားပြီး ပြိုကွဲသွားမည်ကို သူစိုးရိမ်သည်။ အမျိုးသားအဖွဲ့အစည်း သပ်သပ်၊ အမျိုးသမီးအဖွဲ့အစည်း သပ်သပ်ဖြစ်ပါက ပိုကောင်းမည်ဟု သူတွေးထင်သည်။
ဘယ်သူပိုစွမ်း၊ ပိုမြတ်သနည်း
လူအများသည် သဘာ၀တရားကို ကျော်လွန်ပြီး အစွမ်းပြသူဟု ယူဆရသော ပုဂ္ဂိုလ်များကို ပို၍အထင်ကြီးကြသည်။ ထိုပုဂ္ဂိုလ်များကို ကျွမ်းကျင်သော မျက်လှည့်ဆရာများဟုသာ သူက သတ်မှတ်သည်။ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းသည်ပင်လျင် သဘာ၀၏ နိယာမအတိုင်းဖြစ်ကြောင်း လူအများကို အကျိုးသင့် အကြောင်းသင့်ရှင်းပြသည်။
တရားသဘောနားမလည်သောသူ၏ရဟန်းတချို့က ရဟန္တာဖြစ်၊ မဖြစ်ကို ဝါးတိုင်ထိပ်က သပိတ်တက်ယူခြင်းဖြင့် အကဲစမ်းကြသည်။ သူကြားသိသောအခါ ထိုသပိတ်ကို ရိုက်ခွဲစေပြီးရဟန္တာသည် ကျွမ်းဘားသမား။မဟုတ်၊ ဝါးတိုင်တက်ပြီး အရည်အချင်းပြစရာမလိုကြောင်း ဆူပူကြိမ်းမောင်းသည်။
သူကျင်လည်ရာဒေသတွင် ရိုးရာအစဉ်အလာအရ အမျိုးဇာတ်ကို အကြောင်းပြု၍ ခွဲခြားဆက်ဆံလေ့ရှိကြသည်။ ထိုအလေ့အထကို သူလက်သင့်မခံဘဲ လူတွင် လူကောင်းနှင့် လူယုတ်မာနှစ်မျိုးသာရှိသည်ဆို၍ ခွဲခြားဆက်ဆံမှုကို တိုက်ဖျက်စေသည်။
အသက်ကြီးသူတိုင်း လေးစားစရာမဟုတ်ကြောင်းနှင့် လောကကောင်းကျိုးပြုသည့် မည်သူ့ကိုမဆို အလေးထားဆက်ဆံသင့်ကြောင်း သွန်သင်သည်။ အရှိန်အဝါကြီးရန်သက်သက် ကိုယ်ကျိုးစွန့်နေသူများရှိကြောင်းကိုလည်း သတိပေးသည်။
အယူလွဲ၊ အစွဲကြီးသူများ
တခါတရံ သူ၏ ဟောပြောသွန်သင်ချင်များကို လွဲမှားစွာနားလည်ပြီး လမ်းလွဲလိုက်သဖြင့် ကိုယ်ကျိုးနည်းရသူများလည်းရှိသည်။
ခန္ဓာဖြစ်တည်မှုသည် စက်ဆုပ်ဖွယ်ဖြစ်ကြောင်း သူဟောပြောပြီးသောအခါ ရဟန်းတချို့က သတ်သေခြင်း၊ သေချင်သောရဟန်းများအား သတ်ပေးခြင်းများလုပ်ကြသည်။ ရဟန်းရာနဲ့ချီ၍ အသက်ဆုံးရှုံးသွားသည်။ ရဟန်းမိုက်များသာ ဖြစ်သည်ဟု သူက မှတ်ချက်ပြုသည်။
လူ့လောကတွင်လည်း မြစ်ရေကို လယ်ထဲသွင်းရန် လုကြရာမှာ လူသတ်ပွဲများဖြစ်နေကြသည်။ ရေကို မျှဝေသုံးစွဲရမည့်အစား သွေးနှင့်လဲ၍ လုနေကြခြင်းမှာ သင့်ပါသလားဟု သူက၀င်ရောက်မေးခွန်းထုတ်ရာမှ ဒေါသမွှန်နေသော လူနှစ်စုသည် ရှက်ပြီး ရန်ပွဲရပ်လိုက်သည်။
ထို့အပြင် သားထက် သမီးကို ပို၍အရေးကြီးသည်ဟု ထင်နေသော မိဘများကိုလည်း နားချရသည်။ တရားရဖို့ရာ အလွန်အကျွံဒုက္ခခံဖို့မလိုဘဲ သင့်တင့်ရုံသာ ကျင့်ကြံသင့်ကြောင့်လည်း သူ့ကိုယ်တွေ့အားမျှဝေသည်။
အလှဆုံးသော မီးတောက်
ခရီးနိဂုံးပိုင်းတွင် သူ၏ အားထားရသော ရဲဘော်တချို့ ဆုံးပါးသွားသည်။ သူလည်း အသက် ၈၀ အရွယ်တွင် ဘယ်အရာမျှမမြဲကြောင်း အနိစ္စတရားကို လက်တွေ့ ကြုံရသည်။
တပည့်တပန်းများအား အမှာစကားများ ပြောခဲ့သည်။ သူတည်ထောင်ခဲ့သည့် တပ်မတော်သည်လည်း အချိန်တန်ပြိုကွဲရဦးမည်ဟု ဟောကိန်းထုတ်သည်။ ကျင့်၀တ်၀ိနည်းများကိုလည်း အချိန်နှင့် နေရာအလိုက် လိုက်လျောညီထွေစွာ ပြင်သင့်တန် ပြင်ရမည်ဟု ဆိုသည်။
လက်တလောတွင် သူကျင့်ကြံခဲ့သော တော်လှန်းရေးအယူအဆတစ်ရပ်သည် ရာစုနှစ်များစွာ ကမ္ဘာလောကကို အကျိုးပြုနေဦးမည်ဟု အခိုင်အမာဆိုသည်။
အချိန်တန်ပါက အရာအားလုံး ပျက်စီးရမည်ဖြစ်သောကြောင့် မည်သည့်အတွက်မျှ ပူပန်နေစရာမလိုကြောင်း မှာကြားခဲ့သည်။
စကြာ၀ဠာ၊ ကမ္ဘာလောက နှင့် လူသားတို့၏ လာရာနှင့် လားရာကို ကိုယ်တိုင်သိနားလည်ခဲ့သော သိပ္ပံနည်းကျ တော်လှန်ရေးသမားတစ်ဦးဖြစ်သည်။
အကျိုးအကြောင်း၊ အကန့်အသတ်၊ အကျိုးအမြတ် သုံးခုစလုံးကို ဟန်ချက်ညီအောင် ထိန်းနိုင်ခဲ့သည်။
ချုပ်ငြိမ်းချိန်တိုင်အောင် အလှပဆုံး လောင်ကျွမ်းခဲ့ပြီး သူ၏အလင်းရောင်သည် ယခုအချိန်အထိ လှပနေဆဲပင်ဖြစ်သည်။