မန်ချက်စတာစီးတီး၊ ချဲလ်ဆီးတို့ ဂိုးပြတ်နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်များ

Soccer Football – Premier League – Chelsea v Wolverhampton Wanderers – Stamford Bridge, London, Britain – October 8, 2022 Chelsea’s Kai Havertz celebrates scoring their first goal Action Images via Reuters/John Sibley

မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ မန်ချက်စတာ စီးတီးက ရပ်တန့်တားဆီးဖို့ မဖြစ်နိုင်လောက်အောင် ခက်ခဲတဲ့ အသင်းဆိုတာ ပြသသွားခဲ့ပြီး မန်နေဂျာသစ် လက်အောက်မှာ တစ်စထက်တစ်စ တည်ငြိမ်လာတဲ့ ချဲလ်ဆီးကလည်း ဂိုးပြန်နိုင်ပွဲ တစ်ခုကို ရယူသွားခဲ့ပါတယ်။

မန်ချက်စတာစီးတီး ၄ – ၀ ဆောက်သမ်တန်

ဒီပွဲမတိုင်ခင် ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက် ရှုံးထားတဲ့ ဆောက်သမ်တန် အတွက်တော့ စီးတီးရဲ့ ခြေစွမ်း အမြင့်တက်ဆုံး အချိန် အစ်တီဟတ်ကွင်းမှာ သွားကစားရတာက ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတဲ့ စကားပုံလို ဖြစ်လာတာပါပဲ။ ပရီးမီးယားလိဂ် အိမ်ကွင်း ၃ ပွဲဆက် Hat-Trick ရထားတဲ့ စီးတီး တိုက်စစ်မှူး ဟာလန်းက ဒီပွဲမှာလည်း ဂိုးဆက်သွင်းပေမယ့် Hat-Trickတော့ မရခဲ့ပါဘူး။ ပွဲစကတည်းက စီးတီးဟာ သူတို့ရဲ့ ထုံးစံအတိုင်း ဝုန်းဒိုင်းကြဲ တိုက်စစ်ဆင်နေခဲ့ပြီး ဟာလန်းရဲ့ အားထုတ်မှုတစ်ကြိမ် တိုင်ထိထွက်ခဲ့ပါတယ်။ ၁၉ မိနစ်မှာတော့ ခံစစ်မှူး ကန်ဆယ်လို ဘယ်ခြမ်းကနေတစ်ကိုယ်တော် ထိုးဖောက်လာပြီး အပြင်းကန်သွင်းရာက စီးတီးတို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။ ၃၁ မိနစ်မှာ ဒီဘရိုင်း ပေးပို့တာကို ဖိုဒန်က ဂိုးသမားပေါ် သပ်သပ်ရပ်ရပ် ကျော်သွင်းပြီး အိမ်ရှင်တို့ ဒုတိယဂိုး ရခဲ့ပြန်တယ်။ ဒုတိယပိုင်း ပြန်စပြီး ၃ မိနစ် အကြာမှာ ရိုဒရီ ခုပ်တင်ပေးလိုက်တဲ့ ဘောလုံးကို ညာခြမ်းကနေ လူကပ်မခံရဘဲ လွတ်ထွက်သွားတဲ့ မာရက်ဇ်က မြေမကျ ကန်သွင်းပြီး စီးတီးတို့ ဂိုးပြတ် ဦးဆောင်လာပါတယ်။ ၆၄ မိနစ်မှာတော့ ဘယ်ခြမ်းက ကန်ဆယ်လို ဖြတ်ပို့တဲ့ ဘောလုံးကို ဟာလန်းက အပိုင်ပိတ်သွင်းပြီး အိမ်ရှင်အသင်း ၄ ဂိုးပြတ် အနိုင်ရခဲ့သလို အာဆင်နယ်-လီဗာပူးလ် ပွဲစဉ် မတိုင်ခင် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။

ချဲလ်ဆီး ၃ – ၀ ဝုလ်ဗ်

မန်နေဂျာသစ် လက်အောက်မှာ ရလဒ်တွေ တိုးတက်လာတဲ့ ချဲလ်ဆီးနဲ့ ရလဒ်တွေ ဆိုးနေလို့ မန်နေဂျာကို ထုတ်ပယ်ထားတဲ့ ဝုလ်ဗ်တို့ကြားက အားပြိုင်မှုက အတော်ကြီး တစ်ဖက်စောင်းနင်း နိုင်ခဲ့ပါတယ်။ ချဲလ်ဆီး မန်နေဂျာ ပေါ့တာဟာ အူဘာမီယန်း၊ ဂျိမ်းစ်၊ စတာလင်တို့ကို အရန်ခုံမှာ ထားခဲ့ပြီး နောက်ခံလူ ဖိုဖာနာလည်း ဒဏ်ရာကြောင့် မပါနိုင်ပေမယ့် ဝုလ်ဗ်ကို အနိုင်ယူဖို့ မခက်ခဲခဲ့ပါဘူး။ ပွဲစကတည်းက ချဲလ်ဆီးဟာ ဝုလ်ဗ်ကို အကြိမ်ကြိမ် ထိုးဖောက် တိုက်စစ်ဆင်နေပေမယ့် ဂိုးသမား ဆာရဲ့ လက်စွမ်းပြမှုတွေကြောင့် အစောပိုင်းမှာ ဂိုးမရခဲ့ပါဘူး။ ပထမပိုင်း ပြီးခါနီး နောက်ဆုံးမိနစ်မှာ ညာခြမ်းက မောင့် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဟာဗက်ဇ်က ခေါင်းတိုက်ပြီး ချဲလ်ဆီးအတွက် အဖွင့်ဂိုး ရယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၅၃ မိနစ်မှာ မောင့်နဲ့ တွဲလုံးကစားပြီး ဘယ်ခြမ်းကနေ ထိုးဖောက်သွားတဲ့ ပူလီဆစ်က ဂိုးသမားကိုကျော်ပြီး ဒုတိယဂိုး ထပ်သွင်းပါတယ်။ ချဲလ်ဆီးအတွက် အပိတ်ဂိုးကိုတော့ လူစားဝင် တိုက်စစ်မှူး ဘရိုဟာက ပွဲပြီးခါနီးမှာ ဘီးကုပ်စက်ဝိုင်း ထိပ်နားကနေ အပြင်းကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲရလဒ်ကြောင့် ချဲလ်ဆီးဟာ အမှတ်ပေးဇယား အဆင့် ၄ နေရာကို ရောက်ရှိလာခဲ့ပါတယ်။

ဘရိုက်တန် ၀ – ၁ တော့တင်ဟမ် ဟော့စပါး

တော့တင်ဟမ်ဟာ ကစားရခက်တဲ့ ဘရိုက်တန်ကို အဝေးကွင်းမှာ အနိုင်ယူပြီး သူတို့ရဲ့ အမှတ်ပေးဇယား တတိယ နေရာကို တည်မြဲအောင် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ တော့တင်ဟမ်မှာ ရစ်ချာလီဆန်၊ ပါရီဆန်တို့ ပွဲမထွက်ဘဲ အရန်ကစားသမားတွေ အနေနဲ့သာ လူစားဝင် ကစားသွားတာ တွေ့ရပါတယ်။ ပွဲက အကြိတ်အနယ် ရှိခဲ့ပြီး အပြန်အလှန် ထိုးဖောက်နေကြပေမယ့် တော့တင်ဟမ်က ပိုပြီး အန္တရာယ်ပေးနိုင်တဲ့ တိုက်စစ်ဆင်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၂၁ မိနစ်မှာတော့ ဆွန်လှမ်းကန်တဲ့ ဘောလုံးကို တော့တင်ဟမ် တိုက်စစ်မှူး ကိန်းက လမ်းကြောင်းပြောင်းပေးလိုက်ရာမှာ လက်စွမ်းပြနေတဲ့ ဘရိုက်တန် ဂိုးသမား ဆန်းချက်ဇ် ဘယ်လိုမှ မတတ်နိုင်တော့ဘဲ ဂိုးပေးလိုက်ရပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးလ်ကို Hat-Trick သွင်းထားတဲ့ ထရော့ဆက်ကို ဒီပွဲမှာ တော့တင်ဟမ်က စနစ်တကျ ထိန်းချုပ်နိုင်ခဲ့တာကြောင့်လည်း ဘရိုက်တန် တိုက်စစ် အားလျော့နေပြီး လိုအပ်တဲ့ ချေပဂိုး ပြန်မသွင်းနိုင်ဘဲ အိမ်ကွင်းမှာ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် တော့တင်ဟမ်က အမှတ်ပေးဇယား အဆင့် ၃ မှာ မြဲနေပြီး ဘရိုက်တန်က အဆင့် ၇ ထိ ဆင်းပေးလိုက်ရပါတယ်။

အခြားပွဲစဉ်ရလဒ်များ

ဘွန်းမောက်သ် ၂ – ၁ လက်စတာစီးတီး

နယူးကာဆယ်လ် ယူနိုက်တက် ၅ – ၁ ဘရန့်ဖို့ဒ်