By – ဟိုက်ဒီ ဟော်တာလာ၊ အီလ်ဟန် အိုမာနှင့် ချားလ်စ် ဆန်တီယေဂို
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ မြန်မာစစ်တပ် မတရား အာဏာသိမ်းလိုက်တဲ့ ကာလဟာ ၂ နှစ်တောင် မပြည့်သေးပါဘူး။ အဲဒီ အချိန်ကစလို့ နိုင်ငံတကာ သတင်းတွေရဲ့ ခေါင်းကြီးပိုင်းမှာ မြန်မာနိုင်ငံ အကြောင်း ဝေဝေဆာဆာ ဖော်ပြနေတာတွေက မှေးမှိန် ဖျော့တော့လာတယ်။ ဒါပေမဲ့ ပြည်တွင်း အခြေအနေတွေကို မျှော်ကြည့်ရင် အာဏာသိမ်းစ အချိန်တွေထက်တောင် အများကြီး ကသောင်းကနင်း ပိုဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ တိုင်းပြည်က လူသားရေးရာ အကျပ်အတည်းကြီးတစ်ခု ကပ်ဆိုက်လုနီးပါး ဖြစ်နေချိန်မှာ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေကတော့ ရုရှားနဲ့ တရုတ်တို့ရဲ့ ကျောထောက်နောက်ခံ ပံ့ပိုးမှုတွေနဲ့အတူ ထောင်နဲ့ချီ များပြားတဲ့ အရပ်သား ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်တာတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတုန်းပါပဲ။
ဒီအတောအတွင်း အမေရိကန်၊ ဥရောပ သမဂ္ဂနဲ့ မြန်မာ့ ဒီမိုကရေစီရေး ခုခံလှုပ်ရှားမှုတွေကို အားပေး ကူညီနေတဲ့ အသိုက်အဝန်းဟာ မြန်မာ့အရေးအတွက် စိုးရိမ်ကြောင်း ထုတ်ပြန်တာတွေပဲ အဓိကထားပြီး လုပ်နေခဲ့ပါတယ်။ ကွဲပြားတဲ့ နိုင်ငံအသီးသီးက ဥပဒေပြု အမတ်တွေ အနေနဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးက အစိုးရတွေဟာ မြန်မာ့အရေးမှာ ထိထိရောက်ရောက် အရေးတယူ ဆောင်ရွက်တာတွေ မရှိတဲ့အပေါ် အလေးအနက် စိတ်ပျက်မိပါတယ်။ မြန်မာ့အရေးဟာ ပြန်အဖယ်ဆယ်လို့ မရတော့လောက်အောင် လမ်းဆုံးရောက်မသွားအောင် နိုင်ငံတကာ လုပ်လည်းလုပ်နိုင်ပြီး လုပ်ကိုလုပ်ဖို့လည်း လိုပါတယ်။
၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် ဆယ်စုနှစ် တစ်ခု ကြာညောင်းခဲ့တဲ့ စစ်ဘက်-အရပ်ဖက် အာဏာခွဲဝေ အုပ်ချုပ်မှု သဘောတူညီမှု ပျက်ပြယ်သွားပါတော့တယ်။ တကယ်တော့ ဒီသဘောတူညီမှုရဲ့ ပြဋ္ဌာန်းချက်တွေကိုက စစ်တပ်ဖက်ကို ပိုပိုသာသာကြီး ယိမ်းနေခဲ့ပြီးသားပါ။ ဒါပေမဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ရဲ့ ရွေးကောက်ပွဲ အောင်မြင်မှုတွေက တပ်မတော်လို့ခေါ်တဲ့ မြန်မာစစ်တပ် အတွက်တော့ အကြီးအကျယ် ခြိမ်းခြောက်မှုတွေလို့ ခံစားလာရပြီး ဗြောင်ကျကျပဲ အာဏာသိမ်းလိုက်ပါတော့တယ်။ အာဏာသိမ်းမှုဖြစ်စဉ် နောက်ဆက်တွဲ အခြေအနေတွေက ကြမ်းတမ်း ခက်ထန်လွန်းသလို ရှုပ်ထွေးပွေလီလွန်းနေပြန်တယ်။
အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေဟာ အနည်းဆုံး လူပေါင်း ၂၀၀၀ ကျော်ကို သတ်ခဲ့ပြီးပြီ။ အဲဒီထဲမှာ ကိုယ့်လိုလားချက်တွေကို ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြ တောင်းဆိုခဲ့သူတွေ အများကြီး ပါဝင်နေပါတယ်။ NLDရဲ့ ခေါင်းဆောင်ဖြစ်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ လေးစားအားကျရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပေါင်း ၁၅၀၀၀ ကျော်ကို တရားလက်မဲ့ ဖမ်းဆီးထားတယ်။ အစိုးရ ယန္တရားက ချိနဲ့သွားပြီး စီးပွားရေး ပြိုကျမှုတွေကြောင့် မြန်မာနိုင်ငံဟာ လူသားရေးရာ အကျပ်အတည်းကြီး တစ်ခုနဲ့ စတင် ကြုံတွေ့လာနေရပြီ။ နိုင်ငံအနှံ့မှာ စစ်တပ်ရဲ့ ကြမ်းကြုတ် ရက်စက်တဲ့ ဖြိုခွင်းမှုတွေကြောင့် လူပေါင်း ၁.၂ သန်းကျော်လောက်ဟာ နေရပ်စွန့်ခွာပြီး စစ်ဘေးဒုက္ခသည်တွေအဖြစ် ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
ဒီလို အခြေအနေဆိုးတွေကို ခါးစည်း ခံနေရတာတောင်မှ မြန်မာပြည်သူတွေဟာ စစ်တပ် အုပ်စိုးမှုကို ဆန့်ကျင်ဖို့ ဆက်လက် တိုက်ခိုက်နေကြတုန်းပါပဲ။ နိုင်ငံအနှံ့မှာ အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွေ စုစည်းမိခဲ့တယ်။ အလုပ်သမား သမဂ္ဂတွေ၊ ဆရာဝန်တွေ၊ ကျောင်းဆရာ ဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ လုပ်ငန်းခွင် နယ်ပယ်အသီးသီးက နိုင်ငံသူ နိုင်ငံသားတွေ တစ်စိတ်တစ်ဝမ်းတည်း ညီညွတ်ခဲ့ကြတယ်။ နောက်တော့ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ လူမှုအသင်းအဖွဲ့တွေ ပူးပေါင်းထားတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရတစ်ရပ် (NUG) ပေါ်ထွန်းလာပြီး မြန်မာ့ နိုင်ငံရေး ရုန်းကန် လှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ နယ်စပ်ဒေသတွေမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ (EAO)တွေက စစ်တပ်ရဲ့ ကြီးစိုးမှုကို ကြံ့ကြံ့ခံ တွန်းလှန် တိုက်ပွဲဝင်နေကြတယ်။ သက်ဆိုင်ရာ ပြည်နယ် အသီးသီးမှာ အုပ်ချုပ်ရေး ယန္တရားနဲ့ ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍတွေ စတင်လည်ပတ်နိုင်အောင် စီစဉ်လာကြသလို နိုင်ငံရဲ့ တခြား အစိတ်အပိုင်းတွေကနေ လုံခြုံရေးအရ တိမ်းရှောင်လာရတဲ့ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူတွေကိုလည်း စောင့်ရှောက်ပေးထားကြပါတယ်။
ဒီလိုမျိုး သာမန် ပြည်သူပြည်သားတွေက ရဲရဲရင့်ရင့် လုပ်သင့်တာ လုပ်နေချိန်မှာ မြန်မာနိုင်ငံ စစ်တပ် အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ လုပ်ပေါက်တွေကတော့ တကယ့်ကို စိတ်ပျက်စရာတွေပါပဲ။
မြန်မာ စစ်ခေါင်းဆောင်တွေဟာ တရုတ်နဲ့ ရုရှားဆီက ပွင့်ပွင့်လင်းလင်းနဲ့ တက်တက်ကြွကြွ အားပေး ထောက်ခံမှုကို ရရှိနေတယ်။ အဲဒီနှစ်နိုင်ငံက မြန်မာစစ်တပ်အတွက် အထောက်အကူ ဖြစ်စေမယ့် ငွေကြေး ရင်းနှီးမြှုပ်နှံမှုတွေ၊ လက်နက် ရောင်းချတာတွေ၊ စစ်ခေါင်းဆောင်တွေရဲ့ တရားဝင်မှုကို အသိအမှတ်ပြုတဲ့ သဘောမျိုး တရားဝင် ခရီးစဉ် စေလွှတ်တာတွေနဲ့ နည်းလမ်းမျိုးစုံ ပံ့ပိုးနေတယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာလည်း မြန်မာ့အရေးကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်လို့ မရအောင် တရုတ်က ကာဆီးကာဆီး လုပ်ပေးနေပြန်တယ်။
တခြားတစ်ဖက်ကို ကြည့်ရင်တော့ အမေရိကန်၊ ဥရောပ သမဂ္ဂနဲ့ တခြား ဒီမိုကရေစီ နိုင်ငံတွေဟာ မြန်မာ့ တော်လှန်ရေး လှုပ်ရှားမှုကို နှုတ်၏ စောင်မခြင်းနဲ့တော့ အားပေးကြပါတယ်။ ဒီထက်တော့ ဘာမှ ပိုမလာဘူး။ စီးပွားရေး ပိတ်ဆို့ အရေးယူတယ် ဆိုတာကလည်း စစ်ခေါင်းဆောင်တွေအတွက် ထိခိုက်မှု အနည်းအကျဉ်းလောက်ပဲ ရှိပါတယ်။ စိုးရိမ်ကြောင်း ကြေညာချက်တွေ ပုံမှန် ထုတ်ပြန်နေပေမယ့် တကယ် ထိရောက်တဲ့ အစားထိုး လုပ်ဆောင်မှုတွေတော့ မရှိပါဘူး။ အနောက်နိုင်ငံ တော်တော်များများက မြန်မာ့ အကျပ်အတည်းနဲ့ ပတ်သက်ရင် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကိုပဲ ဖြေရှင်းဖို့ ဝိုင်းတွန်းနေတယ်။ ဒါပေမဲ့လည်း အာဆီယံက မြန်မာ စစ်ဗိုလ်ချုပ်တွေကို ချဉ်းကပ်ရာမှာ အဆိုပြု ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီမှု ၅ ချက် ဆိုတာကလည်း တစ်နှစ်ကျော်လောက် ကြာလာပြီးတဲ့နောက် အခုအချိန်မှာ ဘာထိရောက်မှုမှ ရှိမလာဘဲ နိဂုံးချုပ်သွားပါပြီ။
နိုင်ငံတကာ အသိုက်အဝန်းဟာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် မြန်မြန်ဆန်ဆန် လမ်းကြောင်းပြောင်းဖို့ လိုနေပါပြီ။ ဒီနှစ်၊ ဇွန်လမှာ ကျွန်မတို့ဟာ အာဖရိက၊ အာရှနဲ့ ဥရောပ ဒေသတွေက နိုင်ငံ ၇ ခုရဲ့ ဥပဒေပြု အမတ်တွေနဲ့ တွေ့ဆုံပြီး ဒီပြဿနာနဲ့ ပတ်သက်လို့ တုံ့ပြန်မှုတွေ အားနည်းညံ့ဖျင်းခဲ့တဲ့အပေါ် နိုင်ငံတကာအဆင့် ကနဦး စုံစမ်းလေ့လာမှုတွေ စတင်ဖို့ ဆွေးနွေးခဲ့ကြတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ ခေါင်းဆောင်တွေနဲ့အတူ ကျွန်မတို့ဟာ မြန်မာ့အရေးအတွက် ချက်ချင်း လုပ်ဆောင်သင့်ပြီလို့ ယုံကြည်တဲ့ ထောက်ခံတင်ပြမှုတွေကို ရေးဆွဲ ပြုစုခဲ့ကြတယ်။
ပထမဆုံး ခြေလှမ်းကတော့ လူသားရေးရာ အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ ချက်ချင်း တုံ့ပြန် ကိုင်တွယ်ဖို့ပါပဲ။ မြန်မာနိုင်ငံက လူမှု အသင်းအဖွဲ့တွေ၊ နယ်စပ်မှာ ထောက်ပံ့ရေး ပစ္စည်းတွေ ကူညီ ဝေငှပေးနေပြီးသားဖြစ်တဲ့ EAOတွေနဲ့ နိုင်ငံတကာ အလှူရှင်တွေ ချိတ်ဆက်ပြီး အကူအညီတွေ၊ အရင်းအမြစ်တွေကို မြန်မာနိုင်ငံထဲ ပို့ဆောင်ရပါမယ်။ တစ်ချိန်တည်းမှာပဲ ကုလသမဂ္ဂကလည်း ဒုက္ခသည်တွေ လက်ခံရေး၊ ထောက်ပံ့ရေး ပစ္စည်းတွေ တင်ပို့နိုင်ရေးအတွက် နယ်စပ်တွေကို ဖွင့်ပေးဖို့အတွက် မြန်မာရဲ့ အိမ်နီးချင်း အိန္ဒိယနဲ့ ထိုင်းတို့ကို စည်းရုံးတိုက်တွန်းရမယ်။ နောက်ပြီး စစ်တပ်က ဒုက္ခပေးလွန်းလို့ ထွက်ပြေးလာကြရှာသူတွေကို အတင်းအကျပ် ပြန်ပို့တာမျိုးတွေ မလုပ်ဖို့လည်း တွန်းအားပေးရမှာပါ။
ဒါ့အပြင် မြန်မာပြည်သူ တစ်ရပ်လုံးကို မထိခိုက်စေဘဲ စစ်ခေါင်းဆောင်တွေ အပေါ်မှာသာ သက်ရောက်မယ့် ကန့်သတ် အရေးယူ ပိတ်ဆို့မှုတွေကိုလည်း တိုးမြှင့် အကောင်အထည် ဖော်ရမယ်။ အဲဒီထဲမှာ မြန်မာ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်း (MOGE)လိုမျိုး စစ်တပ်က ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေကိုလည်း ပစ်မှတ်ထား ပိတ်ဆို့ရပါမယ်။ စွမ်းအင်ကဏ္ဍဟာ စစ်တပ်ရဲ့ အရေးအကြီးဆုံး ရန်ပုံငွေ ရပေါက်ရလမ်းကြီးတစ်ခု ဖြစ်နေဆဲပါ။ အသိအမှတ် ပြုရမှာက ဥရောပ သမဂ္ဂဟာ MOGEကို ဖေဖော်ဝါရီလ ကတည်းက အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ထားပြီးပါပြီ။ အမေရိကန်လည်း ဒီလမ်းစဉ်ကို လိုက်သင့်ပါတယ်။
နိုင်ငံတကာ အသိုက်အဝန်းက NUGနဲ့ လက်တွဲဖော် အဖွဲ့အစည်းတွေကသာ မြန်မာပြည်သူတွေကို စစ်စစ်မှန်မှန် ကိုယ်စားပြုကြောင်း ခြွင်းချက်မရှိ ရှင်းလင်းနေအောင် လုပ်ဆောင်ပေးဖို့လည်း လိုတယ်။ စစ်ဗိုလ်ချုပ်တွေဟာ သူတို့ အသည်းအသန်၊ အရူးအမူး လိုချင်နေတဲ့ တရားဝင်မှုမျိုးကို ဘယ်လိုမှ ရနိုင်စရာ အကြောင်းမရှိပါဘူး။ နိုင်ငံတကာ အစိုးရ အသီးသီးဟာ NUGကို တရားဝင် အသိအမှတ်ပြုဖို့၊ ဒီကိစ္စ အထမြောက်အောင် ဖြစ်နိုင်သမျှ အဆင့်အားလုံးကို ဆောင်ရွက်ဖို့ လိုပါတယ်။ နောက်ပြီး အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံ ပေါ်ထွန်းလာရေး လမ်းကြောင်းအတွက် NUGနဲ့ရော၊ EAOတွေနဲ့ပါ ပွင့်ပွင့်လင်းလင်း ထိတွေ့ ဆွေးနွေးရပါမယ်။ ဒီလို စေ့စပ်ညှိနှိုင်း ဆွေးနွေးမှုတွေကသာ ကာလရှည်ကြာ အမြစ်တွယ်နေခဲ့တဲ့ ပြည်တွင်း တိုင်းရင်းသား မျိုးနွယ်စုချင်း ပဋိပက္ခတွေကို ပြေလျော့စေမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ ပြည်သူတွေကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ ရှည်လျား ကြာညောင်းလွန်းခဲ့ပြီး လွယ်လွယ်နဲ့တော့ ဖြေရှင်းလို့ရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အမှောင်ဖုံးနေတဲ့ ကာလတွေမှာတောင် တကယ့်ကို ယုံကြည် မျှော်လင့်ချင်စရာ နိမိတ် လက္ခဏာတွေလည်း ရှိနေဆဲပါ။ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ကြီးစိုးမှုကို နိုင်ငံအနှံ့က ရဲဝံ့စွန့်စားတဲ့ ပြည်သူတွေက ကြံ့ကြံ့ခံ တွန်းလှန်နေကြပါတယ်။ အဲဒီလို ပြည်သူတွေအပေါ် ကျွန်မတို့ နိုင်ငံတကာ အသိုက်အဝန်းက အစဉ်တစိုက် ဝတ္တရား ပျက်ကွက်ခဲ့ပြီးပါပြီ။ ဒါပေမဲ့ ပိုကောင်းအောင် လုပ်ဆောင်ဖို့ အချိန်တော့ မနှောင်းသေးဘူးလေ။ နိုင်ငံတစ်နိုင်ငံရဲ့ အလုံးစုံသော အနာဂတ်တွေဟာ အဲဒီအပြောင်းအလဲ အပေါ်မှာ မူတည်နေတာ ဖြစ်ပါတယ်။
(The Hill သတင်းဌာနအတွက် ဟိုက်ဒီ ဟော်တာလာ၊ အီလ်ဟန် အိုမာနှင့် ချားလ်စ် ဆန်တီယေဂိုတို့ ပူးပေါင်းရေးသားသည့် The international community must get real about Myanmar ဆောင်းပါးကို DNA က ဘာသာပြန်ဆိုသည်။ ဟော်တာလာသည် ဥရောပ လွှတ်တော်၏ ဒုတိယ ဥက္ကဋ္ဌဖြစ်ပြီး မြန်မာနိုင်ငံ အကျပ်အတည်းနှင့် ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်မှုများအပေါ် နိုင်ငံတကာအဆင့် ကနဦး လေ့လာစုံစမ်းရေး (IPI) ဥက္ကဋ္ဌ အနေနှင့်လည်း တာဝန်ယူထားသည်။ မင်နီဆိုးတား ပြည်နယ်အမတ် အိုမာသည် IPI၏ ကော်မတီ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။ ဆန်တီယေဂိုသည် မလေးရှား နိုင်ငံမှ IPI ကော်မတီ အဖွဲ့ဝင်ဖြစ်သည်။)