ယူရိုပါလိဂ်မှာ အခြေအနေ ကောင်းခဲ့တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက် 

မနေ့ညက ယှဉ်ပြိုင်ခဲ့ကြတဲ့ ယူရိုပါလိဂ် အုပ်စုအဆင့် ပွဲစဉ်တွေမှာတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ဆိုက်ပရပ်စ်က အသင်းငယ်လေးကို နောက်က လိုက်ကစားပြီး အနိုင်ယူခဲ့ပြီး အာဆင်နယ်ကတော့ အိမ်ကွင်းမှာ အိမ်ကွင်းမှာ သက်တောင့်သက်သာပဲ ဂိုးပြတ်နိုင်ပွဲ ရှာတွေ့သွားပါတယ်။ 

အိုမိုနီယာ ၂ – ၃ မန်ချက်စတာ ယူနိုက်တက်

အုပ်စုအဖွင့်ပွဲမှာ ရှုံးနိမ့်ထားတဲ့ ယူနိုက်တက်ဟာ အမှတ်ပြုန်းတီးလို့ မရတော့တာကြောင့် ဒီပွဲကို အာရုံစိုက်ပြီး ကစားခဲ့ပါတယ်။ တိုက်စစ်မှာ ရော်နယ်လ်ဒို ပွဲထွက်လာပေမယ့် ဂိုးကံခေနေခဲ့သလို တွဲဖက် တိုက်စစ်သမားတွေဖြစ်တဲ့ ဆန်ချို၊ အန်တိုနီတို့နဲ့လည်း အချိတ်အဆက် သိပ်မမိခဲ့ပါဘူး။ ပထမပိုင်းမှာ ရော်နယ်လ်ဒို၊ ဖာနန်ဒက်စ်၊ အန်တိုနီတို့ရဲ့ အားထုတ်မှုတွေက တိုင်ထိတာ၊ ဂိုးသမား ကာကွယ်တာတွေကြောင့် ဂိုးမရခဲ့ပါဘူး။ ၃၂ မိနစ်မှာတော့ ယူနိုက်တက် နောက်ခံလူ မာလာစီယာ ဟန်ချက်ပျက် လဲကျနေရာက ဖိလစ်ပီ ဘောလုံးရသွားပြီး တောက်လျှောက် ဆွဲပြေးရင်း အလိုက်သင့် ချပေးလိုက်တာကို ကာရင်က အဆုံးကန် ကန်သွင်းပြီး အိမ်ရှင်တို့ ပွဲကို ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်အစမှာ ယူနိုက်တက် မန်နေဂျာ တန်ဟက်ဂ်က ခြေစွမ်းပုံမှန်အောက် ရောက်နေတဲ့ မာလာစီယာနဲ့ ဆန်ချိုတို့ကို ထုတ်ပြီး ဘယ်ခြမ်း တစ်ခြမ်းလုံးကို လူအပြောင်းအလဲ လုပ်ခဲ့ပြီး တိုက်စစ်ကို အရှိန်မြှင့်ခဲ့ပါတယ်။ ဘယ်တောင်ပံမှာ ရှောနဲ့ ရက်ရှ်ဖို့ဒ်တို့ ဝင်လာတဲ့အခါ အိုမိုနီယာ ခံစစ်ကို ပိုပြီး ဖိအားပေးနိုင်ခဲ့သလို ပွဲချိန် ၅၂ မိနစ်မှာ ရက်ရှ်ဖို့ဒ်က ဘီးကုပ်စက်ဝိုင်း ထိပ်နားကနေ လှမ်းကန်ပြီး ချေပဂိုး စတင် သွင်းယူပါတယ်။ နောက်ထပ် ၁၀ မိနစ် အကြာမှာတော့ ရက်ရှ်ဖို့ဒ် ပို့ပေးတဲ့ ဘောလုံးကို လူစားဝင် တိုက်စစ်မှူး မာစီရယ်လ်က ပထမဂိုးကို ရက်ရှ်ဖို့ဒ်သွင်းခဲ့တဲ့ နေရာနားကနေပဲ အပြင်းကန်သွင်းပြီး ယူနိုက်တက်တို့ ပွဲကို တကျော့ပြန် ဦးဆောင်လာပါတယ်။ ၇၇ မိနစ်မှာ ရော်နယ်လ်ဒိုက ဂိုးသမား မရှိတော့တဲ့ ဂိုးပေါက်ထဲ အပိုင်ကန်ခွင့် ရခဲ့ပေမယ့် ကံခေပြီး ဂိုးတိုင်ထိသွားပါတယ်။ ၈၃ မိနစ်မှာ ရော်နယ်လ်ဒို ဖြတ်ပို့ပေးတဲ့ ဘောလုံးကို ရက်ရှ်ဖို့ဒ်က အလိုက်သင့် ပြေးဝင် ပိတ်သွင်းခဲ့တာကြောင့် ယူနိုက်တက် အနိုင်ရဖို့ သေချာလာခဲ့ပါတယ်။ ဒါတောင်မှ ကွင်းလယ် စပေးဘောကနေ ခပ်မြန်မြန် တိုက်စစ်ဆင်လာတဲ့ အိုမိုနီယာက ၁ မိနစ်အတွင်း ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့ပါသေးတယ်။ ဒီပွဲမှာ ယူနိုက်တက် အနိုင်ရခဲ့ပေမယ့် ခံစစ်တိုက်စစ် အကူးအပြောင်းမှာ လိုအပ်ချက်တွေ အထင်အရှား ရှိနေခဲ့သလို ဗာရာနေး မပါတဲ့ ခံစစ်ကြောင်းကလည်း အတော်လေး အားနည်းနေခဲ့တာ တွေ့ရပါတယ်။ 

အာဆင်နယ် ၃ – ၀ ဘိုဒို/ဂလင့်

အဓိက ကစားသမား တော်တော်များများကို အနားပေးပြီး အရန်တွေနဲ့ ပွဲထွက်လာတာတောင် အာဆင်နယ်အတွက် ဒီပွဲမှာ ဂိုးပြတ်အနိုင်ရဖို့ မခက်ခဲခဲ့ပါဘူး။ ပွဲချိန် ၂၃ မိနစ်မှာ ဘယ်တောင်ပံက တီယာနေး အပြင်းကန်ပေမယ့် တိုင်ထိထွက်လာတာကို အာဆင်နယ် တိုက်စစ်မှူး အန်ကက်တီယာက ပြေးဝင် ပိတ်သွင်းပြီး ပွဲကို စတင်ဦးဆောင်ခဲ့ပါတယ်။ နောက်ထပ် ၃ မိနစ်လောက် အကြာမှာပဲ အာဆင်နယ် ကွင်းလယ်လူ ဗီအဲရာ ကန်တင်ပေးတာကို နောက်ခံလူ ဟိုးလ်ဒင်းက ခေါင်းတိုက်ပြီး အသင်းအတွက် ဒုတိယဂိုးကို ရယူပေးခဲ့ပြန်ပါတယ်။ အဲဒီနောက်ပိုင်း အာဆင်နယ်အတွက် ဂိုးသွင်းခွင့်တွေ ထပ်ရပေမယ့် အသုံးမချနိုင်ဘဲ ဖြစ်နေပါတယ်။ ပွဲချိန် ၈၃ မိနစ်မှာတော့ တိုက်စစ်မှူး ဂျေးဇူးစ်က ပြိုင်ဘက် ခံစစ်မှူးတွေကို တစ်ကိုယ်တော် အစွမ်းနဲ့ လိမ်ခေါက် ကျော်ဖြတ်လာပြီး ပေးပို့တာကို ဗီအဲရာက ပိတ်သွင်းခဲ့တာကြောင့် အာဆင်နယ်တို့ ဂိုးပြတ် အနိုင်ရသွားပါတယ်။ 

ယူရိုပါလိဂ်မှာ ယှဉ်ပြိုင်ကစားသွားတဲ့ တခြားနာမည်ကြီး အသင်းတချို့ရဲ့ ပွဲစဉ်ရလဒ်တွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ 

ဇူးရစ်ချ် ၁ – ၅ ပီအက်စ်ဗီအိုင်ဟိုဗန်

ရှရစ်ဖ် ၀ – ၂ ရီးရဲလ်ဆိုစီဒက်

စတမ်းဂရက်ဇ် ၀ – ၀ လာဇီယို

မိုနာကို ၃ – ၁ ထရက်ဇွန်စပေါ

အန်းဒါးလက်ချ် ၀ – ၁ ဝက်စ်ဟမ်းယူနိုက်တက်

ဖီနာဘာချီ ၂ – ၀ လာနာကာ

ရိုးမား ၁ – ၂ ရီးရဲလ်ဘက်တစ်

မစ်ဂျေးလန်း ၂ – ၂ ဖိုင်ယန်နော့ဒ်