
ကရင်ပြည်နယ်၊ ဘုရားသူံးဆူမြို့နဲ့ သုံးမိုင်လောက်အကွာက မက္ကသာကျေးရွာကို အောက်တိုဘာ (၆)ရက် ဒီကနေ့ မနက်နှစ်နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့ပြီး ရွာဘုန်းကြီးကျောင်းအပါအဝင် နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
“လူနေအိမ်တွေကိုလဲတစ်လုံး ကြဲသွားတယ်၊ ဘုန်းကြီးကျောင်းကိုကြဲသွားတာ မီးအကုန်လုံးလောင်သွားတယ်၊ (ဘုရား)သုံးဆူက မီးသတ်ကားတွေ မီးသွားငြိမ်းနေတယ်၊ ဘုရားတောင်ကိစ္စကိုမကျေနပ်လို့ပေါ့၊ အဲ့နားက လူ တွေရှောင်ကုန်ပြီ၊စစ်သားက မြေပြင်တက်လို့မရဘူး၊ အဲ့ဒါကြောင့် အပေါ်ကလုပ်လိုက်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို တိုက်ပွဲမဖြစ်ဘဲ ဗုံးကြဲတိုက်ခိုက်တာကြောင့် မက္ကသာရွာက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေး နေရပြီး ဘုရားသုံးဆူဘက်က ဒေသခံတွေကလည်း ဖြည်းဖြည်းချင်း ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က စက်တင်ဘာလ ၂၈ရက်နေ့မနက်ပိုင်းက ဘုရားသုံ းဆူမြို့ အဝင်မှာရှိတဲ့ ဘုရားတောင်စခန်းကုန်းကို တိုက်ခိုက်သိမ်းယူပြီးကတည်းက ဘုရားသုံးဆူဘက်မှာ စစ် ကောင်စီ လေယာဉ်တွေပျံဝဲနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ဘုရားတောင် စစ်စခန်းဟာ ဘုရားသုံးဆူ မြို့ဝင်ပေါက်မှာ ရှိ တာဖြစ်ပြီး အခု လေယာဉ်နဲ့ ဗုံးကြဲခံရတဲ့ မက္ကသာကျေးရွာကတော့ ဘုရားသုံးဆူမြို့နဲ့ သုံးမိုင်လောက်အကွာ မှာရှိပြီး KNLA တပ်မဟာ(၆)ဌာနချုပ် အခြေစိုက်တဲ့ ရွာလည်း ဖြစ်ပါတယ်။
အဲ့ဒီရွာက KNLA တပ်မဟာ(၆)ဌာနချုပ်မှာ PDF တပ်ဖွဲ့ဝင်တွေကို စစ်သင်တန်းနဲ့ ဖောက်ခွဲရေးသင်တန်းတွေ ပေးနေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားဖူးပါတယ်။