နျူလက်နက်တွေ ထားရှိပေးဖို့ ပိုလန် တောင်းဆိုကြောင်း သတင်းတွေကို အမေရိကန်ငြင်း  

အမေရိကန်ရဲ့ နျူကလီးယား ဒုံးကျည်တွေကို ပိုလန်နိုင်ငံထဲမှာ လာရောက် ဖြန့်ကျက်ပေးဖို့ ပိုလန် အစိုးရက တောင်းဆိုခဲ့ကြောင်း သတင်းတွေကို အိမ်ဖြူတော်က ငြင်းဆိုသွားခဲ့ပါတယ်။ 

အစောပိုင်းမှာ ပိုလန် သမ္မတ အန်ဒါဇက်ဂျ် ဒူဒါက ရုရှားရဲ့ ခြိမ်းခြောက်မှုတွေကို အဟန့်အတား ဖြစ်စေဖို့အတွက် အမေရိကန်ရဲ့ နျူကလီးယား လက်နက်တွေ လာရောက် ဖြန့်ကျက်ပေးဖို့ တောင်းဆိုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ နိုင်ငံတကာအရေး လေ့လာသူတွေကတော့ ဒူဒါရဲ့ စကားဟာ ဟန်ပြသဘောသာ ဖြစ်နိုင်ပြီး ပိုလန်အပေါ် ရုရှားရဲ့ စစ်ရေးအရ ချဉ်းကပ်လာနိုင်ခြေတွေကို နောက်တွန့်သွားစေဖို့ ကြိုတင် စီမံလိုက်တဲ့ သဘောလို့ သုံးသပ်ကြပါတယ်။ 

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ယောက်ကတော့ ပိုလန် အစိုးရဆီက အဲဒီလို တောင်းဆိုမှုမျိုး ရရှိမထားကြောင်း၊ ဒီအကြောင်းကို မေးမယ်ဆိုရင် ပိုလန် အစိုးရကိုသာ ချဉ်းကပ်သင့်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ 

တကယ်လို့သာ ပိုလန်မှာ အမေရိကန်ရဲ့ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်ခဲ့မယ်ဆိုရင် ပိုလန်အတွက် လုံခြုံရေး အာမခံချက် ပိုရသွားနိုင်တယ် ဆိုပေမယ့် ရုရှားရဲ့ အမျက်သိုမှုကိုလည်း ကြုံရနိုင်ပါတယ်။ ပြီးတော့ ရုရှားနဲ့ အမေရိကန်ကြား လက်ရှိ တင်းမာမှုတွေဟာ ဆိုးသထက် ဆိုးသွားနိုင်ပါတယ်။ 

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့တော့ ဥရောပ အရှေ့ပိုင်းက နိုင်ငံတွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်လာပြီး လုံခြုံရေး အစီအမံသစ်တွေကို အသည်းအသန် စဉ်းစားပြင်ဆင်နေရတာ မြင်သာပါတယ်။ ပိုလန် သမ္မတက သူ့နိုင်ငံဟာ နျူကလီးယား မျှဝေသုံးစွဲမှု အစီအမံအတွက် အမေရိကန်နဲ့ ပူးပေါင်းဖို့ အခွင့်အလမ်းတွေ ရှိနေတယ်လို့ ပြောပါတယ်။ 

အဲဒီ အစီအမံအရ နျူကလီးယား လက်နက်တွေ လက်ခံထားတဲ့ အိမ်ရှင်နိုင်ငံက လေယာဉ်မှူးတွေဟာ ပြည်တွင်းမှာ သိုလှောင်ထားတဲ့ အမေရိကန် နျူကလီးယား လက်နက်တွေကို တင်ဆောင်ပြီး ပျံသန်းတဲ့ မစ်ရှင်တွေကို ခွဲဝေ တာဝန်ယူခွင့် ရှိလာမှာပါ။ 

ဒါပေမဲ့ လက်ရှိ ကာလမျိုးမှာ ပိုလန်ကို အမေရိကန်ရဲ့ နျူကလီးယား လက်နက်တွေ ပို့ထားမယ်ဆိုရင် မဟာဗျူဟာ ရှုထောင့်အရ ပိုလန်အတွက်ရော၊ NATO အတွက်ပါ ကောင်းကျိုးထက် ဆိုးကျိုး ပိုများမယ်လို့ ပညာရှင် အများစုက သုံးသပ်ထားကြပါတယ်။