AA နဲ့တိုက်ပွဲအတွက် စစ်ကောင်စီခေါ်သွားတဲ့ ဂန့်ဂေါနဲ့ကလေးက ပျူစောထီးတွေ မိသားစုနဲ့အဆက်အသွယ် ပြတ်နေ

Photo – Social Media (အာဏာသိမ်းပြီးနောက် စစ်တပ်က စစ်ကိုင်းတိုင်းအတွင်း စစ်သင်တန်းပေးနေသည့် မြင်ကွင်း)

ရခိုင့်တပ်တော် AA နဲ့ ရခိုင်ပြည်က တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ဖို့အတွက် စစ်ကောင်စီက လူစုဆောင်းခေါ်သွားတဲ့ ဂန့်ဂေါနဲ့ကလေးမြို့နယ် ကျေးရွာတချို့က ပျူစောထီး(၂၀) ဝန်းကျင်လောက် မိသားစုနဲ့ အဆက်အသွယ် ပြတ် နေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

အဲ့ဒီပျူစောထီး အဖွဲ့ဝင်တွေကို မိသားစုတွေက ဖုန်းနဲ့ဆက်သွယ်တဲ့အခါ အားလုံးဟာစက်ပိတ်ထားကြောင်းသာ သိရတယ်လို့ ဆိုပါတယ်။

” ဟိုရွာနည်းနည်း၊ ဒီရွာနည်းနည်း လိုက်သွားကြတာ၊တစ်လကျော်လောက်ကြာပြီ၊ သူတို့လည်းစိတ်ပျက်စ တော့ ပြုလာကြပြီ” လို့ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်နဲ့အတူ ကလေးမြို့နယ်တောင်ပိုင်း ကြံသာ၊ကျောက်ပြုတ်ရွာနဲ့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ဟံ သာဝတီ၊ကုက္ကား၊ မြောက်ခင်ရန်းရွာက ပျူစောထီးအဖွဲ့ဝင်တချို့ လိုက်ပါသွားကြတာဖြစ်တယ်လို့ ဒေသခံတွေ ကဆိုပါတယ်။

“ပြီးခဲ့တဲ့ရက်က ဟံသာဝတီက မိန်းမတွေငိုကြတယ်၊သူတို့ယောကျ်ားတွေသတင်း ဘာကြားလဲမသိဘူး” လို့ ဟံသာဝတီကျေးရွာအနီးက ဒေသခံတစ်ဦးကပြောပါတယ်။

ဂန့်ဂေါနယ်က ထင်ရှားတဲ့ ပျူစောထီးရွာဖြစ်တဲ့ မြောက်ခင်ရန်းရွာမှာလည်း အခုလ(၁)ရက်နေ့က ရဟတ်ယာဉ် နှစ်စီးဆင်းသက်ခဲ့ပြီး ရွာခံပျူစောထီးတွေကို ခေါ်သွားကြတယ်လို့ ဒေသခံကတွေကပြောပါတယ်။

ဒေသတွင်း သတင်းတွေထုတ်ပြန်ပေးနေတဲ့ ယောသတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ စစ်တပ်က ရခိုင်မှာ တိုက်ပွဲဝင်ဖို့ ပျူစောထီး (၃၆)ဦးခေါ်ဆောင်သွားတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ပျူစောထီးတွေခေါ်ဆောင်သွားတာအပြင် ကြံသာရွာက စစ်ဗိုလ်ကိုပါခေါ်ဆောင်သွားပြီး နောက်ဗိုလ်တစ်ဦး အစားထိုးထားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတို့ ရခိုင်နဲ့ ပလက်ဝဒေသတွေမှာ တကျော့ပြန်တိုက်ပွဲတွေပြင်းထန်ရာမှာ စစ်ကောင်စီဘက်က အထိနာပြီး အခြေစိုက်စစ်စခန်းတွေလည်း ဆက်တိုက် လက်လွှတ်နေရပါတယ်။

အဲ့ဒီလို အထိနာနေတဲ့နောက် စစ်တပ်က ရခိုင်တိုက်ပွဲတွေဆီ အင်အားဖြည့်တင်းနိုင်ဖို့ လူစုဆောင်းတာ တွေရှိ နေပြီး ဂန့်ဂေါနဲ့ ကလေးနယ်မှာတော့ ပျူစောထီးတွေ တနေ့တသောင်းနှုန်းပေးမယ်ဆိုပြီး ခေါ်ယူတာ တွေရှိခဲ့ပါတယ်။

အဲ့ဒီလို စစ်တပ်က လူစုဆောင်းရာမှာ လိုက်ပါသွားသူတွေရှိသလို ရခိုင်စစ်မြေပြင်ဆီ မလိုက်ချင်လို့ ဒေသတွင်း ကနေ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေလည်း ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။