မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေရတဲ့ မုံရွာ-အမြင့်လမ်းကို ယာဉ်တွေသွားမရအောင် စစ်တပ်ကဖျက်ဆီး 

Photo – မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း မုံရွာမြို့နဲ့ ချောင်းဦးမြို့နယ်တို့ရဲ့ အဓိက ဆက်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့  မုံရွာ-အမြင့်လမ်းက ကျောက်ပေါက်ကွေ့မှာ စစ်ကောင်စီက အောက်တိုဘာ(၄)ရက်နေ့လယ်ပိုင်းမှာ ယာဉ်တွေသွားလာမရအောင် ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း တော်လှန်းရေးအဖွဲ့အစည်းတွေက  ထုတ်ပြန်ပါတယ်။

 “ဘာကြောင့်ဖျက်တယ်ဆိုတာတော့ သတင်းအတိကျမရသေးဘူးဗျ၊ ကြည့်ရတာကတော့ အဲ့ဘက်မှာ Mission တွေအဖြစ်များတော့ PDF ရဲဘော်တွေ သွားလာမရအောင် ဖျက်တယ်လို့လဲ ယူဆလို့ရတယ်ဗျ”လို့ Monywa Roads Information အဖွဲ့တာ ဝန်ရှိသူတဦးက ဆိုပါတယ်။

 စစ်ကောင်စီတပ်က အင်အား သုံးဆယ်ဝန်းကျင်နဲ့ မြေကော်စက်(ဘူဒိုဇာ)ယာဉ်တွေနဲ့ အဲ့ဒီလမ်းကို ရည်ရွယ်ချက် ရှိရှိတမင်ဖျက်ဆီးခဲ့တာလို့ သူကပြောပါတယ်။

 “လမ်းကိုကော်တူးပစ်လိုက်တာက အရမ်းနက်ပြီးကျယ်သွားတော့ ပြည်သူတွေသွားရေးလာရေး မဖြောင့်ဖြူး တော့ ဘူး”လို့ Monywa Roads Information တာဝန်ရှိသူက ဆိုပါတယ်။

 အခုလို လမ်းပျက်စီးသွားတာကြောင့် မုံရွာမြို့တောင်ပိုင်းနဲ့ ချောင်းဦးမြို့နယ်က ပြည်သူတွေအတွက် သွားလာရ အခက်အခဲတွေဖြစ်စေပြီး အဲ့ဒီဒေသတွေမှာ ဈေးသည်တွေအများဆုံးရှိတာကြောင့် ကုန်သွယ်ရေးမှာ အခက်အခဲ အများအပြားဖြစ်စေတယ်လို့ သိရပါတယ်။

ဒီကနေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကားတစီးနဲ့ မြေကော်စက် ယာဉ်တစီးဟာ မုံရွာ-အမြင့်လမ်းပိုင်းမှာ သွားလာလှုပ်ရှားမှုရှိနေတယ်လို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က လည်း ထုတ်ပြန်ထားပါတယ်။

မုံရွာ-အမြင့်လမ်းဟာ မုံရွာနဲ့ ချောင်းဦးမြို့ဆက်သွယ်ရေးအတွက် အရေးပါတဲ့လမ်းပိုင်းဖြစ်သလို စစ်ကိုင်း-မုံရွာ လမ်းမကြီးရဲ့ အစိတ်အပိုင်းတခုလည်းဖြစ်ပါတယ်။အဲ့ဒီလမ်းပိုင်းတွေမှာ ဖြတ်သန်းသွားလာတဲ့ စစ်ကောင်စီ ယာဉ် တန်းတွေမကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိပြီး စစ်တပ်က ထိခိုက်သေဆုံးမှုတွေ ရှိနေတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာ နောက်ဆုံးပတ်အတွင်းက စစ်ကိုင်းကနေ မုံရွာဘက်ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ တရက်အတွင်းမှာပဲ လမ်းတလျှောက် ဒေသအသီးသီးက ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ် တိုက်ခိုက် မှု တွေနဲ့ အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။