ဒေါ်လာနှစ်ထောင်နဲ့ လေလံတင်တဲ့ ကြွေပန်းအိုး ဒေါ်လာ ကိုးသန်းနီးပါးနဲ့ ရောင်းထွက် 

ကြမ်းခင်းစျေး ဒေါ်လာ ၂ ထောင်လောက် သတ်မှတ်ထားတဲ့ တရုတ် ကြွေပန်းအိုး တစ်ခုကို လေလံတင်ရာမှာ ဒေါ်လာ ၉ သန်းနီးပါးနဲ့ ရောင်းထွက်သွားတာကြောင့် လေလံဌာန တာဝန်ရှိသူတွေ မျက်လုံးပြူးခဲ့ကြရပါတယ်။ 

အဖြူရောင် နောက်ခံမှာ အပြာရောင် ကနုတ်ပန်းချီ လက်ရာတွေ ရေးဆွဲထားတဲ့ ကြွေပန်းအိုးကို ဒေါ်လာ ၁၅၀၀ နဲ့ ၂၀၀၀ ကြားလောက် စျေးရလိမ့်မယ်လို့ Osenat လေလံဌာန တာဝန်ရှိသူတွေက မျှော်လင့်ထားခဲ့ကြပါတယ်။ ဒါပေမဲ့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်နားက ဖော်တိန်နီဗျူလ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကျင်းပခဲ့တဲ့ လေလံပွဲ အပြီးမှာတော့ ဒီပန်းအိုးလေးဟာ ဒေါ်လာသန်းချီတန်တဲ့ အနုပညာ လက်ရာတစ်ခုအဖြစ် နေ့ချင်းညချင်း ပြောင်းသွားပါတယ်။ 

လေလံဆွဲ ဝယ်ယူသူ တော်တော်များများက ပန်းအိုးလေးအပေါ် စိတ်ဝင်တစား ရှိခဲ့ပြီး ကြောက်ခမန်းလိလိ နှုန်းထားတွေနဲ့ စျေးပြိုင်ပေးခဲ့ကြပါတယ်။ ရှေးဟောင်းပစ္စည်း စုဆောင်းသူတွေ အပြိုင်အဆိုင် စျေးပေးမှု အပြီးမှာတော့ ရှေးဟောင်းပစ္စည်း စုဆောင်းသူ တစ်ဦးက ကြွေပန်းအိုးလေးကို ယူရို ၉.၁၂၁ သန်းနဲ့ ဝယ်ယူသွားပါတော့တယ်။ ဒါဟာ ဒေါ်လာ ၈.၈ သန်းလောက်နဲ့ ညီမျှတဲ့ ပမာဏပါ။ 

ပန်းအိုးလေးရဲ့ ပုံသဏ္ဍန်က လုံးဝိုင်းပြီး ရှည်လျားတဲ့ လည်တံ ပါရှိပါတယ်။ အတိုင်းအတာ ၂၁x၁၆ လက်မရှိတဲ့ ပန်းအိုးလေးရဲ့ ကိုယ်ထည်မှာ နဂါးတွေနဲ့ တိမ်လွှာတွေပုံ ပန်းချီလက်ရာတွေ ရေးထိုးထားပါတယ်။ နိုင်ငံခြားမှာ နေထိုင်သူ တစ်ဦးက သူ့အဖွားရဲ့ အိမ်အဟောင်းကို ရှင်းရင်း တွေ့လာတဲ့ ပန်းအိုးလေးကို ရောင်းပေးဖို့ ဆက်သွယ်လာလို့ လေလံတင်ခဲ့ရာမှာ အခုလို ရလဒ်မျိုး ထွက်ပေါ်လာတာလို့ Osenat လေလံဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီပန်းအိုးလေးကို ရဖို့ လေလံဝင်ဆွဲခဲ့သူ ဦးရေက ၃၀၀ ကျော်၊ ၄၀၀ နီးပါးထိ ရှိခဲ့ပါတယ်။ 

ရာဖြတ် ပညာရှင် တစ်ဦးရဲ့ အဆိုကို ကိုးကားပြီး Osenatက ဒီပန်းအိုးလေးဟာ ၂၀ ရာစုလက်ရာ တစ်ခုလို့ ကြေညာပြီး တန်ဖိုးမြင့်မြင့် မသတ်မှတ်ခဲ့ပါဘူး။ ဒါပေမဲ့ လေလံဆွဲသူတွေကတော့ ပန်းအိုးလေးဟာ ၁၈ ရာစု လက်ရာတစ်ခုဖြစ်ပြီး ယုံကြည်ပြီး အရမ်းရှားပါးလိမ့်မယ်လို့ ယုံကြည်တာကြောင့် အခုလို အလုအယက် စျေးပေးခဲ့ကြတာပါ။ 

နောက်ဆုံး လေလံအောင်သွားသူဟာ တရုတ်နိုင်ငံက အမည်ဖော်မပြသူ တစ်ဦးဖြစ်တယ်လို့ Osenatရဲ့ ဥက္ကဋ္ဌ ဂျင်းပီယေး အိုဆီနက်က ပြောပါတယ်။ အဲဒီပုဂ္ဂိုလ်က ပန်းအိုးလေးဟာ တရုတ်ကနေ ခိုးယူခံခဲ့ရတာလို့ ယုံကြည်တာကြောင့် အရပြန်ယူခဲ့တာလို့ပြောကြောင်း အိုဆီနက်က ဆိုပါတယ်။ တစ်ချိန်ချိန် ဒီပန်းအိုးလေးကို တရုတ်က ပြတိုက် တစ်ခုခုမှာ ပြသထားတာမျိုး ဖြစ်လာနိုင်တယ်လို့ သူက သုံးသပ်ပေမယ့် လောလောဆယ်တော့ ပိုင်ရှင်သစ်ရဲ့ သဘောထားကို မသိသေးကြောင်းလည်း အိုဆီနက်က ပြောကြားသွားပါတယ်။