ဘားအံ ကော့လှိုက်ရွာမှာရွာခံတွေကန့်ကွက်ပေမယ့် ကျောက်ထုတ်တာမရပ်သေးလို့ ရွာအနီးမှာ ကမ်းပြိုမှုတွေဖြစ်လာ

ဘားအံမြို့နယ်ထဲက ကော့လှိုက်ကျေးရွာအနီး သံလွင်မြစ်ထဲမှာ ရွာခံတွေက လက်မခံပေမယ့် လုပ်ငန်းရှင်တွေက နေစဉ်ကျောက်ထုတ်နေလို့ ကမ်းပြိုမှုတွေဖြစ်လာပြီး ရွာက စိုက်ပျိုးမြေတွေအနီးဝန်းကျင်က ကမ်းတွေပါပြိုလာ နေတယ်လို့ ရွာခံတဦးက DNA ကိုပြောပါတယ်။

အဲ့ဒီရွာအနီးမှာ မြစ်ကြောင်းပြုပြင်မယ်လို့ အကြောင်းပြပြီး သဲ၊ကျောက်ထုတ်ယူနေတာကြောင့် ရွာခံတွေက ကန့် ကွက်ထားပေမယ့် ရွာလူကြီးက တာဝန်မယူတာကြောင့် ရေအရင်းအမြစ်ဦးစီးဌာနက စာပို့တိုင်ကြားထားပေမယ့် လက်ရှိအချိန်အထိ သဲ၊ကျောက်ထုတ်ယူမှုတွေ ဆက်ရှိနေတာပါ။

“မနေ့ကမှ ရုံးဖွင့်တာဆိုတော့ စာကမနေ့ကမှရောက်တယ်၊ကမ်းပြိုတာ လမ်းပျောက်နေပြီ”လို့ ကော့လှိုက်ရွာခံ တဦးက ပြောပါတယ်။
လက်ရှိ ကမ်းပြိုမှုတွေဖြစ်နေတဲ့ နေရာဟာ ကော့လှိုက်ရွာက လူနေအိမ်ခြေတွေနဲ့ ပေသုံးဆယ်၊လေးဆယ် ဝန်း ကျင်လောက်သာ ကွာဝေးတော့တာကြောင့် ရွာခံတွေစိုးရိမ်နေကြတယ်လို့ဆိုပါတယ်။

ကော့်လှိုက်ရွာအနီး သံလွင်မြစ်ထဲမှာ မြစ်ကြောင်းပြုပြင်မယ်ဆိုတာကြောင့် လုပ်ငန်းလုပ်ကိုင်ဖို့ ရွာနေပြည်သူ တွေက သဘောတူလက်မှတ်ထိုးခဲ့ပေမယ့် လက်တွေ့မှာ မြစ်ကြောင်းပြုပြင်တာမဟုတ်ဘဲ သဲ၊ကျောက်ထုတ် ယူတာဖြစ်နေပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကလည်း တာဝန်မယူတာကြောင့် ရွာခံတွေအခက်တွေ့နေကြတယ်လို့ ဆိုပါတယ်။

“လူကြီးတွေက ဘာမှမလုပ်ပေးဘူး၊ သူတို့က မသိသလိုဘဲနေတယ်” လို့ ကော့လှိုက်ရွာမှာနေထိုင်တဲ့ ရွာသား တစ်ဦးက ပြောပါတယ်။
ရွာအနီးမှာ သဲ၊ကျောက်ထုတ်ယူနေတာ တပတ်လောက်ကြာလာချိန်မှာ ကမ်းပြိုတာတွေဖြစ်လာနေပြီး ရွာက စိုက်ခင်းမြေတချို့လည်း ကမ်းပြိုတဲ့အထဲပါနေပြီလို့ ဒေသခံတွေက ဆိုပါတယ်။အရင်က ကားသွားလို့ ရတဲ့ လမ်းဟာ အခုအချိန်မှာ လူတစ်ယောက်သွားရင်တောင် ပြိုကျမဲ့အခြေအနေတွေဖြစ်နေတယ်လို့ရွာခံတဦး ကပြောပါတယ်။

အဲ့ဒီလို ကမ်းပြိုကျမှုတွေဖြစ်နေတာကြောင့် မြစ်ကမ်းအနီး နေထိုင်သူတွေအနေနဲ့ နေအိမ်တွေပါ ကမ်းပြိုတဲ့အထဲ ပါသွားမှာကို စိုးရိမ်နေကြရတယ်လို့ဆိုပါတယ်။ကော့လှိုက်ကျေးရွာမှာ လူနေအိမ်ခြေစုစုပေါင်း ကိုးရာကျော်ရှိပြီး လူဦးရေ လေးထောင်နီးပါး နေထိုင်တယ်လို့ ၂၀၁၄ခုနှစ်သန်းခေါင်စာရင်း ဆိုင်ရာ အချက်အလက်တွေမှာ ဖော်ပြ ထားပါတယ်။