အာဏာသိမ်းခံရတဲ့ ဘာကီနာဖာဆို စစ်ခေါင်းဆောင်ဟောင်း တိုဂိုကို ထွက်ပြေး 

Photo – AFP

ကိုယ်တိုင် အာဏာပြန်အသိမ်း ခံလိုက်ရတဲ့ ဘာကီနာဖာဆို စစ်အစိုးရ ခေါင်းဆောင်ဟောင်းဟာ အခုအခါ တိုဂိုနိုင်ငံကို တိမ်းရှောင် ထွက်ပြေးသွားရပြီ ဖြစ်ပါတယ်။ 

ဒုတိယ ဗိုလ်မှူးကြီး ပေါလ်ဟင်နရီ ဒမ်မီဘာဟာ တိုဂိုနိုင်ငံကို ရောက်ရှိလာကြောင်း တိုဂို အစိုးရက အတည်ပြုပါတယ်။ ဒေသတစ်ခုလုံးရဲ့ တည်ငြိမ်အေးချမ်းရေးကို ရှေးရှုပြီး ဒမ်မီဘာကို လက်ခံခဲ့တာ ဖြစ်တယ်လို့ တိုဂို အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိက ဆိုပါတယ်။ 

ဒမ်မီဘာကို ဖြုတ်ချလိုက်ပြီး ထပ်ဆင့် အာဏာသိမ်းခဲ့တဲ့ ဗိုလ်ကြီး အီဘရာဟင် ထရာအိုယေးက အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေနဲ့ ဖြစ်ပျက်ခဲ့တာတွေကို အတိတ်မှာ ချန်ထားပြီး အရေးကြီးတဲ့ ပြဿနာတွေကို အမြန်ဆုံး ရှင်းလင်းဖို့ တိုက်တွန်းလိုက်ပါတယ်။ သူက ဘာကီနာဖာဆိုက ကြိုးနီစနစ်တွေကို လုံးဝဥဿုံ ပယ်ဖျက်သွားမယ်လို့လည်း ကြွေးကြော်ခဲ့ပါတယ်။

 ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မြို့တော် အူဂါဒူဂူမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ထရာအိုယေး ဦးဆောင်တဲ့ တပ်တွင်း ပုန်ကန်သူတွေက ဒမ်မီဘာကို ဖြုတ်ချကြောင်း ကြေညာခဲ့ပါတယ်။ ဒမ်မီဘာဟာ စစ်တပ်ကိုရော၊ နိုင်ငံကိုပါ ပေးထားတဲ့ ကတိတွေကို ပျက်ကွက်ခဲ့ကြောင်း ထရာအိုယေး ဦးဆောင်တဲ့ အင်အားစုက စွပ်စွဲခဲ့ပါတယ်။ 

ဒမ်မီဘာဟာ အစောပိုင်းတုန်းက အူဂါဒူဂူမှာ ရှိနေတဲ့ ပြင်သစ် စစ်စခန်း တစ်ခုမှာ သွားရောက် တိမ်းရှောင်နေခဲ့ပါတယ်။ နောက်တော့ သူ့ရဲ့ လုံခြုံရေးကို အာမခံချက် ပေးရမယ်ဆိုတာ အပါအဝင် အချက်တချို့ကို ညှိနှိုင်းပြီး ရာထူးက နုတ်ထွက်ပေးဖို့ ဒမ်မီဘာက သဘောတူခဲ့ရပါတယ်။ တရားဝင် ရာထူးစွန့်လွှတ်ပြီး နာရီပိုင်း အကြာမှာပဲ သူဟာ တိုဂိုကို ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ 

ဒမ်မီဘာ အတွက်တော့ အာဏာသိမ်းခဲ့ဖူးတဲ့ ဝဋ်ပြန်လည်တယ်လို့ သတ်မှတ်ရမှာပါ။ သူဟာ အခုနှစ်၊ ဇန်နဝါရီလတုန်းက အရပ်သား အစိုးရဆီက အာဏာသိမ်းခဲ့သူ ဖြစ်ပါတယ်။ ဘာကီနာဖာဆို ပြည်သူတွေကတော့ တစ်နှစ်အတွင်း စစ်အာဏာသိမ်းမှု ၂ ကြိမ် ကြုံလာရတာပါ။ 

ထရာအိုယေးဟာ ရုရှားလိုလားသူ တစ်ယောက်လို့ လူသိများပြီး ရုရှားအစိုးရရဲ့ ကြေးစားတပ်ဖွဲ့ Wagner Group ခေါင်းဆောင် ယက်ဗ်ဂျီနီ ပရီဂေါ့ဇင်းက ဘာကီနာဖာဆို စစ်အစိုးရ အပြောင်းအလဲကို ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ရုရှား အစိုးရကလည်း ဘာကီနာဖာဆိုရဲ့ အခြေအနေတွေဟာ အမြန်ဆုံး ပုံမှန် ပြန်ဖြစ်သွားမယ်လို့ ယုံကြည်ကြောင်း အောက်တိုဘာ ၃ ရက်မှာ ပြောကြားခဲ့ပါတယ်။ ဘာကီနာဖာဆိုဟာ ပြင်သစ် ကိုလိုနီ ဘဝက လွတ်လပ်ရေး ရခဲ့တဲ့ ၁၉၆၀ ပြည့်နှစ်ကစလို့ ၉ ကြိမ်မြောက် အာဏာသိမ်းမှုနဲ့ ကြုံတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။