အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ပုသိမ်အကျဉ်းထောင်၊ ထောင်တွင်းတရားရုံးက ဖမ်းဆီးခံ ထားရတဲ့ နိုင်ငံရေးအကျဥ်းသား တစ်ဦးကို စက်တင်ဘာ ၂၈ရက်နေ့မှာ ထောင်ဒဏ် ၂၄ နှစ် ချလိုက်တယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေက DNA ကို ပြောပါတယ်။
ကျောင်းကုန်းမြို့နယ်အတွင်း ပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခံထားရတဲ့ ကိုကျော်ဇင်လတ်ကို ပုဒ်မ (၁၂၂ ၊ ၁၂၄)နဲ့ ထောင် (၂၀)နှစ်၊ ပုဒ်မ ၁၉(စ) နဲ့ ထောင် (၄)နှစ် စုစုပေါင်း (၂၄)နှစ် ချမှတ်လိုက်တာလို့ ဆိုပါတယ်။
“အထက်က အမိန့်အတိုင်း တရားသူကြီးက ဖတ်ပြီး အမိန့်ချနေတာ ဥပဒေကြောင်းအရ နစ်နာမှုတွေ အတွက် ခုခံချေပတာပဲဖြစ်ဖြစ် အယူခံ လျှောက်လဲတာပဲ ဖြစ်ဖြစ်အလကားပါပဲ” လို့ တရားလွှတ် ရှေ့နေတစ်ဦးက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေဆိုတာ ပြည်သူတွေအတွက် အမှိုက်ခြင်းထဲ က စာရွက်လောက်တောင် အသုံးမဝင်တဲ့ အခြေအနေ ဖြစ်သွားတယ်လို့လည်း သူက မှတ်ချက်ပြုပါတယ်။
ကိုကျော်ဇင်လတ်ဟာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦး ဖြစ်ပြီး ၂၀၂၁ သြဂုတ်လမှာ သူ့ကို စစ်ကောင်စီက ဖမ်းဆီးကာ တရားစွဲဆိုခဲ့တာလို့ တရားရုံးအသိုင်းအဝိုင်း နဲ့ နီးစပ်သူတချို့က ဆိုပါတယ်။
ပုသိမ်အကျဥ်းထောင်မှာ နိုင်ငံရေးပုဒ်မ အမျိုးမျိုးနဲ့ ဖမ်းဆီးခံရတဲ့ ကျောင်းကုန်း၊ရေကြည်၊ အသုတ်၊ငသိုင်းချောင်း ၊ ကျုံပျော်၊ ပုသိမ် ၊ သာပေါင်း ၊ ငွေဆောင် ၊ ချောင်းသာ ၊ ရွှေသောင်ယံ ၊ ငပုတော၊ ဟိုင်းကြီး၊ ငရုတ်ကောင်းစတဲ့ မြို့နယ်တွေက ဒေသခံ အမျိုးသား၊သ မီး ၄၀၀ ကျော်ရှိနေတယ်လို့ လူ့ အခွင့်အရေး တက်ကြွလှုပ်ရှားသူများကွန်ရက်ကနေ သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးထားတဲ့နိုင်ငံရေး အကျဥ်းသား အမျိုးသား ၊ အမျိုးသမီး ၄၀၀ ကျော်အနက် အမျိုးသမီး ၁၅ ဦး အပါအဝင် ၁၄၀လောက်ကို ပုသိမ်ထောင်တွင်း တရားရုံးက ထောင်ဒဏ် အသီးသီး ချမှတ်ထားပြီးပြီလို့ ရှေ့နေတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။