ယူကရိန်း နယ်မြေတွေကို ရုရှားပိုင်နက်ထဲ သွတ်သွင်းမှု အမေရိကန် လက်မခံကြောင်း ဘိုင်ဒန်ပြော

Photo – Getty Images

ယူကရိန်း နယ်မြေတွေကို ရုရှားပိုင်နက်အဖြစ် သွတ်သွင်းနေတဲ့အပေါ် အမေရိကန်က ဘယ်တော့မှ အသိအမှတ် ပြုမှာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။ 

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ယူကရိန်းက ရုရှားထိန်းချုပ် နယ်မြေ ၄ ခုကို ရုရှားပိုင်နက်ထဲ သွတ်သွင်းမယ့် ကိစ္စကို စက်တင်ဘာ ၃၀ မှာ မိန့်ခွန်းပြောကြား အတည်ပြုဖွယ် ရှိနေပါတယ်။ ရုရှားဟာ လူဟန့်စ်ခ်၊ ဒွန်းညက်စ်၊ ဇာပေါ်ရစ်ဇီရာနဲ့ ခါဆွန်ဒေသတွေက လက်ရှိ ထိန်းချုပ်ထားတဲ့ အစိတ်အပိုင်းတွေကို နိုင်ငံပိုင်နက်အဖြစ် ကြေညာဖို့ ပြင်ဆင်နေပါတယ်။

 ပြီးခဲ့တဲ့ ရက်ပိုင်းက အဲဒီဒေသတွေမှာ ရုရှားက ခန့်အပ်ထားတဲ့ အရာရှိတွေဟာ ရုရှားနဲ့ ပူးပေါင်းဖို့ သင့်မသင့်ဆိုတဲ့ လူထု ဆန္ဒ ခံယူပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် ပြည်သူလူထု ၉၀ ရာခိုင်နှုန်းကျော်က ရုရှားနဲ့ ပေါင်းစည်းဖို့ တခဲနက် ထောက်ခံခဲ့ကြောင်း ရုရှား အလိုတော်ရိ အာဏာပိုင်တွေက ကြေညာပါတယ်။ ဒါပေမဲ့ အဲဒီ ဆန္ဒမဲ ခံယူပွဲကို နိုင်ငံတကာက အသိအမှတ် မပြုသလို လွတ်လပ်မှု၊ မှန်ကန်မှု အာမခံချက်လည်း ဘာမှ မရှိပါဘူး။ 

အမေရိကန်နဲ့ ယူကရိန်း အစိုးရတွေက အဲဒီ လူထုဆန္ဒ ခံယူပွဲတွေကို အပြင်းအထန် ရှုတ်ချထားပြီး တကယ်လို့ ယူကရိန်း နယ်မြေတွေကိုသာ ရုရှားက သိမ်းသွင်းယူမယ်ဆိုရင် ပိုမိုပြင်းထန်တဲ့ အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့ အမေရိကန်က ပြင်ဆင်ထားပါတယ်။

 ဘိုင်ဒန်က အမေရိကန် ပြည်ထောင်စုကို ကိုယ်စားပြုပြီး သူ့သဘောထားကို ပြတ်ပြတ်သားသား ပြောနိုင်ကြောင်း၊ ယူကရိန်းရဲ့ အချုပ်အခြာ အာဏာပိုင် နယ်မြေတွေကို ရုရှားပိုင်နက်ထဲ သိမ်းသွင်းတဲ့ ကိစ္စကို ဘယ်တော့မှ၊ ဘယ်တော့မှ၊ ဘယ်တော့မှ အသိအမှတ် မပြုကြောင်း ဘိုင်ဒန်က ပြောကြားသွားပါတယ်။ 

မော်စကိုမှာတော့ သမ္မတ ပူတင်က ယူကရိန်း နယ်မြေတွေကို ပိုင်နက်ထဲ သွတ်သွင်းမယ့် ကိစ္စကို ကြေညာဖို့ ပြင်ဆင်နေပါပြီ။ ရင်ပြင်နီမှာ စင်မြင့်တစ်ခုကို အပြီးသတ် ဆောက်လုပ်နေပြီး ရုရှားရဲ့ နယ်မြေသစ် ၄ ခု တိုးလာကြောင်း ဂုဏ်ပြုရေးသားထားတဲ့ Billboardကြီးတွေလည်း စိုက်ထူထားပါတယ်။ ရုရှားဟာ ၂၀၁၄ ခုနှစ်တုန်းကလည်း ယူကရိန်းပိုင် ခရိုင်းမီးယား ဒေသကို အလားတူ လူထုဆန္ဒခံယူပွဲ ပုံစံမျိုးတွေ ကျင်းပပြီး ပိုင်နက်ထဲ သွတ်သွင်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်ထိ နိုင်ငံတကာ အသိုက်အဝန်းကတော့ ခရိုင်းမီးယားဟာ ယူကရိန်း ပိုင်နက်သာဖြစ်တယ်လို့ လက်ခံထားပါတယ်။