တရုတ် စားသောက်ဆိုင်တစ်ခု မီးလောင်မှုဖြစ်ပြီး တဆယ့်ခုနစ်ဦးသေ

Photo – SCMP
တရုတ်နိုင်ငံမှာ စားသောက်ဆိုင်တစ်ခု မီးလောင်ရာက လူ ၁၇ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ ချန်ချွန်းမြို့မှာရှိတဲ့ စားသောက်ဆိုင် တစ်ခုမှာ စက်တင်ဘာ ၂၈ ရက်က ဆိုးဆိုးရွားရွား မီးလောင်မှု ဖြစ်ခဲ့ကြောင်း အာဏာပိုင်တွေက အတည်ပြုပါတယ်။ မြို့တော် စီမံအုပ်ချုပ်ရေး ကော်မတီက မွန်းတည့်ချိန်ကျော်ကျော် လူစည်ကားနေတုန်းမှာ စားသောက်ဆိုင် မီးထလောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
မီးစလောင်ရတဲ့ အကြောင်းရင်းကို မသိရသေးပေမယ့် စားဖိုဆောင်က ဂက်စ်အိုးတစ်လုံး ပေါက်ကွဲတာကြောင့် ဖြစ်နိုင်ကြောင်း ကနဦး သတင်းတွေ ထွက်ပေါ်နေပါတယ်။ မီးလောင်မှုမှာ ၁၇ ဦးသေပြီး ဒဏ်ရာပြင်းထန်သူ ၃ ယောက်ကိုလည်း ဆေးရုံ တင်ပို့ထားရကြောင်း မီးသတ်နဲ့ ကယ်ဆယ်ရေး ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
ဂျီလင်ပြည်နယ်ရဲ့ မြို့တော် ချန်ချွန်းဟာ မော်တော်ယာဉ် ထုတ်လုပ်မှု လုပ်ငန်းအများစု အခြေစိုက်ရာ စက်မှုဗဟိုချက် တစ်ခုလည်း ဖြစ်ပါတယ်။ တရုတ်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း စီးပွားရေး ဦးမော့လာပေမယ့် ပြည်တွင်းက အများသူငါ သွားရောက်ရာ နေရာတွေရဲ့ လုံခြုံရေးစံနှုန်း အားနည်းချက်တွေကြောင့် မတော်တဆမှုတွေ သတင်းဆိုးတွေ ကြားနေရဆဲ ဖြစ်ပါတယ်။ အာဏာပိုင်တွေက အဆောက်အအုံတွေရဲ့ လုံခြုံရေး အစီအမံတွေကို စနစ်တကျ စစ်ဆေးမှု မရှိဘူးဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်ပေါ်နေဆဲပါ။
ဧပြီလတုန်းက ချန်ရှားမြို့မှာ တရားမဝင် တည်ဆောက်ထားတဲ့ တိုက်ခန်းတွဲတစ်ခု ပြိုကျလို့ လူ ၅၃ ဦး အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။ နောက်ပြီး ဇူလိုင်လတုန်းကလည်း မြောက်ပိုင်းက ဆိပ်ကမ်းမြို့ တီယန့်ကျင်းမှာ ဂက်စ်အိုး​ ပေါက်ကွဲလို့ လူ ၃ ဦးသေပြီး ၁၁ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
တရုတ်ရဲ့ စီးပွားရေး တဟုန်ထိုး တက်တဲ့ခဲ့တဲ့ ကာလတွေမှာ ဆောက်လုပ်ရေး ကဏ္ဍပါ အားကောင်းခဲ့ပေမယ့် လိုအပ်တဲ့ စီမံကြပ်မတ်မှုတွေ အလျင်မမီခဲ့တဲ့အခါ အရည်အသွေးပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေပြီး လူအသေအပျောက်များတဲ့ မတော်တဆမှုတွေ ကြုံတွေ့လာတာ ဖြစ်ပါတယ်။