စခန်းဆီ ဦးတည်လာတဲ့ အီရန် ဒရုန်းကို အီရတ်အခြေစိုက် အမေရိကန် စစ်တပ် ပစ်ချ

Photo – Insider

အီရတ်အခြေစိုက် အမေရိကန် တပ်ဖွဲ့တွေကို ခြိမ်းခြောက်လာတဲ့ အီရန် ဒရုန်းတစ်စီးကို ပစ်ချခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က အတည်ပြု ကြေညာသွားပါတယ်။ 

အီရတ်နိုင်ငံ၊ အာဘီလ် ဒေသမှာ တပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့ အခြေစိုက် စခန်းဆီ အီရန်ရဲ့ ဒရုန်းတစ်စီးက တည့်တည့်မတ်မတ် ဦးတည်နေတဲ့နောက် F-15 တိုက်လေယာဉ် တစ်စီးကို ချက်ချင်း ပျံတက်စေပြီး ပစ်ချခဲ့ကြောင်း ပင်တဂွန် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အီရန်ဟာ အီရတ်နိုင်ငံ မြောက်ပိုင်းက ကာ့ဒ်မျိုးနွယ်စုတွေ ထိန်းချုပ်ထားရာ နယ်မြေတွေကိုလည်း တာတိုပစ် ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။ အမေရိကန် စစ်တပ်က အဲဒီ ဒုံးကျည်တွေရဲ့ လမ်းကြောင်းကို သတိကြီးကြီး စောင့်ကြည့်နေရင်း အီရန်ဒရုန်းရဲ့ မူမမှန်တဲ့ ရွေ့လျားမှုကို တွေ့မြင်လာတဲ့အတွက် ကြိုတင် တားဆီးဖို့ ဆုံးဖြတ်ခဲ့တာလို့ ပင်တဂွန် စစ်ဌာနချုပ် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ 

အမေရိကန်က အီရန်ရဲ့ Mojer-6 အမျိုးအစား ဒရုန်းကို ပစ်ချလိုက်ကြောင်း ပြောပေမယ့် အီရန်ဖက်ကတော့ ဒီကိစ္စအပေါ် ဘာမှ မတုံ့ပြန်သေးပါဘူး။ အီရန် တော်လှန်ရေး အစောင့်တပ်ဟာ ကာ့ဒ်မျိုးနွယ်စု ပြောက်ကျားတွေရဲ့ စစ်အခြေစိုက် စခန်းတွေနဲ့ အုပ်ချုပ်ရေး ရုံးတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေ အသုံးပြု တိုက်ခိုက်တာမျိုး မကြာခဏ လုပ်လေ့ ရှိပါတယ်။ 

အမေရိကန် ဗဟိုစစ်ရေး ဌာနချုပ်က အီရတ်မြေမှာ အီရန် တော်လှန်ရေး အစောင့်တပ်က အမေရိကန် စစ်သည်တွေကို ပြောင်ပြောင်တင်းတင်း ရန်ပြုဖို့ ကြိုးစားခဲ့တာနဲ့ ပတ်သက်လို့ အပြင်းအထန် ရှုတ်ချကြောင်း ကြေညာပါတယ်။ 

အီရတ် အစိုးရဟာ အီရန်ရော၊ အမေရိကန်ကိုပါ မဟာမိတ်အဖြစ် ဟန်ချက်ညီညီ ဆက်ဆံဖို့ ကြိုးစားနေပါတယ်။ အီရတ်မှာ အမေရိကန် တပ်တွေရော၊ အီရန်ရဲ့ တော်လှန်ရေး အစောင့်တပ်တွေပါ အခြေစိုက် ဖြန့်ကျက်ထားပါတယ်။ အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတအဖြစ် တာဝန်ယူခဲ့တုန်းက အီရန် တော်လှန်ရေး အစောင့်တပ်ရဲ့ ထိပ်တန်း ဗိုလ်ချုပ်တစ်ဦးကို အီရတ်မြေမှာ ဒရုန်းနဲ့ လုပ်ကြံခဲ့တာကြောင့် အီရတ်အတွက် သံတမန်ရေးရာ အကျပ်အတည်းတွေ ကြုံတွေ့ခဲ့ဖူးပါတယ်။