ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်က ရဲတပ်ဖွဲ့၀င်( ၃) ဦးနဲ့ ဇနီးတဦးကို ဖျာပုံ PDF တွေနဲ့ ဆက်သွယ် ပတ် သက်တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဖျာပုံမြို့နယ် ရဲတပ်ဖွဲ့က ရဲတပ်ကြပ် ထွန်းထွန်းနိုင် ၊ရဲတပ်သား မင်းထက်ပိုင်၊ရဲတပ် သား ထက်လင်း နဲ့ သူ့ရဲ့ဇနီးဖြစ်တဲ့ မကေသီ၀င်း တို့ကို စက်တင်ဘာ (၂၆) ရက်နေ့က ဖမ်းဆီးလိုက်တာလို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ် ။
“ပြီးခဲ့တဲ့သြဂုတ်လက ရန်ကုန်မှာဖမ်းခံရတဲ့ ဖျာပုံသား စံလင်းစံဆိုတဲ့ PDF တယောက် နဲ့ ပတ်သက်တယ် ဆိုပြီး ဖမ်းလိုက်တာ”လို့ဆိုပါတယ်။
စစ်ကောင်စီက ဖမ်းထားတဲ့ ရဲတပ်ဖွဲ့ (၃) ဦး နဲ့ ရဲတပ်သား
တဦးရဲ့ ဇနီး ဖြစ်သူတို့ကို သတင်းထိန်ချန်မှု PDFတွေနဲ့ ဆက်သွယ် ပူးပေါင်းမှု တို့ကြောင့် ဖမ်းတာဖြစ်ပြီး အ ကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို ဆက်လက်တင်ပြထားတယ် လို့သိရပါတယ်။
အဖမ်းခံရတဲ့ ဖျာပုံ PDFအဖွဲ့ဝင် ကိုစံလင်းစံရဲ့ ထွက်ဆိုချက် အရ သူရဲ့ဖုန်း Massanger ကနေ တဆင့် အဖမ်းခံရတဲ့ ဖျာပုံမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆက်သွယ်မှုတွေ လုပ်တာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
“လက်ရှိမှာတော့ သူတို့ (၄) ဦးကို ကျိုက်လတ်မြို့မရဲစခန်းမှာ အချုပ်နဲ့ထားပြီး စရဖက တိုက်ရိုက် စစ်ဆေးနေတယ်” လို့ ရဲတပ်ဖွဲ့ နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဖျာပုံ PDF အဖွဲ့ဝင် စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ ကိုစံလင်းစံဟာ ပြီးခဲ့တဲ့ သြဂုတ်လ (၃၁) ရက်နေ့က ရန်ကုန်တိုင်း၊ အလုံမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရတဲ့ ဖျာပုံ PDFနဲ့ မအူပင် PDF အဖွဲ့၀င် စုစုပေါင်း (၁၉) ဦးထဲက တဦး ဖြစ်ပါတယ်။