ကျုပ်ရောက်တယ်ဆိုတာနဲ့ အိမ်နီးနားချင်းတွေ ရောက်လာကြတယ်။ ကြည့်စမ်း။ ကုန်ဆုံးသွား တဲ့ ၅ နှစ်ကာလဟာ မကြာလိုက်ဘူးထင်ရပေမဲ့ ကောက်တေး၊ သန်းမြင့်တို့တစ်တွေ အိုစာသွားလိုက် ကြတာ။ ဆံပင်တွေကဖြူ၊ သွားတွေကကျိုး၊ ပါးချောင်တွေ ခွက်ဝင်နေကြတော့ တကယ့်ကို အဘွားကြီးအိုတွေ လုံးလုံးဖြစ်လို့။ အေးလေ။ အသက် ၇၀ ကျော်ဆိုတာလည်း ငယ်တဲ့အရွယ်တွေမှ မဟုတ်တော့တာ။ ဒါပေမဲ့ ငယ်သူငယ်ချင်းတွေ တွေ့ကြတော့ ငယ်အကြောင်းတွေပြောကြရင်း ငယ်မူ ငယ်သွေးတွေ ပြန်လည်နိုးထ ရှင်သန်သွားကြတာပေါ့။ နင်နဲ့ ငါနဲ့၊ မင်းနဲ့ ငါနဲ့လို့ ပြောရတာကိုက မြိန်ယှက်လိုက်တာပါ။ အဲဒီခံစားမှုရသကလည်း ရွာကိုရောက်မှ ထိတွေ့ခံစားနိုင်တာလေ။ ဒါကြောင့် လည်း ကျုပ်က ရွာကိုပြန်ချင်နေတာပ။ လွမ်းနေတာပ။
“ဒါပေမဲ့ မောင်ဆီရေ။ ငါတို့ငယ်ငယ်တုန်းကလို ရွာက ပျော်စရာမကောင်းတော့ဘူးကွဲ့၊ သိလား” လို့ ကောက်တေးက ပြောလာတယ်။ “ဟုတ်တယ်။ ဟိုအကောင် အာဏာသိမ်းပြီးကတည်းက အိပ် လည်း စိတ်ကို ဒုန်းဒုန်းချ မထားနိုင်တော့ဘူး။ ကြက်အိပ်၊ ကြက်နိုးပဲ”လို့ သန်းမြင့်က ထပ်လောင်းပြော ဆိုလာတယ်။ ဒင်းတို့လာနေပြီဆိုတာနဲ့ ရွှေဘုံသာယာကျောင်း ပြေးကြရတာ။ နေ့ခင်းသုံးခါ၊ ညပိုင်း နှစ်ခါရှိပြီတဲ့။ ခုဆို ရှိတဲ့ရွှေတိုငွေစလေးတွေရယ်၊ မှတ်ပုံတင်နဲ့ အရေးကြီးစာရွက်တွေရယ်ကို အိတ် တစ်ခုထဲ တစ်စုတစ်စည်းတည်း ထည့်ထားရသတဲ့။ ဒါမှ အလွယ်တကူ ကိုယ်နဲ့မကွာ ယူဆောင်နိုင် အောင်တဲ့။ သေနတ်ကြီးတွေနဲ့ဆိုတော့ ကြောက်ကြရတာပေါ့ကွယ်။ ပြီးတော့ ဒင်းတို့က မထင်ရင် မထင်သလို ပစ်သတ်တတ်တာတဲ့လေ။ နင်တို့လည်း ကြားမှာပါ။ ခုဆို မီးရှို့ခံရတဲ့ရွာတွေ နည်းမှတ်လို့။ တကယ့်ကို ဘီလူး၊ သဘက်တွေတဲ့။
အဲဒီမှာ မမကြည်ရဲ့သား စိုးနိုင် ရောက်လာတယ်။ ကျုပ်တို့ ချီပိုး၊ ထိန်းကျောင်းလာခဲ့ရတဲ့ ကလေးပေါ့။ ခုတော့ ရွာကိုအုပ်ချုပ်နေတဲ့ အုပ်ကြီးတဲ့လေ။ ကျုပ်တို့ငယ်စဥ် ရွာကို အုပ်ချုပ်ခဲ့တဲ့ ဦးဘခင်ကို သူကြီးလို့ ခေါ်ခဲ့ကြတယ်။ ဒီနောက် သူ့ရဲ့သား ကျုပ်တို့သူငယ်ချင်း ခင်ဇော်အုပ်ချုပ်တော့ သူကြီးလို့ မခေါ်ကြတော့ဘူး။ ဥက္ကဌတဲ့။ အခု စိုးနိုင်ကျတော့ အုပ်ကြီးတဲ့။ အခြေအနေတွေ ပြောင်းလဲ လာတာနဲ့အမျှ အခေါ်အဝေါ်တွေလည်း ပြောင်းလဲလာတာပေါ့။ “ခုတော့အုပ်ကြီး မဟုတ်တော့ဘူးဗျို့။ ရှောင်တိမ်းနေရတဲ့ ဝရမ်းပြေးဖြစ်နေပြီ။ မတရားသဖြင့်ကြီး လုပ်ချလိုက်တာကို သိလျက်နဲ့တော့ ထောက်ပံ့ကြေးရလည်း အဆိပ်အတောက် စားနေရသလို ဖြစ်နေမှာမို့ ထွက်စာတင်လိုက်တာ ဦးလေး ရေ”လို့ စိုးနိုင်က ပြောလာတယ်။ ဒါဖြင့်အခုရွာ အုပ်ကြီးက ဘယ်သူလဲ။ ဘယ်သူမှ မရှိတော့ဘူး။ ကိုသိန်းလင်း၊ ကိုဇော်မြင့်တို့လို ရွာလူကြီးတွေနဲ့ စီမံခန့်ခွဲနေကြတာတဲ့လေ။
ဟော လှလေးစိန်က ဟင်းခွက်တွေကို လင်ဗန်းထဲထည့်ပြီး သယ်ချလာတယ်။ “ဟင် ညည်းဟာ က ဘာဟင်းကောင်းမှလည်း မပါဘူး”လို့ ဝင်းကြူက ပြောလိုက်တယ်။ ဟင်းကောင်းဆိုတာက ကြက် သား၊ ဝက်သား၊ ငါးဟင်းလျာဟင်း မပါဝင်တာကို ပြောတာပါ။ “ညည်းတို့သူငယ်ချင်းက သူစားချင်တဲ့ ဟင်းသာ ချက်ပါဆိုလို့ပါတော်” လို့ လှလေးစိန်က ပြန်ပြောတယ်။ ကျုပ်တို့အရပ်က အချို၊ အချဥ်၊ အစပ်တွေသာ စားလေ့စားထ ရှိကြတယ်။ ဆိုပါစို့။ အရည်သောက်က ပဲဟင်းချို၊ ဗူးရွက်ဟင်းချိုစတဲ့ အချိုဖြစ်နေရင် အဖတ်က မန်ကျည်းရွက်သုပ်၊ သရက်ချဥ်သုပ်စတဲ့ အချဥ်လေးပေါ့လေ။ တကယ်လို့ အရည်သောက်က ချဥ်ရည်ကျို၊ ချဥ်ပေါင်ရွက်စတဲ့ အချဥ်ဖြစ်နေရင် အဖတ်က ပဲပြုတ်ကြော်၊ ရွှေဖရုံ သီး စတဲ့ အချိုလေးပေါ့။ အစပ်ကတော့ ငြုပ်သီးကို အမျိုးမျိုး ပြုလုပ်စားကြတယ်။ ဥပမာ ငရုတ်သီး အစိမ်းချက်၊ ငရုတ်သီးမှည့်ခြောက်တောင့်လုံးကြော်၊ ငရုတ်သီးမှည့်ခြောက် အစိမ်းထောင်း၊ မီးဖုတ် ထောင်း စသည်ပေါ့လေ။
ကျုပ်တို့ဆီက အတို့အမြုပ်ကို စားတော့စားတယ်။ ဒါပေမဲ့ အောက်ပိုင်းအရပ်တွေလို ထမင်း စားတိုင်း ပါဝင်လေ့တော့ မရှိပါဘူး။ ငပိရေကျို စားလေ့မရှိဘူး။ ငံပြာရည်ဖျော်၊ မျှင်ငပိချက်တို့နဲ့ တို့မြှုပ်လေ့ ရှိတယ်။ အခု လှလေးစိန် ချက်ထားတဲ့ဟင်းက ကုလားပဲရွက် ချဥ်ရည်ကျို၊ ပဲစိမ်းကြော်နဲ့ ငရုတ်သီးပါထွေဖျော်။ ကုလားပဲရွက်ကို ဟင်းချိုအဖြစ်လည်း ချက်တတ်ကြတယ်။ မန်ကျည်းသီးမှည့် ပြုတ်ရေထည့်ပြီး ချဥ်ရည်လည်း ချက်စားတတ်ကြတယ်။ ပဲစိမ်းကြော်ဆိုတာက ထောပတ်ပဲစိမ်းကို ခရမ်းချဥ်သီးနဲ့လုံးပြီး နူးအိရုံ ရေကိုမှန်းဆထည့်ရတယ်။ အဲဒါ ပဲစိမ်းကြော်လို့ခေါ်တယ်။ ထောပတ်ပဲ စိမ်းမှ မဟုတ်ပါဘူး။ စွန်တာနီပဲစိမ်းလည်း ကြော်စားတတ်ကြတယ်။ အောက်ပိုင်းအရပ်ကလူတွေ ငပိရေကျိုမပါရင် ထမင်းစားရတာ ပေါ့ဟာနေတတ်သလို ကျုပ်တို့အညာကလူတွေကလည်း ပဲမပါရင် ထမင်းစားရတာ ပေါ့ဟာနေတတ်တယ်။ ဒါကြောင့် အညာသားပဲစားလို့ လှောင်ပြောင် ပြောဆိုတတ် တာပ။
ငရုတ်သီးပါထွေဖျော်ဆိုတာက ငရုတ်မီးဖုတ်၊ ခရမ်းချဥ်သီး “ယွန်းဖျင်း”ကို မီးဖုတ်။ ခရမ်းချဥ် သီး ယွန်းဖျင်းဆိုတာက စိမ်းနေတာလည်း မဟုတ် မှည့်နေတာလည်းမဟုတ်၊ မမှည့်မစိမ်း အနေအထား ကို ပြောတာ။ မျှင်ငပိလေးနည်းနည်းကိုလည်း မီးဖုတ်။ ငရုတ်သီးစိမ်း၊ ခရမ်းချဥ်သီး၊ မျှင်ငပိဖုတ်တွေကို ဆုံထဲ ရောထည့်ထောင်းပြီးရင် မြေပဲဆီစစ်စစ်လေး လောင်းထည့်၊ ကြက်သွန်နီလေး ပါးပါးလှီးထည့်၊ နံနံပင်၊ ကြက်သွန်မြိတ်တွေ ကိုက်ထည့်၊ သမအောင်ရောမွှေ။ အဲဒါကို ငရုတ်သီးပါထွေဖျော်လို့ ခေါ် တယ်။ ကုလားပဲရွက်နဲ့ပဲစိမ်းက ရန်ကုန်မှာ မရှိဘူးလေ။ ဆူးပုတ်ရွက်လေးလည်း ရန်ကုန်မှာ မရှိဘူး။ ဒီတော့ ရွာရောက်တုန်း ရန်ကုန်မှာမရှိတဲ့အစာတွေ စားလိုက်ပေရော့။
နေ့လယ်ပိုင်းမှာလည်း တောကပြန်လာကြတဲ့ မောင်တုတ်၊ ညိုမ၊ ကျော်ဝင်းနဲ့ မောင်ခွေးတို့ ရောက်လာကြတယ်။ ယာခင်းက ထွန်ယက်ပြီးလို့ ဖြစ်ဖြစ်၊ ရိတ်သိမ်းပြီးလို့ ဖြစ်ဖြစ် ပြန်လာတာကို တောကပြန်လာတယ်လို့ သုံးနှုန်းပြောဆိုကြတယ်။ ရေနွေးကြမ်းဝိုင်းက ကျေးလက်ရဲ့ ပုံရိပ်လေ။ သူကြီး မရှိတော့ရွာဆူ၊ အမြည်း မရှိတော့အာပူ မဖြစ်ရလေအောင် အမြည်းကတော့ ပဲနီလှော် ဆီဆမ်း ပေါ့။ ပဲနီလှော်ဆိုတာ စွန်တာနီပဲကို ဆားနဲ့လှော်ထားတာ။ အဲဒီ ပဲနီလှော်ကိုတော့ ရွာနဲ့ နှစ်မိုင်လောက် ဝေးတဲ့ ခင်မွန်ရွာကနေ့စဥ် လာရောင်းတတ်လေ့ရှိတယ်။ ငွေနဲ့လည်း ဝယ်လို့ရတယ်။ စွန်တာနီပဲနဲ့လည်း အလဲအထပ် လုပ်လို့ရတယ်။ ဆီလေးရွှဲရွှဲဆမ်းလိုက်ရင် ကြွပ်ကြွပ်ရွရွနဲ့ စိမ့်စိမ့်လေး။ ရေနွေးကြမ်းနဲ့ အင်မတန် လိုက်ဖက်။
“ဘယ်လိုလဲကွ။ ငါတို့ နိုင်ဖြစ်ပါ့မလား”လို့ ကျော်ဝင်းက မေးလာတယ်။ ကျုပ်ကလည်းပြော လိုက်တယ်။ “အချိန်ကာလသတ်မှတ်ချက် မပြောနိုင်ပေမဲ့ ငါတို့ သေချာပေါက်နိုင်မှာ” လို့။ ဒီတော့ “ဟုတ်ရဲ့လားကွာ။ ခုဖြင့် ရွာတွေမီးရှို့ခံနေရတာ နည်းမှတ်လို့၊ အဖမ်းခံထိနေတာလည်း သောင်းဂဏန်း ကျော်နေပြီ၊ သက်သက်မဲ့ အသတ်ခံနေရတာလည်း နေ့စဥ်ရက်ဆက်ပဲ၊ ရေရှည်မှာ ငါတို့တောင့်မခံနိုင် ဘူး ထင်တယ်နော်”လို့ ညိုမက လေပျော့ပျော့လေးနဲ့ ပြောလာပြန်တယ်။ “ဟုတ်တယ်ကွာ၊ ဘယ်လို ကြောင့် ငါတို့နိုင်မှာပဲလို့ ပြောနိုင်တာလဲ၊ ငါတို့နားလည်အောင်ရှင်းပြလေကွာ”လို့ မောင်တုတ်က တောင်းဆိုလာပြန်တယ်။ အေးဆေးရိုးသားလှတဲ့ ကျုပ်ရဲ့သူငယ်ချင်းတွေ နိုင်ငံရေးစိတ်ဝင်စားကြလို့ ကျေနပ်နေမိတယ်။ ဝန်းကျင်က လှုံ့ဆော်လိုက်တာပ။
စဥ်းစားကြည့်လေ။ သူတို့အာဏာသိမ်းတာ တနှစ်ကျော်လာပြီ။ ဒါပေမဲ့ အုပ်ချုပ်ရေးတည်ငြိမ် အောင် မတည်ဆောက်နိုင်သေးဘူး။ ဒါတောင် PDF တွေက တလုံးထိုးတူမီးနဲ့ သူတို့က ခေတ်မီ သေနတ်တွေနဲ့။ ပြီးတော့ PDF အင်အားက တဖြည်းဖြည်း လျော့နည်းကျဆင်းမသွားတဲ့အပြင် တစစ ကြီးထွားလာတာ တွေ့ရတယ်။ မြောင်မှာ အမျိူးသမီးတပ်ဖွဲ့တောင် ရှိလာနေပြီ။ ကချင်၊ ချင်း၊ ကရင်၊ ကရင်နီး(ကယား)၊ ရခိုင်စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း ဆော်နေကြတယ်။ ဒီကောင်တွေမှာ စစ်မျက်နှာတွေက ကျယ်ပြန့်နေတယ်ကွ။ ရေရှည်မှာ စစ်ပန်းလာနိုင်တယ်။
ရွာတွေမီးရှို့တာက အောင်နိုင်တာမဟုတ်ဘူး။ ကိုယ့်ပြည်သူကို လက်နက်နဲ့ နိုင်စားနေကြတာ။ အဲဒီနိုင်စား၊ ယုတ်မာမှုတွေက လက်တွေ့မှာတော့ ပြည်သူတွေခံစားရတာပေါ့ကွာ။ ဒါပေမဲ့ အကျိုး ဆက်အနေနဲ့ ဒင်းတို့ကျရှုံးမှုကို ဖြစ်စေပါလိမ့်မယ်။ ပြီးတော့ စစ်တိုက်တာက အင်မတန်ပိုက်ဆံကုန်တဲ့ အလုပ်ဟ။ ကျည်ဆံတစ်တောင့် ၃၀၀၀ ကျပ်လောက် ရှိတယ်။ လက်နက်ကြီးတစ်လုံး သိန်းချီတန် တယ်။ ဒီကောင်တွေမှာ ဘာစီးပွားရေးရှိလို့လဲ။ ရေရှည်မှာ ဘဏ္ဍာငွေ ကျပ်တည်းလာလိမ့်မယ်။
ပြီးတော့ ဒီကောင်တွေကို ဘယ်နိုင်ငံမှ အသိအမှတ်မပြုဘူး။ တရုတ်နဲ့ရုရှားက ဆက်ဆံနေပေမဲ့ လည်း အသိအမှတ်တော့ မပြုဘူးရယ်။ ခုဆို အာဆီယံအဖွဲ့အစည်းကတောင် ဆေးဖော်ကြောဖက် မလုပ်တော့ဘူး။ အဲဒီလို နိုင်ငံတကာက ဖယ်ကြဥ်ခြင်းခံရတဲ့အဖွဲ့အစည်းဟာ ဘယ်လိုလုပ်ပြီး အောင် မြင်အောင် ရပ်တည်နိုင်ပါ့မလဲကွာ။ ဟုတ်ဘူးလား။ ဒါကြောင့် ငါ့အနေနဲ့တော့ သေချာပေါက် တို့နိုင်မယ် လို့ ပြောတာ။ ကျုပ်လည်း ကျုပ်တွေးမိ၊ မြင်မိသလောက် ပြောပြလိုက်တယ်။
“အေးကွာ။ ညကျ တို့အိမ်မှာ ဆုံကြဦးစို့ရဲ့”လို့ မောင်ခွေးက ပြောပြီး ပြန်သွားတယ်။ ကျုပ် လည်း မောင်တုတ်နဲ့လိုက်ဖို့ ဟန်ပြင်မိတယ်။ ညိုမ၊ ကျော်ဝင်းတို့ကတော့ ညကျမှ ဆုံတော့မယ်တဲ့။ အဲဒီမှာ လှလေးစိန်က “မောင်မောင်နော်၊ ကိုယ့်အသက်က တရားဖက်ရမယ့်အရွယ် ရောက်နေပြီ” လို့ ပြောလာတယ်။ မောင်တုတ်နဲ့လိုက်သွားမယ်ဆိုတော့ ထန်းရေသောက်တော့မယ်ဆိုတာ သိနေတာ ကိုး။ ပင်ကျရေစစ်စစ်လေး မသောက်ရတာကြာပြီ။ ထန်းရေသောက်တာလည်း ကျန်းမာရေး မထိခိုက် ပါဘူး။ ဆီးတောင်ရွှင်သေးတယ် မဟုတ်ပါလား။ ဒါပေမဲ့ ထန်းရေကလည်း မူးယစ်စေတတ်တော့ ရွာကလူတွေက သူရာမေရကံကျူးလွန်တယ်လို့ ကောက်ယူထားကြတာကလား။
ချမ်းငြိမ်းရာ