၁၈။
(ဆုတ်တက် လှုပ်ရှား ဒုက္ခများခဲ့ကြ)
၁၉ ၀၈ ၂၂
နာမည်ကျော် ဆယ်ဇင်းရဲ့ သတင်းတွေက ဖတ်မကုန်အောင် ဆက်တိုက် တက်နေတာမို့ထူးမပြောတော့ပါဘူး။ ဖားကန့်ကို ဆယ်ကြိမ်လောက်ရောက်ဖူးပေမယ့် တောင်ဘက် အဝေးဆုံးတာမခန်ထိပဲ ရောက်ဖူးခဲ့ပါတယ်။ ဟောင်ပါးတောင် မရောက်လိုက်တော့ဆယ်ဇင်းဆိုပိုဝေးတာပေါ့။ အဲဒီတော့ လိုင်းပေါ်တက်လာတဲ့ ဒေသခံသတင်းတွေ၊မြေပုံတွေပေါ်မှာပဲ သူ့ကို စောင့်ကြည့်ရပါတယ်။ ကျောက်လောကမှာ ဖားကန့်ကျောက်၊တာမခန်ကျောက်၊ ဝှေခါကျောက်၊ ခန္တီးကျောက် စသဖြင့် ဒေသ အလိုက်ထွက်တဲ့ကျောက်မျိုးတွေကို နာမည်အမျိုးမျိုးနဲ့ သတ်မှတ်ကြ၊ ခေါ်ဝေါ်ကြပေမဲ့ ဆယ်ဇင်းကျောက်ဆိုတာတော့ မကြားဖူးခဲ့ဘူး။ ကျွန်တော်မသိတာလည်းဖြစ်မှာပါ။ မြေပုံပေါ်မှာ
ကြည့်လိုက်ရင် ဆယ်ဇင်းရဲ့ တောင်ဘက်အနားသတ်မျဉ်းဖြစ်တဲ့ နန်းပုတ်ချောင်းတစ်လျှောက်အရှေ့ဘက်တောင်ခြေ ရောက်အောင် ငါးမိုင်ခြောက်မိုင်လောက် အလျားလိုက်ကြီးရွှေတူးထားတာကိုတွေ့ရပါတယ်။ ရွာမေးတင်ထားတဲ့ ဥရုချောင်းတစ်လျှောက်လည်း
ရွှေတွင်းတွေချည်းမြင်နေရတာပါပဲ။
ဆယ်ဇင်းတစ်ရွာတည်းတွင်ပဲ ရွှေပန်းတိန်ဖို လေးဆယ်လောက်ရှိတယ် ဆိုတော့ရွှေလုပ်ငန်း ဖွံ့ဖြိုးနေတဲ့ ရွာကလေး၊ ရွှေနဲ့စီးပွားဖြစ်နေတဲ့ ရွာကလေးပေါ့။ ရွာကလေးဆိုပေမဲ့ငွေပေါတော့ ဘီယာ ဆိုင်၊ အနှိပ်ခန်း၊ ဇိမ်နန်း၊ ကာရာအိုကေတွေနဲ့ မြို့ဆန်ဆန်ရွာကလေး ဖြစ်မယ်ထင်ပါရဲ့။
အဲဒီရွာကလေးပေါ် အာဏာစက်သက်ရောက်နေတာကတော့ KIA၊ စစ်တပ် နဲ့ SNA လို့ဆိုပါ တယ်။ ရွာက ကချင်နဲ့ စစ်ကိုင်း ထိစပ်နေတဲ့ နေရာ။ ဒါပေမယ့် ဆယ်ဇင်းကကချင်ပြည်နယ်ထဲပါ တယ်။ စစ်ကိုင်းဟာ SNA တို့ နေရာဖြစ်သလို ကချင်ကလည်း KIAတို့ဒေသ။ ဒါပေမဲ့ ဆယ်ဇင်းမှာက ရှမ်းနီလူမျိုးတွေလည်း အခြေချနေတော့ SNA က သူတို့နဲ့လည်းဆိုင်တယ်လို့ ယူဆတယ် ထင်ပါရဲ့။ ရွှေတွင်းလုပ်ငန်းတွေ၊ ရွာနေလူတွေ၊စီးပွားရေးလုပ်ငန်းမှန်သမျှတွေက အာဏာသက်ရောက်တဲ့ အဲဒီ သုံးဖွဲ့စလုံးကိုအခွန်ဆောင်ပြီးနေထိုင်လုပ်ကိုင်ရသတဲ့။ ဒီတော့ ဆယ်ဇင်းဟာ သုံးဖွဲ့စလုံးရဲ့ ငွေတွင်း၊ရွှေတွင်းကြီးဖြစ်နေတာပေါ့။
သတင်းတွေအရကတော့ ဇွန် ၂၈၊ ၂၉ တို့တွင် ဆယ်ဇင်းရွာအတွင်း SNAတပ်များဝင်ရောက် လာရာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့်စစ်ရေးတင်းမာလာခဲ့သည် လို့ဆိုတယ်။ အဲသလို ရာသီဥတု မကောင်းတဲ့အခြေအနေမျိုးမှာပဲဇူလိုင်လ ၁၆ရက်မှာ တာမခန်ဘက်က အင်အား ၅၀ လောက်ရှိတဲ့ စကစ စစ်ကြောင်းကဆယ်ဇင်းဘက် ထိုးဝင်လာတယ်။ တိုက်ဆိုင်တာ မဟုတ်ဘဲ၊ ချိန်းချက်လှုပ်ရှားတာမျိုးဖြစ်ပုံရတယ်။
ရွာမရောက်ခင် ချမ်းသာအေးရွာနားတင်ပဲ KIA တပ်မဟာ(၉)လက်အောက်ခံ တပ်ရင်း(၂၆) တပ်က ပိတ်ဆို့ တိုက်ခိုက်လိုက်တာက ဒေသစစ်ပွဲလေးကို စတင်လိုက်တာပါပဲ။ထုံးစံအတိုင်းပဲ၊ အဝိုင်းခံ၊ အပိတ်ခံထားရတော့ လေကြောင်းပစ်ကူဆိုတာ ရောက်လာ၊ ၁၆/၁၇ နှစ်ရက်တိုက်ပွဲတွေဖြစ်၊ KIA က ပြန်ဆုတ် ပြန်ဟပေးလိုက်၊ စတာတွေကသိပြီးသားသတင်းတွေမဟုတ်လား။
ဩဂုတ်လ (၈)ရက်မှာ စစ်တပ်အင်အား ၂၀၀လောက် ထိုင်ထားတဲ့ တာဝါတိုင်ကုန်းရောSNA ကုန်းရောကို KIA က သိမ်းပလိုက်တယ်။ တိုက်လေယာဉ်တွေနဲ့ ၉ ကြိမ်လောက်ဗုံးလာကြဲလိုက်တော့ ရွာလည်း ဘတ်လပိုင်လိုက်၊ ရွာသားတွေလည်း ရာနဲ့ချီ ပိတ်မိပြီး ကမ္ဘာပျက်ကုန်ကြရော။
၉ ရက်နေ့မှာ ရွာထဲက ရဲစခန်းကို KIA က ဝင်အောင်းတယ်။ စခန်းမရလိုက်ပေမဲ့ပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်ခဲ့တယ်။ လေယာဉ်တွေနဲ့ ထပ်လာပြီး ဖိပစ်တော့ ရွာကြေသွားတယ်။နောက်ပိုင်း သတင်းတွေအရ၊ အပစ်သတ်ခံထားရတဲ့၊ ဗုံးမှန်သေဆုံးရတဲ့ အရပ်သားတွေ လေးဆယ်ကျော်တယ်လို့ ဆိုတယ်။ မြေဇာပင်တွေပေါ့။
အဲဒါတွင်မကသေးပဲ၊ တစ်ရွာလုံးကို မီးတင်ရှို့လိုက်တယ်။ ဒီနေရာမှာ စစ်ပြေးရသူအများစုပြောသွားတာက စစ်တပ်နဲ့ SNA တွေရှို့တာလို့ပြောတယ်။ SNA ကလည်း သူတို့မရှို့ဘူး၊ KIA နဲ့ PDF ရှို့တာလို့ ပြန်စွပ်စွဲတယ်။နိုင်ငံရေးနယ်က ဗြောင်လိမ်တဲ့ အကျင့်တွေ စစ်ရေးဆီ ကူးစက်ထွန်းကားနေတော့တယ်ထင်တာပါပဲ။
ဘယ်သူပဲရှို့ရှို့ နောက်ဆုံးတော့ ရွာပျက်တယ်။ စျေးတန်းတွေ၊ ဆေးခန်းတွေ၊လုပ်ငန်းတွေက နေ ဖာခန်းတွေအထိ စစ်ပြေးကြရပြီး မီးလောင်မြေပဲ ကျန်ရစ်တယ်။အဲဒီမီးလောင်မြေကို စစ်တပ်က ထိုင်တပ်စွဲ စောင့်ရှောက်ထားတယ်။ KIA ကအပြင်ကနေဝိုင်းပတ်ထားတယ်။ အထဲကလူ အပြင်ပြန် ထွက်မရသလို၊ သူ့ဆီကိုလည်းစားနပ်ရိက္ခာ လိုအပ်ရာရာ ကုန်းလမ်းက ပို့ပေးဖို့ ခက်နေတယ်။ KIA ကို တခါ SNA အပြင်ကနေရံထားတယ်။ သူ့ငါဝိုင်း ငါ့သူပတ်နဲ့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ သံယောဇဉ်တွေဖြတ်ဖို့ ခက်နေကြတယ်။ ဒါပေမဲ့ သုံးဖွဲ့စလုံးရဲ့ ငွေတွင်းကတော့ ပြတ်သွားကြပြီ။ ဘယ်သူမှ ဘာမှ လုပ်ကိုင်စားလို့မရ တော့ အခွန်ဆိုတာလည်း နားကားပြီ။
KIA နဲ့ PDF ကို ဘာလို့ ဆယ်ဇင်းပြန်မသိမ်းတာလဲသွားမေးရင်၊ ဒီမီးလောင်ပြင်ကြီးကို သိမ်း ထားပြီး ကိုယ့်တပ်အင်အားစွဲ ထိုင်ထားရအောင် ကျုပ်တို့က လအ လားလို့ပြန်ဖြေမယ်ထင်တယ်။ အခြင်း မအခြင်း အသာထားလို့ ဂုဏ်သိက္ခာအရ စွဲကို စွဲထားမှ ရမယ်ဆိုတဲ့သူတွေကတော့ စွဲပေါ့။ သူ့ အကုသိုလ်နဲ့သူပဲ။တကယ့် အကုသိုလ်တွေကို မလိုချင်ဘဲ တစ်လုံးတစ်ခဲ ရသွားကြရှာသူတွေကတော့ ပြည်သူ တွေပဲ။ ခုဆို စစ်ပူနေတဲ့ဒေသကနေ ဝေးရာကိုပြေး၊ စစ်ရှောင်စခန်းတွေမှာ နေထိုင်ရင်းအနာဂတ်ကို ဘယ်လို ပြန်ထူထောင်ရမှာလဲလို့ အိပ်မရတဲ့ညပေါင်းများစွာမှာစဉ်းစားပူပန်နေကြရရှာပြီ။ လူမသေ ငွေမရှားဆိုပေမဲ့ တစ်သက်တာလုံးလုပ်ကိုင်စုဆောင်းထားသမျှတွေ ကိုယ့်ပယောဂကြောင့် မဟုတ်ဘဲ တစ်ခဏလေးနဲ့ပြုတ်ပြုတ်ပြုန်း ကုန်သွားတာမျိုးကို ခံနိုင်ရည်ရှိဖို့ကမလွယ်ဘူး။
နောက်ထပ်လည်း စစ်ပွဲတွေဖြစ်ဦးမှာပဲ၊ လူတွေသေကြေ၊ ပစ္စည်းတွေပျက်စီးဆုံးရှုံးကြရဦး မှာပဲ။ဒီခရီးက တကယ့်ကို မနီးလှပါဘူး။
ပြည်သူအပေါင်း ဘေးရန်ကင်းရှင်း ကျန်းမာ၊ လောက်ငပြည့်စုံခြင်းရှိကြပါစေ။
၁၉။
ဒီမြေမှာ၊ စစ်ဟာ၊ ရာသီမိုးလိုပဲ ပြင်းသည်းသည်းရွာ
၂၄ ၀၈ ၂၂
စစ်ပွဲတွေဟာ အစဉ်အဆက်မှာ ပွင့်လင်းရာသီမယ်ပဲ စစ်ဆင်စစ်ဆိုက်ကြတာများတယ်။စစ်ပွဲ အကြိုက် ရာသီများပေါ့။ဒီနှစ် နွေအကုန် မိုးအကူးမှာတော့ ရာသီဥတုကြောင့် စကစရဲ့လေကြောင်းတိုက်ခိုက်မှုတွေ လျော့သွားနိုင်ခြေရှိတယ်။ ထောက်ပို့ခက်ခဲလို့ တော်လှန်ရေးအင်အားစုတွေဘက်က ထိုးစစ်ဆင်နိုင် ခြေရှိတယ်လို့ ခန့်မှန်းကြတာတွေ၊ ဖတ်ရ၊ ကြားရတယ်။ တကယ်တော့ မိုးတွင်းမှာ သွားရေးလာရေး ခက်ခဲကြတာဟာ စစ်ဆိုင်ထားတဲ့ ဘက် ၂ ဘက်စလုံးပေါ် သက်ရောက်ပါတယ်။ သူခက်သလို ကိုယ် လည်း မလွယ်ပါဘူး။ လေယာဉ်သုံးနိုင်စွမ်းလျော့မယ် မှန်းပေမဲ့ တကယ့်လက်တွေ့မှာ လျော့မကျသွား တာကို တိုက်ပွဲသတင်းတွေက သိနေရပါတယ်။
စစ်သည်အင်အား ငါးသိန်းရှိတယ်။ မဟုတ်ဘူး၊ သုံးသိန်းပျော့ပျော့ပဲ ရှိတာ။လက်ရုံးတပ်နဲ့ နောက်ချန်အားကို ထုတ်နှုတ်လိုက်ရင် တကယ်တိုက်နိုင်တာကတစ်သိန်းသာသာရယ်။ တစ်နှစ်အတွင်း တိုက်ပွဲမှာ သေတာ/နာတာတွေ ဖယ်လိုက်ရင်တိုက်အင်အားက တစ်သိန်းအောက်တော့ လျော့တော့ မယ်။ စသဖြင့် မှန်းဆချက်တွေလည်း များများစားစားတွေ့ရတယ်။
တကယ်လည်း စကစမှာ စစ်ကြောင်းထိုးတဲ့အခါ၊ စစ်သားတစ်ဝက်ပျူတစ်ဝက်ဖြစ်နေတာ တွေ့ရတယ်။ စစ်ကြောင်းထိုးတယ်ဆိုတဲ့ သတင်းတွေမှာတွေ့ရတာကတော့ စစ်အင်အား ရာဂဏန်း။ ဟိုးအရင်လို စစ်ဆင်ရေးခွင်တစ်ခုမှာ ထောင်ချီတဲ့စစ်သည်တွေနဲ့ တက်လာတာ မတွေ့ရဘူး။ လက်နက်မစုံပေမဲ့ လူသာနားမယ်၊သေနတ်မနားနဲ့ဆိုပြီး တစ်လှည့်စီကိုင်ပစ်နေကြတဲ့ ထောင်ချီတဲ့ လူတွေကို ချေမှုန်းစစ်ဆင်ဖို့ဆိုတာကတော့ အတော့်ကို ခက်မယ်။ ဒါ့ကြောင့်လည်း မြေပြင်မှာ ခဏခဏ အဝိုင်းခံရလို့လေကြောင်းနဲ့ ကူထုတ်ယူနေရ၊ လမ်းဖွင့်ပေးနေရတဲ့ သတင်းတွေ ဖတ်နေရတာ။
လက်နက်ကိုင်ပြီး အတည်တကျနေရာချ၊ စခန်းထိုင်ထားနိုင်တဲ့ နယ်မြေတွေကပြည်သူ့စစ်တွေ စစ်ဆင်ရေးတွေနဲ့ တိုက်ပွဲဖေါ်နေတာတွေ့ရတယ်။ မြို့ပေါ် စစ်ဆေးရေးတွေမှာအမျိုးသမီးစစ်သည် ယူနီဖောင်းဝတ်တွေ (ဖော်ရှိုးအရ အားဖြည့်ထားတာဆိုစေ) ဓာတ်ပုံတွေမှာမြင်ရတယ်။ စစ်သည် မိသားစု မိန်းမရဲမေတွေကို စစ်သင်တန်းပေးနေတဲ့ သတင်း ဖောဖောသီသီဖတ်ရတယ်။ အဲဒီတော့ ဒါတွေဟာ ရင်ဆိုင်နေရတဲ့ စစ်မျက်နှာအားလုံအတွက်စစ်အင်အားမလုံလောက်ဘူးဆိုတဲ့ သင်္ကေတ တွေလို့ပဲ ဆိုရမယ်။ ဒါပေမဲ့ ဘယ်နှသိန်းရှိတယ်၊ဘယ်နှသိန်း မရှိဘူးဆိုတာကိုတော့ ဘယ်တစ်ဦး တစ်ယောက်ကမှ တိတိကျကျပြောနိုင်ခြင်းမရှိဘူး။ စစ်ဗိုလ်ချုပ်တွေကိုယ်တိုင်တောင် ရေရေရာရာ အပ်ကျမတ်ကျသိနိုင်မယ်မထင်ဘူး။
ဒီအခြေအနေမှာကို နေရာတိုင်းမှာ ထိုးစစ်၊ စစ်ကြောင်း (အမည်တပ်ရုံတပ်နိုင်မယ့်)တွေဝင်နေ တာ ဖတ်နေကြရတာပဲ။ကရင်နီပြည်နယ်မှာ အင်အား ၆၀၀ လောက်နဲ့ စစ်ကြောင်းကြီးထိုးမယ်လို့သတင်းတွေတက် လာပြီး ရက်ပိုင်းအတွင်းမှာပဲ ရှားတောနယ်ထဲက စစ်စခန်းတွေကိုတော်လှန်ရေးအင်အားစုတွေက သိမ်းလိုက်တယ်။ အားလုံးသိမ်းယူထားနိုင်ခဲ့တဲ့ စစ်စခန်းက(၈)ခု ရှိပြီလို့လည်း ဆိုတယ်။ ဘယ်စခန်း တစ်ခုမှ ပြန်လက်မလွှတ်လိုက်ရသေးဘူးတဲ့။
မနေ့ကဆို ဖလူးဘက်က သုံးထပ်ကွေ့ကို လေယာဉ်တွေရော လက်နက်ကြီးတွေရောအများ ကြီးသုံးပြီး ထိုးဖောက်နေတာ ဖတ်ရတယ်။ စစ်တိုင်းမှူးအသစ်ပြောင်းလာပြီးပြီးချင်းတိုက်တဲ့ အပြင်း ထန်ဆုံးတိုက်ပွဲလို့ သတင်းတွေကဆိုတယ်။တကယ်တော့ ဥကရစ်ဌစခန်းကို အတိုက်ခံရတဲ့ ဇွန်လနောက်ဆုံးပတ်ကတည်းကဒီလမ်းက ဖြတ်အပိတ်ခံထားရတာ၊ အဲဒီကတည်းက ပြန်ပွင့်နိုင်ဖို့ ကြိုးစားနေတာ အကြိမ်ကြိမ်။အထိအခိုက် အကျဆုံးတွေပဲရှိခဲ့ပြီး လမ်းကတော့ ပိတ်မြဲပိတ်နေဆဲပဲ။ ဒီလမ်းကအရေးကြီးတယ်။ လမ်းရဲ့တောင် ပိုင်းမှာ ဥကရစ်ဌ၊ ဝေါ်လေ၊ သေဘောဘိုး၊ မောခီး၊ ကနဲလေး၊ထီးကပလာ စသဖြင့် စစ်စခန်းတွေ အများကြီးရှိသေးတော့ အဲဒီဆီသွားမယ့် ထောက်ပို့လမ်းကဒီတစ်လမ်းတည်းရယ်။ (သေဘောဘိုး တောင် ၁၈၀၅၂၂ က KNLA တက်သိမ်းထားတာ၊ပြန်ယူပြီးပြီလား၊ မယူနိုင်သေးဘူးလား၊ မသိ သေး)။ အဲဒီကမှ မသွားရရင် လေယာဉ်နဲ့အကြိမ်ကြိမ် ရိက္ခာခဲယမ်း သွားသွားချပေးနေရမယ့်အဖြစ်။ အဲဒီတော့ ဒီလမ်းပွင့်မှ ဖြစ်မယ်။ဘယ်လောက်ရင်းရ ရင်းရလို့ တွက်ဆကြပုံရတယ်။ လမ်းမပွင့်နိုင် သေး၊ မဖွင့်နိုင်သေးတဲ့ခုအခြေနေမှာတောင် လူအရင်းအနှီး လက်နက်ခဲယမ်းအရင်းအနှီး၊ ငွေအရင်း အနှီးတော်တော့ကို ကြီးနေပြီ။
၆လိုင်း ၇လပိုင်းမှာ KNU တပ်မဟာ ၁နယ်မြေထဲမှာ စစ်ကြောင်းတွေလှည့်ထိုးနေတာတွေ့ရ သလို၊ တပ်မဟာ ၃ နယ်မြေ၊ မုန်းဧရိယာထဲမှာလည်း ဇူလိုင်လအတွင်းတိုက်ပွဲတွေပြင်းနေတာ တွေ့ရ တယ်။ ဒါပေမဲ့ ၀၂၀၇၂၂ တုန်းကတော့ စခန်းသေးလေး၊ ငါးခုကို KNU ကအသိမ်းပြပြီး ပြန်ဆုတ်ထား တယ်။
တနင်္သာရီတိုင်းဘက်ကြည့်လိုက်ပြန်တော့ ထားဝယ်နဲ့ရေဖြူကြားထဲက ရွာတွေကို ၃၀၀၇၂၂ ဝန်းကျင်မှာ စစ်ကြောင်းတွေဝင်ထိုးလို့ ရွာလုံးကျွတ်ပြေးနေရတာတွေ့ရတယ်။ထားဝယ်အရှေ့တောင် ဘက်ကိုလည်း ဝင်တယ်။ ဩဂုတ် ၁၉ရက်နဲ့ ၂၀ရက်နေ့တွေမှာတနင်္သရီမြို့အနီးက ကော့မပြင်းရွာ ဘက်မှာ တိုက်ပွဲ (၇) ကြိမ်ဖြစ်ပြီးပြန်ဆုတ်သွားတာတွေ့ရတယ်။ နယ်မြေရှင်းလင်းပြီးတော့ အုပ်ချုပ် ရေးအတွက် ဆိုပြီးဘယ်နေရာမှာမှာ စခန်းထိုင်ထားနိုင်တာ မတွေ့ရသေးဘူး။
အလယ်ပိုင်းကို ကြည့်ကြစို့။ ဩဂုတ်၁၁ရက်မှာ ပုလဲမြို့နယ်ထဲက ရင်ပေါင်တိုင်၊ပုထိုးသာ၊ ရွာသစ်၊ ဇီးကုန်းဘက်ကို လေယာဉ်နဲ့ပစ်ခတ်၊ ရဟတ်ယာဉ်နဲ့ စစ်သည်ချပြီး၊လျှပ်တစ်ပြက် ပိတ်ဆို့ တိုက်ခိုက်ခဲ့တာတွေ့ရမယ်။ ၁၄ရက်နေ့မှာ ပြန်ထွက်သွားပေမယ့်စစ်ကြောင်းဟာ မြောက်ဘက်လှည့် တက်သွားပြီး ကပိုင်၊ သီးကုန်း၊ ကဗြူ၊ ပေါင်းဝရွာတွေကိုမီးရှို့၊ အလောင်းတော်ကဿဖ တောင်ခြေက ဝင်းကုန်းရွာအထိ ရှင်းသွားတာ တွေ့ရတယ်။ဩဂုတ်လ၂၃ မနေ့က လက်ခုပ်ပင်နဲ့ အောင်ချမ်းသာရွာကြား (တန့်ဆည်နဲ့ကောလင်းနယ်စပ်) က သတင်းမှာတော့ ခုလိုဖတ်ရတာပဲ။ ((ချပ်သင်းမှ ထိုးစစ်ဆင်လာသောစစ်ကောင်စီစစ်ကြောင်းကို ကန့်ဘလူခရိုင်တပ်ရင်း – ၂ မှ ကြားဖြတ်တိုက်ခိုက်ရာ စစ်သား၄၀ထက်မနည်းသေဆုံးပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ))။ ဒါတောင် နောက်ဆက်တွဲအတည်ပြုသတင်း မသိရသေး။
ဆယ်ဇင်း (ဖားကန့်)ဘက်မှာလည်း အသိမ်းခံလိုက်ရတဲ့ စခန်းကုန်းတွေကိုပြန်သိမ်းယူပြီး၊ စစ် အင်အားနဲ့ အထိုင်ချထားတာတွေ့ရတယ်။ ဒါပေမဲ့ အချိန်မရွေးသေနတ်ပြန်ပေါက်နိုင်တဲ့နေရာတွေပဲ။ ဒီနားမှာတော့ ရှမ်းနီတပ်တွေရဲ့အားကိုယူထားရပြန်တယ်။ ဝိုင်းမော်မြို့နယ်ထဲက (နန်ဇော်ယမ်)တိုက်ပွဲ တွေနဲ့နယ်မြေထိန်းရေးမှာ လီဆူပြည်သူ့စစ်တွေကို အားပြုထားရသလိုပေါ့။လီဒိုလမ်းမကြီးပေါ်က ခလရ ၂၉၇ ထိုင်ထားတဲ့ ရှဒူဇွပ်ရွာနားမှာတော့ ၂ ဘက်စလုံးကနေရွာသူ ရွာသားတွေကို ကတုတ်ကျင်း ဗုံးခိုကျင်းတွေ တူးထားဖို့ ပြောထား၊ မှာထားကြသတဲ့။တောက်မယ့် မီးခဲ တရဲရဲ အခြေအနေပဲ။
ဩဂုတ် ၂၀လောက်မှာ နတ်မြစ်ကြောင်းကို အသုံးပြုပြီး နယ်စပ် တောင်ပြိုစခန်းဆီကိုအင်အား ၂၀၀/၃၀၀ လောက်နဲ့ လက်နက်ခဲယမ်းရိက္ခာတွေ ပို့တယ်။ ၂၂၀၈၂၂ မှာအဲဒီနားလေးက မီးတိုက်ရွာနဲ့ တစ်မိုင်အကွာမှာ AA နဲ့ တိုက်ပွဲ ဖြစ်တယ်။ တိုက်ပွဲကပြင်းတယ်ဆိုတယ်။ ပြင်းတယ်ဆိုပေမယ့် AA အတွက်တော့ သွေးပူလေ့ကျင့်ခန်းထင်ပါရဲ့။ဘာလို့လည်းဆိုတော့ ဩဂုတ်လ ၁၃ ရက်ကပဲ လောလောလတ်လတ် တိုက်ပွဲဖြစ်ထားတဲ့ချင်းပြည်နယ် ပလက်ဝမြို့နဲ့ ၇မိုင်၈မိုင်လောက်ပဲဝေးတဲ့ သူဌေးကုန်း ရွာနားမှာ ၂၀-၂၁ မှာတိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပြီး၊ ၄၀သေဆုံး၂၀အရှင်ဖမ်းမိ၊ သဌေးကုန်းရွာ အရှေ့ဘက်တောင်ကြောတစ်ခုလုံးနဲ့ စခန်းကုန်းတွေကို သိမ်းတယ်လို့ သတင်းတွေက ဆိုတာကိုး။ဘာမှ မဟုတ်ပါဘူး။ စစ်အင်အားကို စဉ်းစားမိရင်း ခေါင်းထဲပေါ်လာတဲ့စစ်သတင်းလေးတွေကို တို့မှတ်ကြည့်တာပါ။
ပြည်သူအပေါင်း ဘေးရန်ကင်းရှင်း ကျန်းမာ၊ လောက်ငပြည့်စုံခြင်း ရှိကြပါစေ။
၂၀။
ဝါးရငယ် သတင်းတစ်ပုဒ်ကို ဖတ်ရှုရသည်မှ
၂၆ ၀၈ ၂၂
၂၄၀၈၂၂ နေ့စွဲနဲ့ ဘီဘီစီက ကိုသိမ်းမြတ်ရဲ့ သတင်းတစ်ပုဒ် ဒီနေ့ဖတ်ရတယ်။တန့်ဆည်မြို့ အနောက်မြောက်ဘက် ၂မိုင်လောက်ပဲကွာမယ့် ဝါးရငယ်ရွာဝန်းကျင်ကတိုက်ပွဲလေး တစ်ခုအကြောင်း ပါ။ သူ့ဆောင်းပါးဖတ်တော့ ကျွန်တော်တို့လို လိုင်းပေါ်ကသတင်းတွေ စောင့်ဖတ်ပြီး အခြေအနေတွေ ကို စောင့်ကြည့်နေသူတွေအဖို့ မြေပြင်မှာရှိတဲ့ပကတိအခြေအနေတွေကို တိတိကျကျ၊ မှန်မှန်ကန်ကန် ဆုပ်ဖမ်းနိုင်ဖို့ မလွယ်လှဘူးဆိုတာပိုသေချာလာတယ်။ ဘာမှ မသိတာတော့လည်းမဟုတ်ပြန်ဘူး။ သိတော့သိတယ်။သတင်းတွေဆီကသိရတယ်။ သိနေရတယ်။ ဒါပေမဲ့ သတင်းဖော်ပြချက်တွေက လည်းတစ်ယောက်တစ်မျိုးဖြစ်နေတော့ ဘယ်ဟာအမှန်ဆိုတာကောက်ချက်ချဖို့ ခက်လှတယ်။
တကယ်က ဒီနေ့ရေးဖို့ စဉ်းစားထားတာက နမ္မတူနဲ့ မန်တုံကြားက ဘော်တွင်း၊ဆည်ကြီးကန်နားမှာရှိတဲ့ ခမရ ၃၂၄ ကို ၂၅၀၈၂၂ နေ့မှာ KIA+PDF ကတိုက်တယ်ဆိုတဲ့သတင်း။ အဲဒီမှာ သတင်းတွေက အမျိုးမျိုးရယ်။ သတင်းသမားတွေအနေနဲ့လည်း သူတို့နဲ့ နီးစပ်ရာ ဒေသခံတွေဆီ ဆက်သွယ်မေးမြန်း ကြရတာဆိုတော့၊ဒေသခံတွေကလည်း ဘယ်သူမှ တိုက်ပွဲထဲပါနေတာမဟုတ်လေတော့ မှန်းဆဖြေကြ၊အဲဒီအဖြေတွေကို ပြန်ရေးကြတော့ အမျိုးမျိုးဖြစ်နေတာ။ (ကျွန်တော်တို့ဆီမှာ မြေပြင်မှာတကယ် ဆင်းသတင်းယူနေတဲ့ စစ်သတင်းထောက်မှမရှိတာကိုး)သတင်းရင်းမြစ်တစ်ခုက KIA+PDF တွေဟာ ကုန်းပေါ်က ဘယ်မှမဆင်းတဲ့၊ ခလရ ၃၂၄စစ်တပ်စခန်းကုန်းကို လက်နက်ကြီးနဲ့သွားပစ်တယ်။ စစ်မြူတယ်ပေါ့။ အဲဒီတော့ ဟိုကထွက်ရှင်းရ တယ်။ အဲဒီတော့မှ လမ်းမှာဖြတ်တိုက်တယ်။ ကုန်းပေါ်ကဆင်းဆင်းချင်းတိုက်တာလား၊ ဆည်ကြီး ကန်ဘက်မှာ တိုက်တာလား။ ဘော်တွင်းနေရာမှာလား၊ စသဖြင့်တိုက်ပွဲဖြစ်ရာနေရာကို မှတ်ဖို့ ခက် တယ်။ (ဘယ်မှာဖြစ်တယ်ဆိုတာမပါပဲကိုး)။နောက်သတင်းတစ်ပုဒ်က၊ ပန်ဝါရွာနဲ့ နားလေရွာကြား (စခန်းကုန်းကနေ အဖြောင့်တိုင်း ၁၂မိုင်၁၃မိုင်လောက်ကွာတဲ့နေရာ) မှာ KIA+PDF အင်အား၁၀၀ လောက် စစ်ကြောင်းပေါ်လာတယ်။အဲဒါကြောင့် တိုက်ပွဲဖြစ်တာ။ (ဘယ်မှာဖြစ်တယ်ဆိုတာ မပါဘူး။) အဲဒီဘက်မှာတိုက်ပွဲဖြစ်တယ်။ အဲဒါကို စခန်းကုန်းပေါ်ကနေ ပန်ဝါရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်နေတာဆိုတဲ့သတင်းဖြစ်တယ်။ ဒီတော့ ဒီနေ့ဒီရက်မှာ ဒီအဖွဲ့နဲ့ဒီအဖွဲ့တိုက်ပွဲဖြစ်တယ်ဆိုတာလောက်က လွဲပြီး ဘာမှ နေရာ အတည်ပြုမရဘူး။ အဲဒီတော့မြေပြင်မှာရှိနေတဲ့ အနေအထားကို ကျွန်တော်တို့ မှန်းဆလို့မရနိုင်ဘူး။ အခုပြောချင်တာက ဝါးရငယ်တိုက်ပွဲ။
အညာစစ်မြေပြင်မှာ တော်လှန်ရေးတပ်သားတွေဟာ (ခါးချိုးသေနတ်နဲ့ မိုင်တဲစိန်ပြောင်းတွေ ကိုင်ရစေကာမူ) တစ်ပွဲကို လူရာချီ၊ ထောင်ချီတဲ့အား (သာလွန်အင်အား) နဲ့ဝိုင်းပတ်တိုက်နေတယ်၊ စစ်တပ်က ပိတ်မိနေလို့ လေကြောင်းအကူနဲ့ လမ်းဖွင့်ရ၊စစ်ကူရလုပ်နေရတယ်ဆိုတဲ့ သတင်းမျိုးတွေ လည်း ဖတ်ရတယ်။ အခုပွဲကတော့ ရန်သူကသာလွန်အင်အား၊ ကိုယ်က မူးစုပဲစုလူအားနဲ့ တိုက်ခဲ့ရပြီး ကိုယ့်လူတစ်ယောက်မှမပွန်းပဲ့ခဲ့တဲ့ပွဲပဲလို့ မှတ်သားရတယ်။ သူ့ဆောင်းပါးထဲက ဖေါ်ပြထားတာလေးဖတ်ကြည့်ကြရအောင်။
(( စစ်ကောင်စီစစ်ကြောင်းဟာ ကိုးတောင်ပို့ရွာ (ကန့်ဘလူကိုးတောင်ဘို့မဟုတ်) ၊မှန်ကန်ရွာ၊ မှန်ရင်းရွာတွေဘက်ကို စတင်ရောက်လာပါတယ်။ အဲဒီနောက် ရွာသစ်ရွာအနီးမှာဒေသခံပြောက်ကျား တွေထောင်ထားတဲ့ မိုင်းကိုတိုက်မိပြီး စစ်ကောင်စီစစ်သားတွေထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ မိုင်းထိ ပြီးချိန်မှာဒေသခံပြောက်ကျားစုပေါင်းအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။ အဲဒီအချိန်ဟာ မနက် ၈နာရီပတ်ဝန်းကျင် ဖြစ်ပါတယ်။ စုပေါင်းတိုက်ခိုက်ကြတဲ့ ပြောက်ကျားအဖွဲ့တွေက ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA ၊ အခြားပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLAတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ TCRF (PLA) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ရင်း ၆၊ ၇၊ ၈ ၊တန့်ဆည်တိုက်ဂါးအဖွဲ့၊ KPK (ကာပေါင်းကျ) ၊ တန့်ဆည်ပကဖ အဖွဲ့တွေလို့ဒေသခံတွေကဆိုပါတယ်။ PLA ပြည်သူ့လွတ်မြောက် ရေးတပ်မတော်ကဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင်တပ်ဖြစ်ပြီး PDF တပ်တွေက NUGအမျိုးသားညွန့်ပေါင်းအစိုးရ ကာကွယ်ရေးဝန်ကြီးဌာလက်အောက်က တပ်တွေဖြစ်ကြပေမဲ့စစ်ကောင်စီကိုတိုက်ခိုက်ရာမှာတော့ မဟာမိတ်ဖွဲ့တိုက်ခိုက်ကြတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ဒေသ ၁ တာဝန်ခံ ရဲဘော်တင်နွယ်ဦးက ဘီဘီစီကိုပြောပါတယ်။))ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာတပ်ထူထောင်ထားတာနဲ့ပတ်သက်တဲ့ သတင်းတစ်ခုမှ တင်မထားဘူး။ မလိုလို့၊မတင်ချင်လို့လည်းဖြစ်ချင်ဖြစ်မှာ။ ဒါပေမဲ့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေဆီက PLA ဟာဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တပ်ဖြစ်တယ်ဆိုတာ ထုတ်ဖေါ်ပြော ထားတာ တွေ့ရတယ်။ အခု ဘီဘီစီကလည်းပြောပြီ။ ဒီတော့ ပါတီရဲ့ တပ်လို့ သတ်မှတ်ရအောင်။ ဒါပေမဲ့ဒီသတင်းအလိုအရရော၊ အခြားဆက်စပ်သတင်းများအရရော PLA ဟာ NUG အောက်ကမဟုတ်ဘူးလို့ ဖေါ်ပြနေတယ်။ မောင်ဆောင်းခတို့ရဲ့ BPLA လို သီးခြားတပ်ပဲ။ နောင်အနာဂတ်မြန်မာပြည်တပ်ဖွဲ့စည်းပုံမှာတော့ ဘယ်လိုပေါင်းစည်းသွားကြမယ် မသိနိုင်ဘူး။လောလောဆယ်တော့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့တပ်ပဲ။သူ့သတင်းထဲမှာ ( အခြားပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA တပ်ဖွဲ့တဖွဲ့ဖြစ်တဲ့TCRF (PLA) ဆိုတာပါတယ်။ PLA နာမည်တွေ များနေတာတွေ့ရတယ်။ အဲ့ဒီမှာကျွန်တော်တို့အနေနဲ့ မြေပြင်ပေါ်က တကယ့် ဖွဲ့စည်းမှု၊ စည်းနှောင်ထားမှု၊မဟာမိတ်ပြုထားမှုတွေ ဟာ ဘယ်လိုလဲဆိုတာ ဆဝါးဖို့ ခက်လှတယ်။ တပ်တွေရှိနေတာ၊တိုက်နေတာကတော့ အမှန်တရားပဲ။
ပြီးတော့ သူတို့တိုက်နေတာဟာ ပြောက်ကျား၊ လူနည်းနည်းနဲ့ လှည့်တိုက်နေတာ။ကျေးလက် ကို အခြေခံပြီး မြို့ကို ဝိုင်းပတ်ဖို့ ကြိုးစားနေတယ်ဆိုတာ၊ တန့်ဆည်မြို့အပြင်ဘက်၂မိုင်၃မိုင်နား လောက်အထိ ကပ်ထားတာကို ကြည့်ရင်တွေ့နိုင်တယ်။ဘီဘီစီသတင်းလေးဆက်ဖတ်ရင် သူတို့ ပြောက်ကျားစစ်ဘယ်လိုဆင်နွဲနေတယ်ဆိုတာရိပ်ဖမ်း သံဖမ်း သိရတယ်။
(( ဝရငယ်တိုက်ပွဲ
စစ်ကောင်စီတပ်ဖွဲ့ဟာ ရွာသစ်ရွာထဲကို ပြန်ဝင်အနားယူပြီးနောက် ဝရငယ်ရွာဘက်ဆက်လက် ထွက်ခွာလာကြပါတယ်။“သူတို့အဲသလိုဝရငယ်ရွာဘက်ကိုလာတာကို ကျွန်တော်တို့က သတင်းရထားတယ်ဗျ။သူတို့ ဝရငယ်ရွာကနေ အနောက်ဖက်ကိုထွက်လာရင် မူးဘောင်ကနေ စောင့်တိုက်ဖို့ကျွန်တော်တို့ ပြင်ဆင် ထားပါတယ်။ သူတို့ဝရငယ်ရွာက မထွက်ခင် မူးဘောင်ကနေကြိုစောင့်နိုင်အောင် အမြန်ချီတက်ကြ ပါတယ်။ ဒါပေမဲ့ လမ်းမှာစစ်ကောင်စီတပ်တွေကိုကြောက်လို့ထွက်ပြေးကြတဲ့ စစ်ဘေးရှောင်ရွာသား တွေနဲ့တိုးနေပါတယ်။ အဲဒါကြောင့်လမ်းခရီးမှာ နှောင့်နှေးကြန့်ကြာပြီး ကျွန်တော်တို့ရောက်ချိန်ဟာမှန်းထားတာထက် နောက်ကျသွားပါတယ်” လို့ ရဲဘော်တင်နွယ်ဦးကဆိုပါတယ်။ ရဲဘော်တင်နွယ်ဦးတို့ရဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ဒေသ ၁ ကပြောက်ကျား ရဲဘော် ၃၀ လောက် စုစည်းသွားရောက်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့အဖွဲ့ကအရေအတွက် အများဆုံး ပါ။ ကျန်တဲ့အဖွဲ့တွေအားလုံးရဲ့ စုပေါင်း အရေအတွက်က အယောက်၃၀ နီးပါးပဲရှိတယ်လို့ ဆိုပါတယ်။ ကျန်တဲ့တော်လှန်ရေးအဖွဲ့အားလုံးကမူးဘောင်အနောက်ဘက်မှာ ကြိုတင်ရောက်ရှိစောင့်ဆိုင်းနေကြ ပြီးဖြစ်ပါတယ်။ အဲဒါကိုစစ်ကောင်စီစစ်သားတွေက မသိကြသေးပါဘူး။ ဒါပေမဲ့ စစ်ကောင်စီစစ်သား တွေ မူးဘောင်အရှေ့ဘက်စောရောက်နှင့်ပြီး အသင့်စောင့်ဆိုင်းနေတာကိုလည်းကျန်တဲ့ တော်လှန်ရေး ပြောက်ကျားတွေက သိကြပေမဲ့ နောက်ဆုံးမှရောက်တဲ့ PLA ဒေသ ၁ပြောက်ကျားတွေက မသိကြ သေးပါဘူး။
မူးဆိုတာက စစ်ကိုင်းတိုင်းအတွင်းမှာလယ်ရေသွင်းဖို့ရေသွယ်ယူတဲ့မြောင်းတွေဖြစ်ပါတယ်။ မူးတော်တော်များများဟာ ၉ ပေ ၁၀ပေလောက်သာကျယ်ကြပေမဲ့ အခုဝရငယ်ရွာ အနောက်ဘက်က မူးဟာဝါးတစ်ပြန်လောက်အထိ ကျယ်တယ်လို့ ဒေသခံရွာသားတယောက်ကဆိုပါတယ်။ ရဲဘော်တင်နွယ်ဦးတို့ PLA တပ်ဖွဲ့ဟာ မူးဘောင်အတိုင်းဝရငယ်ရွာနားအထိအပြင်းချီတက်လာပါတယ်။ အဲသလို ချီတက်လာချိန်မှာ ဆီးကြိုအတိုက်ခိုက်ခံရတာကိုရဲဘော်တင်နွယ်ဦးက အခုလိုပြောပြပါ တယ်။
“ဟိုမှာကြိုစောင့်နေတဲ့ရဲဘော်တွေကို လှမ်းမြင်နေရပါပြီ။ လက်တောင်ပြလိုက်ပြီးပါပြီ။အဲဒီ အချိန်မှာ ကျွန်တော်တို့လာနေတာကို စစ်ကောင်စီစစ်သားတွေကလည်းလှမ်းမြင်ပြီးသူတို့က စပစ်ပါ တယ်။ လက်နက်ကြီးအင်အား အစွမ်းကုန်သုံးပြီးတိုက်တာပါ။ ကျွန်တော်တို့ကိုအဦးဆုံး အတိုက် အခိုက် ခံလိုက်ရပါတယ်။ အဲဒီမှာ ကြိုရောက်နေတဲ့ ကျန်အဖွဲ့တွေလည်းဝိုင်းတိုက်ကြပါတယ်။ ဒါပေမဲ့ လူအင်အားက ကျွန်တော်တို့အားလုံးပေါင်းမှ ၅၀ ကျော်ပဲရှိပါတယ်။ သူတို့အင်အားက ၁၀၀ လောက်ရှိ ပါတယ်။ သူတို့က စက်ကလေးတွေ၊ငါးကြင်းမြီးတွေသုံးပြီး ပြင်းပြင်းထန်ထန်တိုက်တော့ လက်နက် အင်အား၊ လူအင်အား မမျှလို့ကျွန်တော်တို့ ပြန်ဆုတ်ကြရပါတယ်။
တပ်ရင်းတပ်ဖွဲ့ နာမည်တွေ များနေပေမဲ့ အင်အား စုစုပေါင်းမှ ၅၀ ဆိုတာကလည်းထူးခြား တယ်။ သတင်းဖော်ပြချက်အရကိုတော်လှန်ရေးအဖွဲ့ (၇)ဖွဲ့ဖြစ်နေတာကိုး။ PLAတစ်ဖွဲ့တည်းက ၃၀ ပါရင် ကျန်အဖွဲ့တွေက လေးငါးယောက်စီပဲ ပါမယ့်သဘောပဲ။ ဒီနေရာမှာကိုယ့်ထက် အင်အား ၂ ဆ သာတဲ့ ရန်သူကို အမြန်ရွှေ့စံနစ်နဲ့ တိုက်နေတာမြင်ရယ်။ပြောက်ကျားစစ်ရဲ့ ဗျူဟာတစ်ခုပဲ။ သူတို့မှာ ရဟတ်ယာဉ်မရှိဘူး။ အများဆုံးရှိလှ ဆိုင်ကယ်ပဲ။သတင်းထဲမှာ တိုက်ပွဲပြီးတော့၊ တိုက်ပွဲနိဂုံးချုပ်တွေ လုပ်တာကို ဖတ်ရတယ်။ ဒါ
ကွန်မြူနစ်တွေရဲ့ အလေ့အကျင့်ပဲ။
ဒီပို့စ်မှာ ကျွန်တော်ပြောချင်တာကတော့ လိုင်းပေါ်ကနေ သတင်းတွေလိုက်ဖတ်ပြီးမှတ်တမ်း ပြုနေသူတွေအနေနဲ့ မြေပြင်ပေါ်မှာ တကယ်ဖြစ်ပျက်နေတာတွေကို ခြေခြေမြစ်မြစ်ဆုပ်ဆုပ်ကိုင်ကိုင် သိနိုင်ဖို့ မလွယ်ဘူးဆိုတာရယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့လက်နက်ကိုင်တပ် PLA ရဲ့ တိုက်ပွဲဝင်နေမှု တွေကို အညာတစ်ခွင်မှာ မြင်နေရပြီဆိုတာရယ်ပါပဲ။ပြောချင်တာတွေ ကျန်နေသေး၊ များနေသေးပေမဲ့ စာရှည်လှပြီမို့ ဖြတ်လိုက်ပါတယ်။ ပြည်သူအပေါင်း ဘေးရန်ကင်းရှင်း ကျန်းမာ၊ လောက်ငပြည့်စုံခြင်းရှိကြပါစေ။
၂၁။
( မိုးသည်းလေထန် အနောက်ဘက်ကောင်းကင်ယံဆီ)
၂၇ ၀၈ ၂၂
ဒီမနက် ရေးမယ်စဉ်းစားထားတာက ချပ်သင်းနဲ့ သဖန်းဆိပ်နယ်အကြောင်းပါ။ ၂၃၀၈၂၂က ချပ်သင်းကြိုးဝိုင်းအစပ်၊ လက်ခုပ်ပင်နဲ့ အောင်ချမ်းသာရွာအကြားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲရဲ့နောက် ဆက်တွဲထင်ပါရဲ့၊ ၂၄/၂၅၀၈၂၂ မှာ သဖန်းဆိပ်အင်းကြီးရဲ့ အနောက်ဘက်က သင်းဝင်၊ဆိပ်ဖူး၊ ရှမ်းကုန်း၊ သိုက်ပင်ဆိပ်၊ တယ်ပင်ဆိပ်၊ နောင်ဦးဆိုတဲ့ရွာတွေကို တန်းစီပြီး လေယာဉ်နဲ့ပစ်သွားပြီးတဲ့ နောက်၊ စစ်အင်အား ၁၅၀ ကို ရဟတ် ယာဉ်နဲ့ ဆားတွင်းချောင်းနားမှာ Mi17 နဲ့ ၇ခေါက်ချသွားတဲ့ အကြောင်းနဲ့၊ အဲဒီဝန်းကျင်ရဲ့ နွေဦးအစနဲ့ ဒီရက်ပိုင်းအထိအကြောင်းလေးကိုတို့ထားချင်တာ။
ဒါပေမဲ့ ဒီမနက်မှာ ဧရာဝတီက ဒီသတင်း (( ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိအာဏာသိမ်း စစ်ကောင်စီတပ်၏ ရှေ့တန်းအထိုင်စခန်း ၅ ခုကို ရက္ခိုင့်တပ်တော် (AA) ကယခုရက်ပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ စခန်း ၅ ခုမှာ ပလက်ဝမြို့၏အောက်ဘက် ကုလားတန်မြစ် ကမ်းဘေးရှိ နှာမတာ၊ သူဌေးကုန်း၊ သကာချောင်းထဲရှိရှေ့တန်းစခန်း၊ ပလက်ဝမြို့၏ အနောက်မြောက် ဘက်တွင် တည်ရှိသည့်အဘောင်သားကျေးရွာအနီးရှိ ရှေ့တန်းစခန်းနှင့် ကြက်ယာကိုင်းကျေးရွာအနီးရှိရှေ့တန်းစခန်းတို့ ဖြစ်ကြောင်း ပလက်ဝမြို့နယ်အတွင်းက ဒေသခံများက ဆိုသည်။ပလက်ဝမြို့နယ် အတွင်း သတင်းရင်းမြစ်တစ်ဦးက “စစ်တပ် အထိုင်ချထားတဲ့ စခန်း ၅ ခုလောက်ကို AA က သိမ်းလိုက် ပြီ။ အဓိက ကုလားတန်မြစ်ကမ်းက စခန်းတွေနဲ့အချက်အချာကျတဲ့ စခန်းတွေကို လိုက်သိမ်းနေတာ။ အခု အခြေအနေက စစ်တပ်က စခန်းထဲကအပြင်ထွက်မရဘူး။ ရိက္ခာတွေဆိုရင်လည်း ရဟတ်ယာဉ်နဲ့ လာချမှပဲ ရတော့တယ်” ဟု ဧရာဝတီသို့ ပြောသည်။ )) ကို ဖတ်မိတော့ အနောက်ဘက်ဒေသရဲ့ မိုးထဲ ရေထဲကိုစိတ်ကရောက်သွားပါတယ်။ အရင်ကဆို မိုးရာသီမှာ ဗျူဟာမြောက်တိုက်ပွဲကြီးတွေ ဆင်နွှဲခဲ့ပါတယ်။ မတော်တဆ ထိတွေ့တိုက်ပွဲလောက်သာ ဖြစ်တတ်တာပါ။ ခုတော့ ရာသီမရွေး၊ နယ်မြေမရွေး တိုက်ပွဲများဖြစ်နေပါပြီ။
မြေပုံထဲမှာ (ကြက်ယာကိုင်း)ဆိုတဲ့ရွာရဲ့ ကိုဩဒိနိတ်ရှာမရလို့မထည့်ထားပါဘူး။ကျန်နေရာတွေ ကို အနီမှတ်နဲ့ ပြထားပါတယ်။ မြေပုံအရကြည့်မယ်ဆိုရင်တော့ စကစအတွက်ပလက်ဝနဲ့ ပလက်ဝ တောင်ပိုင်းနယ်မြေတွေဆီ AA ရဲ့ဖိအား ဝင်နေပုံရပါတယ်။ ဒီနယ်မြေကို
ဘယ်သူက ဆက်ထိန်းထားနိုင် မယ် ချဲ့နိုင်မယ် ဆိုတာကိုတော့ လာမယ့်အချိန်တွေမှာစိတ်ဝင်တစားစောင့်ကြည့် ရတော့မှာဖြစ်ပါ တယ်။
မောင်တောမြောက်ပိုင်းက ခမောင်းဆိပ်မှာလည်း ၂၆ ရက်နေ့ကတိုက်ပွဲပြင်းထန်နေတယ်လို့ ဖတ်ရပါတယ်။ စကစ လက်နက်ကြီးတွေ အထိုင်ချထားတဲ့ခမောင်းဆိပ်ဗျူဟာကုန်းကို တိုက်နေပုံ ပါပဲ။ သိမ်းရတယ်လို့တော့ မဖတ်ရသေးပါဘူး။ဒီလထဲဖြစ်ခဲ့တဲ့ပွဲတွေကိုအဖြူမှတ်နဲ့ ပြထားပါတယ်။ တိုက်ပွဲတိုင်းလိုလိုမှာ စကစ က အကျဆုံးနဲ့လက်နက်ခဲယမ်းဆုံးရှုံးမှုများနေတာကို သတင်းတွေ ဓာတ်ပုံတွေဆီက သိရပါတယ်။
မြေပုံထဲမဆန့်လို့ မထည့်ထားတဲ့ တိုက်ပွဲဖြစ်စဉ်တစ်ခုက ၂၅ရက်နေ့က တောင်ကုတ်နယ်ထဲမှာဖြစ်သွားတဲ့ပွဲပါ။ တောင်ကုတ်ဆိုတာ သူ့အရှေ့ဘက်ကိုသွားရင် ရခိုင်ရိုးမကိုကျော်ဆင်းလိုက်တာနဲ့ ကပစ စက်ရုံတွေ တန်းစီရှိနေတဲ့ ပြည်လွင်ပြင်ကို ရောက်သွားနိုင်တဲ့ရခိုင်နဲ့ ပြည်မ ဝင်ပေါက်ထွက်ပေါက် လမ်းပါ။ ထူးဆန်းတာက တောင်ကုတ်ရဲ့ တောင်ဘက်လေးငါးဆယ်မိုင် လောက်သာဝေးတဲ့ ချောင်းသုံးခွရွာနားမှာ ဖြစ်တဲ့ တိုက်ပွဲက AAယာယီစခန်းချတာကို သိလိုက်လို့ စစ်တပ်က လိုက်တိုက်တဲ့ပွဲပါ။ အဲဒါကို AAကသတင်းကြိုရပြီး လမ်းဖြတ်တိုက်ပါတယ်။ စကစ ၁၄ ယောက်ကျဆုံးပြီးလက်နက်တွေရတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒီနေရာမှာ AA ရဲ့ သတင်းရယူနိုင်မှုမြန်ဆန်မှုကို တွေ့ရသလို စကစရဲ့ သတင်းပေါက်ကြားမှုကိုလည်း စိုးရိမ်ဖွယ်ရာတွေ့နေရပါတယ်။
နောက်တစ်ခုက မေယုမြစ်ဝက ရသေ့တောင်မြို့နားက သတင်းပါ။ ရသေ့တောင်ဗျူဟာမှူးက AA တပ်စခန်းတွေကို ၂၅ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာပေးဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီး သတိပေးတယ်ဆိုပါတယ်။ ရသေ့တောင်မြို့နယ်၊ပြားချောင်းကြီးအုပ်စုအတွင်းရှိသော ရက္ခိုင့် တပ်တော် AA ၏ စခန်းများနှင့်စစ်ဆေးရေးဂိတ်စခန်းနေရာများကို ဖြိုဖျက်ပေးဖို့နှင့် ဖယ်ရှားပေးဖို့ သြဂုတ်လ ၁၉ ရက်နေ့တွင်မြို့နယ်အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် ခေါ်ယူပြောကြားခဲ့ခြင်း ဖြစ်သည်။
ရသေ့ တောင်မြို့နယ်၊ ပြားချောင်းကြီးအုပ်စုအတွင်းရှိသော ရက္ခိုင့်တပ်တော် AA ၏စခန်းများ နှင့် စစ်ဆေးရေးဂိတ်စခန်းနေရာများကို ဖြိုဖျက်ပေးဖို့နှင့် ဖယ်ရှားပေးဖို့ သြဂုတ်လ၁၉ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် ခေါ်ယူပြောကြားခဲ့ခြင်းဖြစ်သည်လို့သတင်းတွေမှာ ပါပါတယ်။ မြေပုံမှာရှာကြည့်တော့ သတိပေးခံရလို့ ထွက်ပြေးနေကြရတဲ့ပြားချောင်းကြီးကျေးရွာအုပ်စုဟာ ရသေ့တောင်နဲ့ ချောင်းတစ်ဖက်ပဲခြားနေတာတွေ့ရပြီးအခြားသတင်းတွေအရ AA ဂိတ်ချထားတဲ့ နေရာဟာ မြို့အဝင် ချောင်းဖြတ်တံတားရဲ့
အနောက်ဘက်ခြမ်း ပြားချောင်းကြီးကျေးရွာထိပ်မှာ ဖြစ်နေတာမြင်ရပါတယ်။ ဒါဟာ သူ့ရဲ့စိုးမိုးထားနိုင်မှုကို မြင်ရတာပါပဲ။ ပြထားတာပါပဲ။
The Arakan Express News ရဲ့ August 23 at 8:00 PM · သတင်းမှာတော့ ဩဂုတ် ၂၃၊ AEN ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း အာဏာသိမ်းမြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော် AA တို့ကြား နှစ်ဖက်တင်းမာမှုများ မြင့်တက်နေပြီး၊ နှစ်ဖက်စစ်ကြောင်းများ ခပ်စိပ်စိပ် သွားလာလှုပ် ရှားနေကြကြောင်း ဒေသခံများထံက သိရသည်။ မြန်မာစစ်တပ်ဘက်ကဘူးသီးတောင်မြို့နယ်အတွင်း အရေးပါသည့် ခြေကုပ်စခန်းဖြစ်သည့် ကျောင်းတောင်စခန်းအားစွန့်ခွာခဲ့ရပြီး ဘူးသီးတောင် မြောက် ပိုင်းတွင် AA ၏ ပိတ်ဆို့မှု ခံထားရသည်။
ဘူးသီးတောင်မြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ကြား ထိပ်တိုက်ဖြစ်နေ၊နှစ်ဖက်စစ်ကြောင်း တစ်ဖာလုံခန့်သာ ကွာဝေးလျက်ရှိနေ လို့ရေးထား တာ ဖတ်ရပါတယ်။ဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ ကြိုသိဖို့ခက်ပါလိမ့်မယ်။ မိုးတွေလေတွေကတော့သည်းသည်းရွာတုန်း။ စစ်ကလည်း မနားဘဲဖြစ်နေတုန်းပါပဲ။
ပြည်သူအပေါင်း ဘေးရန်ကင်းရှင်း ကျန်းမာ၊ လောက်ငပြည့်စုံခြင်းရှိကြပါစေ။