ငှက်ပျောသီးနဲ့ ပစ်ပေါက်ပြီး လူမျိုးရေး ခွဲခြားတာ ခံခဲ့ရတဲ့ ရစ်ချာလီဆန်  

ဘရာဇီး လက်ရွေးစင် ဘောလုံးအသင်းရဲ့ တိုက်စစ်မှူး ရစ်ချာလီဆန်ဟာ ကွင်းထဲမှာ ငှက်ပျောသီးနဲ့ ပစ်ပေါက်ပြီး လူမျိုးရေး ခွဲခြားတိုက်ခိုက်မှုနဲ့ ကြုံတွေ့ခဲ့ပါတယ်။ 

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ ဘရာဇီးက တူနီးရှားကို ၅-၁ ဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။ တော့တင်ဟမ် ဟော့စပါး အသင်းမှာ ပါဝင်ကစားနေတဲ့ ဘရာဇီး တိုက်စစ်မှူးဟာ အဲဒီပွဲမှာ ဒုတိယဂိုးသွင်းပြီး အောင်ပွဲခံနေတုန်း ငှက်ပျောသီးနဲ့ ပစ်ပေါက် ခံခဲ့ရတာ ဖြစ်ပါတယ်။ 

ဒါဟာ မျောက်နဲ့ ခိုင်းနှိုင်းပြီး လူမျိုးရေး ခွဲခြားတဲ့ အပြုအမူတစ်ခု ဖြစ်တာကြောင့် ပွဲအပြီးမှာ ဘရာဇီး ဘောလုံးအဖွဲ့ချုပ်က အပြင်းအထန် ကန့်ကွက်ကြောင်း ကြေညာခဲ့ပါတယ်။ အရင်ကလည်း ဘရာဇီး လက်ရွေးစင်တွေ အပါအဝင် လူမည်းကစားသမား တချို့ဟာ ပုံစံတူ လူမျိုးရေး ခွဲခြား တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့ခဲ့ဖူးပါတယ်။ 

ဘရာဇီး ဘောလုံး အဖွဲ့ချုပ်က အခုဖြစ်စဉ်အပြီးမှာ လူမျိုးရေး ခွဲခြားမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေအတွက် ပိုမိုအားဖြည့် လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ပါတယ်။ ဘရာဇီး အသင်းဟာ ပွဲမစခင်မှာတောင် လူမျိုးရေး ခွဲခြားမှု တိုက်ဖျက်ရေး စာတမ်းတစ်ခုကို ကိုင်ဆောင်ပြီး ကွင်းထဲ ဝင်ခဲ့ပါသေးတယ်။ 

ဒီပွဲမှာ ကြမ်းတမ်းတဲ့ ကစားပုံကြောင့် တူနီးရှား အသင်းသား ဒိုင်လန် ဘရွန်းဟာ အနီကတ်ပြ ထုတ်ပယ် ခံခဲ့ရပါတယ်။ စိတ်အနှောင့်အယှက် ဖြစ်စရာတချို့ ကြုံခဲ့ပေမယ့်လည်း ဘရာဇီးဟာ ပြတ်သားတဲ့ နိုင်ပွဲမျိုး ရရှိခဲ့သလို တိုက်စစ်မှူး နေမာကလည်း ပင်နယ်တီကနေ ဂိုးသွင်းခဲ့တာကြောင့် လက်ရွေးစင် သွင်းဂိုး ၇၅ ဂိုးထိ ရရှိထားပြီဖြစ်ပြီး ဘရာဇီး ဂန္ထဝင် ပီလီရဲ့ စံချိန်ကို လိုက်မီဖို့ ၂ ဂိုးသာ လိုတော့တဲ့ထိ နီးကပ်လာပြီ ဖြစ်ပါတယ်။